ရေဖြူမြို့နယ် ဥဿရံရွာ မိုင်တိုင်အမှတ် ၂၂ အနီး ယာဉ်တိုက်မှုတွင် သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရထားကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၂၀ ရက် ညနေ ၆နာရီကျော်တွင် ရန်ကုန်မှ ကုန်စိမ်းတင်ဆောင်လာသည့် ၁၂ ဘီးယာဉ်နှင့် ထားဝယ်မှ လာသည့် Vigo အမျိုးအစား မော်တော်ယာဉ်တို့ မျက်နှာခြင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။
ယာဉ်တိုက်မှုကြောင့် Vigo ယာဉ်ပေါ် လိုက်ပါလာသည့် အမျိုးသား ခြောက်ဦးအနက် သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိထားကြောင်း ၎င်းက ဆိုသည်။
“ဒဏ်ရာရတဲ့သူတွေ အခု ကျွန်တော်တို့ သယ်လာနေပြီ။ နှစ်ဦးက သတိမေ့နေတယ်။ တစ်ဦးပဲ စကားပြောနိုင်တယ်” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။
သေဆုံးဒဏ်ရာရှိသူတို့မှာ ထားဝယ်မြို့နယ် မြေခံဘော်ရွာ ဇာတိဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ရုပ်အလောင်းများကို ကားခေါင်းခန်းထဲမှ ခက်ခက်ခဲခဲထုတ်ယူခဲ့ရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ဒဏ်ရာရှိသူသုံးဦးကို ထားဝယ်ဆေးရုံကြီသို့ ပို့ဆောင်ပေးထားပြီး ရုပ်အလောင်းတို့ကို ယနေ့ ည ၈နာရီခွဲတွင် ထားဝယ်ဆေးရုံကြီးသို့ သယ်ယူလာနေပြီဖြစ်ကြောင်း ရင်ခုန်သံသွေးလှူရှင်အဖွဲ့မှ တာဝန်ရှိသူ ဦးတင်ဝင်းက ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာသို့ ထားဝယ်မြို့ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ အရေးပေါ်ကားလေးစီးနှင့် ရင်ခုန်သံသွေးလှူရှင်များအဖွဲ့မှ အရေးပေါ်ကားသုံးစီးဖြင့်သွားရောက်ပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေကြောင်း အထက်ပါအဖွဲ့များထံမှ သိရသည်။