တစ်လကျော်ကြာ ငါးဖမ်းခွင့် ပိတ်ခံထားရသည့် ပုလောမြို့နယ်တွင် ငါးဖမ်းလှေငယ်များကို နေရာအကန့်အသတ်ဖြင့် ပြန်ဖမ်းခွင့်ပြုလိုက်ကြောင်း ဒေသခံများ ထံမှသိရသည်။
ပုလောမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်နေ့မှစပြီး ငါးဖမ်းလှေငယ်များ ပင်လယ်ပြင်မထွက်ရန် စစ်ကောင်စီရေတပ်မှ နှုတ်မိန့်ဖြင့်ပိတ်ပင်ခဲ့ပြီး တစ်လကျော်အကြာ အောက်တိုဘာ ၁၈ ရက်ကစတင်ပြီး ပြန်လည်ဖမ်းဆီးခွင့် ပြုပေးခဲ့သည်ဟု ဒေသခံများ ကပြောသည်။
“ရေလုပ်သားတွေ အားလုံးက ရာအိမ်မှူးတွေကတစ်ဆင့် ဝိုင်းပြီး တင်ပြတောင်းဆိုတော့ တမြန်နေ့ကခွင့်ပြုချက်ရတယ်။ လက်ရှိတော်တော်များများက ပြန်ထွက်ဖမ်းနေကြပြီ။ မထွက်ရသေးတဲ့ လှေတွေလည်းရှိနေကြတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။
ပြန်လည်ဖမ်းဆီးခွင့်ပြုရာတွင် ရေတပ်စစ်သင်္ဘောများ ရပ်နားထားသည့် နေရာအနီးသို့ လာရောက်ဖမ်းဆီးခွင့် မပြုကြောင်း ဒေသခံများကဆိုသည်။
“လုံးဇယာကျွန်းဘက်ကိုတော့ လာခွင့်မပေးဘူး။ အဲဒီဘက်မှာ ရေတပ်သင်္ဘောတွေ စောင့်နေကြတယ်”ဟု ဒေသခံနောက်တစ်ဦး ကလည်းပြောဆိုသည်။
လုံးဇယာကျွန်း၏ အရှေ့ဖက်တွင် လက္ကူး၊ကဒဲကျေးရွာအုပ်စုရှိပြီး ကဒဲချောင်းအတွင်းရှိ ငါးဖမ်းလှေငယ်အချို့မှာ မထွက်ရဲကြသေးဟု ဒေသခံတစ်ဦးကပြောသည်။
“ကဒဲချောင်းကထွက်တာနဲ့ လုံးဇယာကျွန်းပဲ။အဲဒီမှာ သင်္ဘောရှိနေတယ်ဆိုတော့ တစ်ချို့ဆို မထွက်ရဲကြသေးဘူး”ဟု ကဒဲဒေသခံအမျိုးသား ကပြောသည်။
ငါးဖမ်းခွင့်ပိတ်ခံရသည့် တစ်လကျော်အတွင်း အရဲစွန့်ပြီး ထွက်ဖမ်းကြသူများ
ကို ရေတပ်စစ်သင်္ဘောမှ သေနတ်ဖြင့် လိုက်ပစ်သည့် ဖြစ်စဥ်များလည်း ရှိခဲ့သလို ဖမ်းဆီးရိုက်နှက်ခံရမှုများလည်း ရှိခဲ့သည်။
“ထမင်းတစ်လုပ်စားရဖို့ အသက်တစ်ချောင်းနဲ့ ရင်းထားတာ မတန်ဘူး”ဟု ငါးဖမ်းလှေ လုပ်ကိုင်သူကပြောသည်။
ယင်းကြောင့် ငါးဖမ်းလှေတစ်ချို့မှာ မြိတ်နှင့် ကျွန်းစုဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရကြောင်းလည်း ဒေသခံများ ထံမှသိရသည်။
ပုလောမြို့နယ်၊ပင်လယ်ကမ်းရိုးတန်းရှိ လက္ကူးကျေးရွာအုပ်စုအတွင်း ပြီးခဲ့သည့် စက်တင်ဘာလက နှစ်ဘက်တိုက်ပွဲ ရက်ရှည်ဖြစ်ပွါးခဲ့ပြီး တိုက်ပွဲအတွင်း ရေတပ်စစ်သင်္ဘောများပါ ပါဝင်တိုက်ခိုက်ခဲ့ရသည်။
လက်ရှိတွင် ပုလောပင်လယ်ပြင်၌ ရေတပ်စစ်သင်္ဘောငါးစီးခန့်ရှိနေပြီး
ငါးဖမ်းလှေငယ်များကို စောင့်ကြည့်လျက်ရှိနေကြောင်း ဒေသခံများ ထံမှသိရသည်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ပုလောမြို့နယ်ရှိ ဒေသခံများမှာ တံငါလုပ်ငန်း အများဆုံးလုပ်ကိုင်ကြပြီး လယ်ယာနှင့် ဥယျာဥ်ခြံများလည်း လုပ်ကိုင်ကြသည်။