BREAKING
February 25, 2025

အစ္စရေး-ဟားမတ်စ် စစ်ပွဲမှာ ကာလရှည်စစ်ပွဲဖြစ်သွားနိုင်ဟု အစ္စရေးဝန်ကြီးချုပ်ဆို

October 20, 2023

A view shows the remains of a Palestinian house destroyed in Israeli strikes in the central Gaza Strip October 15, 2023. REUTERS/Mohammed Fayq Abu Mostafa

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု သည် ဟားမတ်စ်နှင့် အစ္စရေးစစ်တပ်တို့အကြားတွင် ဖြစ်ပွားနေသည့်စစ်ပွဲမှာ ကာလရှည်ကြာ စစ်ပွဲအသွင် ဖြစ်သွားနိုင်သည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

စစ်ပွဲတွင်အီရန်က ပါဝင်ရန် ဟန်ပြင်လာခြင်းသည် အခြေအနေအရပ်ရပ်ကို ရှုပ်ထွေးစေနိုင်ကြောင်း နေတန်ညာဟုက အသိပေးထားပြီး လက်ရှိတွင် ဂါဇာဒေသအတွင်း အကြမ်းဖက်မှုပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းက ရှည်လျားလှသည့်စစ်ပွဲ ဖြစ်ပွားရန် ဦးတည်လာစေသည်ဟု ၎င်းက မှတ်ချက်ပေးသွားခဲ့သည်။

နေတန်ညာဟု သည် ဗြိတိန်ဝန်ကြီးချုပ် ရီရှိ ဆူနတ်ခ်နှင့်အတူ ယှဉ်တွဲ၍ မီဒီယာများနှင့်တွေ့ဆုံချိန်တွင် ယင်းသို့ပြောသွားခဲ့ခြင်းဖြစ်သည်။

ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေး၏မဟာမိတ်အင်အားစုနိုင်ငံများကိုမူ အစ္စရေးဘက်က ရပ်တည်ကာ ဟားမတ်စ်များကို တိုက်ခိုက်နိုင်ရန် ပံ့ပိုးကူညီပေးနေသည့်အတွက် ကျေးဇူးတင်ကြောင်းလည်း နေတန်ညာဟုက အသိပေးသွားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု သည် အစ္စရေးစစ်တပ်နှင့် ဟားမတ်စ်တို့အကြားတွင် ဖြစ်ပွားနေသော လက်ရှိစစ်ပွဲက ကာလရှည်စစ်ပွဲအသွင်သို့ ကူးပြောင်းရောက်ရှိသွားသည်နှင့်တပြိုင်နက် ခက်ခဲမှုပေါင်းများစွာသည်လည်း တပြိုင်နက်တည်း လိုက်ပါလာလိမ့်မည်ဟု သတိပေးသွားခဲ့ပြီး လက်ရှိစစ်ပွဲမှာ ကမ္ဘာသစ်၏စစ်ပွဲဖြစ်နေသည်ကို သဘောပေါက်နားလည်ရန် လိုအပ်သည်ဟု နေတန်ညာဟုက ထပ်လောင်းပြောကြားသွားခဲ့သေးသည်။

“ကျွန်တော်တို့ရဲ့အစ္စရေးအတွက် အမှောင်မိုက်ဆုံးသော အချိန်နာရီတွေပါပဲ။ ကမ္ဘာကြီးအတွက်လည်း အမှောင်မိုက်ဆုံးသော အချိန်နာရီတွေ ဖြစ်နေပါလိမ့်မယ်။ ဒါဟာ အစ္စရေးရဲ့တိုက်ပွဲသက်သက်လို့ မှတ်ယူနေရင်တော့ မှားသွားပါလိမ့်မယ်။ ဒါဟာ ယဉ်ကျေးတိုးတက်လာတဲ့ ကမ္ဘာကြီးရဲ့တိုက်ပွဲပါ။ ဒါဟာ အစ္စရေးရဲ့တိုက်ပွဲ၊ ခေတ်သစ်အာရပ်ကမ္ဘာရဲ့တိုက်ပွဲ၊ အနောက်တိုင်းယဉ်ကျေးမှုလူ့အဖွဲ့အစည်းရဲ့တိုက်ပွဲ၊ လွပ်လပ်တဲ့ကမ္ဘာရဲ့တိုက်ပွဲ၊ အနာဂတ်အတွက် တိုက်ပွဲ ဖြစ်နေပါတယ်”ဟု နေတန်ညာဟုက အသိပေးသွားခဲ့သည်။