ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲတွင်ရှိသော မူးဒူးရွာက နေအိမ်များ မီးရှို့ခံနေရကြောင်း ဒေသခံများကပြောသည်။
ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက်အစောပိုင်းကတည်းကစပြီး စစ်ကောင်စီတပ်က မီးရှို့နေခြင်းဖြစ်ကြောင်း မူးဒူးရွာ ဒေသခံတစ်ဦးက ဆိုသည်။
“အရေအတွက် အတိအကျမသိရသေးဘူး။ လောလောဆယ် ငါးဆောင်လောက်ပဲ သိထားတယ်” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းသည် အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းကစပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ထို့ကြောင့် မူးဒူးရွာက ဒေသခံအများစုမှာ နေအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင့် ဒေသခံများထံမှ သိရသည်။
“ဒီမနက် မူးဒူးဖက်က မီးခိုးတွေတက်နေတာ ကျွန်မတို့မြင်ရတယ်” ဟု နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကြောင်းဝင်လာသောကြောင့် ဧကနိ၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ရငဲ၊ ဝါးဇွမ်းတော၊ ရလိုင်၊ ပုဂေါဇွန်း စသည့် ကျေးရွာများမှ ဒေသခံများလည်း စစ်ဘေးရှောင်နေကြရသည်။
စစ်ကောင်စီတပ်သည် ရေဖြူအနောက်ဖက်ကမ်း ကျေးရွာများကို စက်တင်ဘာလ နောက်ဆုံးပတ်မှ အောက်တိုဘာ ၁၉ ရက်အတွင်း စစ်ကြောင်းထိုးနေသည်မှာ သုံးကြိမ် ရှိပြီဖြစ်သည်။