BREAKING
January 11, 2025

တိုက်ပွဲကြောင့် မြိတ်-ပုလော ကားလမ်းပိတ်နေသဖြင့် စပိဘုတ်ဖြင့် သွားလာနေရ

October 20, 2024

တိုက်ပွဲကြောင့် မြိတ်-ပုလောလမ်းတွင် ကားများဖြတ်သန်းသွားလာ၍မရဘဲ ပိတ်မိနေသည့်အတွက် ခရီးသွားများက ရေကြောင်းမှ သွားလာနေကြကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။

ပုလော-မြိတ်လမ်းရှိ မီးလောင်ချောင်းရွာနှင့် ကြဲရွာတစ်ဝိုက်တွင် အောက်တိုဘာလ ၁၄ရက်နေ့မှစကာ စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လမ်းကြောင်းပြတ်တောက်နေခဲ့ သည်။

ထိုအခြေအနေကြောင့် စပိဘုတ် (အမြန်ရေယာဉ်) များဖြင့် ရေကြောင်းမှ သွားလာနေကြခြင်းဖြစ်သည်။

ထားဝယ်ဘက်မှ မြိတ်ဘက်သို့လာသည့် ခရီးသည်များက အကူအညီတောင်းခံရာက အမြန်ရေယာဉ်ဖြင့် ပြေးဆွဲဖြစ်ခဲ့ ကြောင်း အမြန်ရေယာဉ်ပြေးဆွဲနေသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ထိုသို့ စပိဘုတ်ဖြင့် ပြေးဆွဲရာတွင် ပုလောမှ မြိတ်မြို့သို့သွားသည့်ခရီးစဉ်အတွက် စပိဘုတ် စင်းလုံးငှားပါက ၁၆ ယောက်ကို ၁၈သိန်းဝန်းကျင် ဈေးပေါက်နေပြီး လူတစ်ဦးချင်းသွားလာပါက တစ်ဦးကို တစ်သိန်းနှစ်သောင်းကျပ်ဝန်းကျင် ပေးရ ကြောင်း စုံစမ်းသိရသည်။

“ပုလောလမ်းက ပိတ်နေတော့ တချို့က စုပေါင်းပြီးငှားကြလို့ သွားခေါ်ပေးရင်းကနေ အဲဒီလိုပြေးဆွဲဖြစ်သွားတာ။ ရေကြမ်းတဲ့ ရက်တွေဆိုရင်တော့သွားလို့ မရဘူး။ ဒီရေအတက်အကျနဲ့ ချိန်ဆပြီး ပုလောချောင်းထဲကို ဝင်ရတယ် ဆိုတော့လေ” ဟု အဆိုပါ နီးစပ်သူက ပြောသည်။

ပုလောချောင်းဝတွင်ရှိသည့် နတ်အိမ်ကြမ်းရွာရှိ စစ်ကောင်စီတပ်သားများကို သတင်းပို့ပြီးမှ သွားလာခွင့်ရနေပြီး ညအချိန်ကို ဖြတ်သန်းခွင့်မပေးကြောင်း အထက်ပါနီးစပ်သူနှင့် ခရီးသည်များက ဆိုသည်။

“အခုက ခရီးသွားလို့ရတဲ့ရာသီဆိုတော့ ရာသီဥတုက သိပ်မဆိုးဘူး။ စပိဘုတ်ကြီးရင်တော့ အဆင်ပြေတယ်။ သေးရင်တော့ လိုင်းဒဏ်ကြောင့် တော်တော်ခုန်နိုင်တယ်” ဟု စပိဘုတ်ဖြင့် သွားလာဖူးသည့် မြိတ်မြို့ခံတစ်ဦးက ပြောသည်။

ပုလော-မြိတ် ကားဖြင့်ခရီးစဉ်မှာ တစ်ဦးလျှင် ကျပ်တစ်သောင်းခွဲဝန်းကျင်၊ အိမ်စီးကားစင်းလုံးငှားပါက နှစ်သိန်းကျပ် ဝန်းကျင် စျေးရှိသဖြင့် စပိဘုတ်ဖြင့် သွားလာရာတွင် ကောက်ခံသည့်နှုန်းထားမှာ များပြားလွန်းနေကြောင်း ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။

စပိဘုတ်ပြေးဆွဲနေသည့် လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးကမူ ဓာတ်ဆီဈေးနှုန်းအပါအဝင် ခရီးစဉ်အကွာအဝေး အင်ဂျင်သက်တမ်း အကန့်အသတ်ရှိခြင်းစသည့် အချက်များကြောင့် ထိုကဲ့သို့ ကောက်ခံနေခြင်းဖြစ်သည်ဟု ဆိုသည်။

ပုလောနှင့် မြိတ်မြို့ကြားရှိကားလမ်းမှာ အောက်တိုဘာလ ၁၄ရက်နေ့မှစပြီး တိုက်ပွဲပြင်းထန်နေရာ ကုန်ကားများအပါအဝင် ခရီးသွားကား ရာချီ ပိတ်မိနေပြီး ကြဲရွာနှင့်အနီးတဝိုက်ရှိ ကျေးရွာ ရှစ်ရွာထက်မနည်းတွင်နေထိုင်သည့် ပြည်သူများ အရေးပေါ် စစ်ဘေးရှောင်နေရသည်။