BREAKING
September 20, 2024

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

September 20, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ

ဘင်္ဂလားဒေရှ့်တွင် မြေပြိုမှုကြောင့် ၆ ဦးထက်မနည်းသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ စက်တင်ဘာ ၁၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ပါတယ်။

နိုင်ငံရှိ Cox’s Bazar ခရိုင်ထဲ ၃ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းပြီးတဲ့နောက် မြေပြိုမှုတွေ ဖြစ်လာတာပါ။

မြေပြိုမှုက Cox’s Bazar ခရိုင်ထဲက ဒုက္ခသည်စခန်းတွေမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မြေပြိုမှုကြောင့် သေဆုံးသူတွေထဲ ရိုဟင်ဂျာဒုက္ခသည် ၃ ဦးလည်း ပါဝင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

အများစုက တောင်ကုန်းပေါ်မှာ နေကြတာများလို့ မြေပြိုမှုဖြစ်တဲ့အချိန် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: The Star

………………………………..

ယူကရိန်းနဲ့ ရုရှား အကျဉ်းသား ၂၀၆ ဦး လဲလှယ်

ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံတို့က စက်တင်ဘာလ ၁၄ ရက်နေ့က အကျဉ်းသား ၂၀၆ ဦးကို လဲလှယ်ခဲ့ကြပါတယ်။

အကျဉ်းသားလဲလှယ်ဖို့ ယူအေအီးနိုင်ငံကနေ ကြားဝင်ညှိနှိုင်းပေးခဲ့တာပါ။

ယူကရိန်း အကျဉ်းသား ၁၀၃ ဦးစလုံးက စစ်ဘက်တာဝန်ထမ်းဆောင်နေသူတွေဖြစ်ပြီး တပ်သား ၈၂ ဦးနဲ့ အရာရှိ၂၁ ဦး ပါဝင်တယ်လို့ သမ္မတဇလန်းစကီးက ပြောကြားပါတယ်။

ယူကရိန်းတွေက ရုရှားပိုင် ကာစ့်ဒေသထဲ သြဂုတ်လက ဝင်ရောက်ကျူးကျော်ခဲ့တဲ့အချိန် အဖမ်းခံခဲ့ရတဲ့ ရုရှားစစ်သား ၁၀၃ ဦးနဲ့ ပြန်လဲခဲ့တယ်လို့ ရုရှားဘက်က ထုတ်ပြန်ပါတယ်။

ဒီလဲလှယ်မှုက ၂၀၂၄ ခုနှစ်မှာ ၈ ကြိမ်မြောက်အနေနဲ့ ယူအေအီးက ကြားဝင်ညှိနှိုင်းမှုကြောင့် ဖြစ်ပါတယ်။

Ref: BBC

………………………………..

ဥရောပတွင် မိုးကြီးရေလျှံမှုကြောင့် အနည်းဆုံ ၂၃ ဦး သေဆုံး

ဥရောပအလယ်ပိုင်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့ကနေစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ နေရာတော်တော်များများ ရေဘေးသင့်နေချိန် အနည်းဆုံး ၂၃ ဦး သေဆုံးခဲ့ပါတယ်။

ချက်သမ္မတနိုင်ငံ၊ ပိုလန်၊ ရိုမေးနီးယားနဲ့ ဩစတြီးယားနိုင်ငံတွေမှာ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးကြီးမှုထဲ လူတွေ သေဆုံးခဲ့ကြတာပါ။

ချက်သမ္မတနိုင်ငံနယ်စပ်မှာ လူပေါင်းထောင်ချီ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြရသလို သြစတြီးယားနိုင်ငံမှာလည်း ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်သမားတွေပါ သေဆုံးခဲ့ကြပါတယ်။

ချက်သမ္မတနဲ့ ပိုလန်နိုင်ငံတွေက နေရာတစ်ချို့မှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံးရေဘေးဒဏ်နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ချက်နိုင်ငံမှာ မိုးသက်လေပြင်းဒဏ်ကြောင့် နေအိမ် ၂ သိန်းခွဲလောက် လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့သလို မြစ်တွေထဲ ကားတွေပါ စီးမျောပါသွားခဲ့ပါသေးတယ်။

အီတလီနိုင်ငံမှာလည်း မိုးကြီး ရေကြီးဒဏ်ကြောင့် လူပေါင်း ထောင်နဲ့ချီ ဘေးလွတ်ရာ ပြောင်းရွှေ့ထားရပါတယ်။

Ref: BBC

………………………………..

တရုတ်ကို အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Bebinca က စက်တင်ဘာလ ၁၆ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

ဒီမုန်တိုင်းဟာ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီကို ၉၄ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တာပါ။

ပြည်သူပေါင်း ၄ သိန်းကျော်ကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။

ဒါဟာ ၁၉၄၉ ခုနှစ်က ရှန်ဟိုင်းကိုဝင်ရောက်ခဲ့တဲ့ Gloria တိုင်ဖွန်းမုန်တိုင်းနောက်ပိုင်း အင်အားအပြင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၁၄၀၀ ကျော်ကိုရပ်ဆိုင်းခဲ့ရပြီး ရထားခရီးစဉ်တွေကိုလည်း ရပ်နားခဲ့ရပါတယ်။

ရှန်ဟိုင်းမြို့က တရုတ်နိုင်ငံတောင်ဘက် ကုန်းတွင်းပိုင်းမှာရှိတဲ့အတွက် မုန်တိုင်းတိုက်ရိုက် ဝင်ရောက်တိုက်ခတ်တာ နည်းပါးတယ်လို့သိရပါတယ်။

Ref: NPR

………………………………..

ဂျာမနီနယ်စပ် စစ်ဆေးမှု တင်းကြပ်

ဂျာမနီနိုင်ငံထဲ ဝင်ရောက် ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ရွှေ့ပြောင်းအရေအတွက်ကို လျှော့ချနိုင်ဖို့ နယ်စပ်တလျှောက်မှာ စတင် စစ်ဆေးတင်းကြပ်ခဲ့ပါတယ်။

ဒီတင်းကြပ်မှုနဲ့ ပက်သက်လို့ အိမ်နီးချင်းနိုင်ငံအတော်များများကတော့ ဝေဖန်ခဲ့ကြတာပါ။

ဥရောပသမဂ္ဂနိုင်ငံတွေကြား ထားရှိတဲ့ လွတ်လပ်စွာသွားလာခွင့် အခြေခံမူကို ထိခိုက်စေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်လာတဲ့ ရထားနဲ့ ကားတွေပေါ်က ခရီးသည်တွေကို တရားမဝင်လာတဲ့ ရွှေ့ပြောင်းသူတွေဟုတ်မဟုတ် ဂျာမနီနယ်ခြားစောင့်တပ်တွေက စက်တင်ဘာလ ၁၆ ရက်နေ့က စလို့ စစ်ဆေးခဲ့တာပါ။

စစ်ဆေးတင်းကြပ်မှုက အနည်းဆုံး ၆ လကြာမြင့်မယ်လို့ ဆိုပါတယ်။

တရားမဝင် ဝင်ရောက်တယ်လို့ သံသယရှိတဲ့ နေရာတွေက ယာဉ်တွေကို ပစ်မှတ်ထား စိစစ်နေတယ်လို့ ဂျာမနီရဲတပ်ဖွဲ့က ဆိုပါတယ်။

Ref: DW

………………………………..

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် ဒုတိယအကြိမ်လုပ်ကြံခံရ

အမေရိကန်ပြည်ထောင်စုရဲ့သမ္မတလောင်းဖြစ်တဲ့ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၁၅ ရက်နေ့က ဖလော်ရီဒါပြည်နယ်က ဂေါက်ကွင်းမှာ ဒုတိယအကြိမ် လုပ်ကြံခံခဲ့ရပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ ဒုတိယအကြိမ် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

သူ့ကို ဖလော်ရီဒါပြည်နယ်က ဂေါက်ကွင်းမှာ ရုရှားနိုင်ငံထုတ် AK 47 သေနတ်နဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့တာပါ။

လုပ်ကြံဖို့ ကြိုးပမ်းခဲ့သူဟာ ဒေါ်နယ်ထရမ့်ကို ဂေါက်ကွင်းထဲမှာ ပစ်ခတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ပစ်ခတ်ပြီးနောက် ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့်လည်း လုပ်ကြံခဲ့တဲ့ သက် ၅၈ နှစ်အရွယ် Ryan Wesley Routh ကို နောက်ပိုင်း အဝေးပြေးလမ်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

လုပ်ကြံဖို့ ကြိုးပမ်းသူရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ဖို့ လူမှုကွန်ရက် အကောင့်တွေ၊ ဖော်ပြချက်တွေကို စုံစမ်းစစ်ဆေးသူတွေ မွှေနှောက်ရှာဖွေစစ်ဆေးနေတုန်းဖြစ်ပါတယ်။

Ref: NBC News

………………………………..

လက်ဘနွန်တွင် ဆက်သွယ်ရေးပစ္စည်းတွေ ပေါက်ကွဲမှုကြောင့် ဟစ်ဘိုလာ ၃၇ ဦး သေဆုံး

လက်ဘနွန်နိုင်ငံမှာ ဟစ်ဘိုလာအဖွဲ့ဝင် အများစုကိုင်ဆောင်တဲ့ ပေဂျာနဲ့ ဝေါ်ကီတော်ကီလို အရေးပေါ် အချက်ပေး သတင်းပို့ကိရိယာတွေ စက်တင်ဘာ ၁၇ ရက်နေ့ကစလို့ တပြိုင်တည်း ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၇ ဦး သေဆုံးခဲ့ပါတယ်။

နောက်ထပ် လူပေါင်း ၃၀၀၀ လောက်ဒဏ်ရာရရှိခဲ့တာပါ။

ဒီလုပ်ရပ်က အစ္စရေးဘက်က လုပ်ခဲ့တာလို့ ဟစ်ဘိုလာဘက်က စွပ်စွဲထားပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့စစ်ဖြစ်နေတဲ့ ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို သူတို့အနေနဲ့ ဆက်လက် ပံ့ပိုးပေးသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။

ဒီလုပ်ရပ်အတွက် အစ္စရေးဘက်က ပြင်းပြင်းထန်ထန် လက်စားချေသွားမယ်လို့ သတိပေးထားပါသေးတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အစ္စရေးဘက်က တစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိခဲ့ပါဘူး။

Ref: NBC News

………………………………..

အမေရိကန်တွင် တံတားကို ဝင်တိုက်ခဲ့သော သင်္ဘောပိုင်ရှင်ကို တရားစွဲ

အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်က ဘော်လ်တီမိုးတံတားကို ဝင်တိုက်ခဲ့တဲ့ ကုန်တင်သင်္ဘောရဲ့ ပိုင်ရှင်နဲ့ မန်နေဂျာတို့ကို အမေရိကန် တရားရေးဌာနက စက်တင်ဘာလ ၁၈ ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။

ဒါလီကုန်တင် သင်္ဘောက ဘော်လ်တီမိုးတံတားကို ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့တုန်းက ဝင်တိုက်မိခဲ့လို့ တံတားကျိုးကျ ပျက်စီးသွားခဲ့ရတာပါ။ လူပေါင်း ၆ ဦးလည်း သေဆုံးခဲ့ပါတယ်။

သင်္ဘောက လျှပ်စစ်နဲ့ စက်ပိုင်းဆိုင်ရာထိန်းသိမ်းမှုကို တိတိကျကျ မလုပ်ထားလို့ စွမ်းအင်ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။

သင်္ဘောက လမ်းကြောင်းကို ရှောင်လွှဲလို့ ရပေမဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။

ဒါလီသင်္ဘောရဲ့ ပိုင်ရှင် Grace Ocean နဲ့ Synergy Marine Group တို့ကို အမှုဖွင့်လိုက်တာဖြစ်ပြီး ဒီလုပ်ငန်းကြီး နှစ်ခုလုံးက စင်္ကာပူနိုင်ငံက ဖြစ်ပါတယ်။

ဘော်လ်တီမိုးမြို့ရဲ့ ဆိပ်ကမ်း ပြန်လည်ဖွင့်လှစ်ရေးနဲ့ ရေအောက်က အပျက်အစီးတွေကိုရှင်းလင်းဖို့ အစိုးရက ဒေါ်လာ သန်း ၁၀၀ ကျော်သုံးခဲ့ရတာကို ပြန်ရဖို့ တရားစွဲတာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

အမေရိကန်နဲ့ ယူကရိန်းသမ္မတနှစ်ဦး တွေ့ဆုံမယ်

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ဟာ လာမယ့် စက်တင်ဘာ ၂၆ ရက်မှာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ သမ္မတအိမ်ဖြူတော်မှာတွေ့ဆုံသွားဖို့ ရှိပါတယ်။

ယူကရိန်း- ရုရှား စစ်ပွဲဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိတယ်လို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ထားတာပါ။

ယူကရိန်းသမ္မတဟာ ဒုတိယသမ္မတ ကယ်မလာ ဟဲရစ်နဲ့လည်း သီးခြားတွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။

ယူကရိန်းရဲ့ မဟာဗျူဟာအစီအစဉ်တွေနဲ့ ရုရှားကျူးကျော်မှုကို တွန်းလှန်ဖို့ အမေရိကန်ရဲ့ လက်နက် ပံ့ပိုးကူညီနိုင်မှုတွေကို ထည့်သွင်းဆွေးနွေးမယ်လို့ ဆိုပါတယ်။

ယူကရိန်းကိုလည်း သူ့ရဲ့ တိုက်ပွဲ အောင်မြင်တဲ့အထိ ခိုင်ခိုင်မာမာရပ်တည်သွားမှာဖြစ်ကြောင်း ပြောကြားဖို့ရှိတယ်လို့ ဆိုပါတယ်။

Ref: AP

………………………………..

အာကာသထဲ ပထမဆုံးအကြိမ် တယောထိုး

SpaceX ကုမ္ပဏီရဲ့ Polaris Dawn အာကာသခရီးစဉ်မှာ အင်ဂျင်နီယာအဖြစ် လိုက်ပါခဲ့တဲ့ ဆာရာဂီးလစ်ဟာ အာကာသထဲမှာ ပထမဆုံး တယောထိုးဖျော်ဖြေသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ဆာရာဂီးလစ်က Star Wars: The Force Awakens ထဲမှ ဂျွန်ဝီလျံရဲ့ Rey’s Theme သီချင်းကို တယောထိုးခဲ့တာပါ။

အာကာသယာဉ်ထဲမှာ ဆွဲငင်အားကင်းမဲ့နေတဲ့အနေအထားနဲ့တယောထိုးခဲ့တာဖြစ်ပြီး Harmony of Resilience လို့ အမည်ပေးထားတဲ့ တေးသီချင်းဗီဒီယိုထဲမှာ တီးခဲ့တာဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို စက်တင်ဘာလ ၁၃ ရက်နေ့က ဖြန့်ချိခဲ့ပြီး တကမ္ဘာလုံး စည်းလုံးညီညွတ်ရေးနဲ့ မျှော်လင့်ချက်ရှင်သန်ရေးကို ရည်ရွယ်ဖန်တီးခဲ့တယ်လို့ ဆိုထားပါတယ်။

Ref: new york post

………………………………..