BREAKING
September 20, 2024

ပုလော ရှပ်ပုံရွာအုပ်စု နေအိမ်မီးရှို့ခံရမှုတွင် မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်းနှစ်လောင်းတွေ့

September 20, 2024

ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာအုပ်စု၌ နေအိမ်များ မီးရှို့ခံရရာတွင် မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်း နှစ်လောင်းကို တွေ့ရှိကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၈ ရက်တွင် ရှပ်ပုံကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းနောက် အရပ်သားနေအိမ်သုံးလုံးကို စစ်တပ်က မီးရှို့ခဲ့ပြီး စက်တင်ဘာလ ၁၉ ရက် နံနက် ၄ နာရီခန့်တွင်လည်း ရှပ်ပုံရွာ အုပ်စုထဲက မီးလောင်အော်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၃၁ လုံး မီးလောင် ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။

စက်တင်ဘာလ ၁၉ ရက်တွင်ပင် ပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် ရှပ်ပုံရွာက နေအိမ် ပြာပုံထဲတွင် မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်းတစ်လောင်းတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါရုပ်အလောင်းမှာ စိတ်ဝေဒနာသည် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

“အိမ်ရှေ့မှာ ရိုက်နှက်ထားတဲ့ သွေးကွက်တွေ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ရှပ်ပုံရွာတွင် တွေ့ရှိသည့် အလောင်းနှင့်ပတ်သက်၍ ဒေသခံများကို ဆက်သွယ်မေးမြန်းရန် အတည်ပြုနိုင်ရန်လည်း ကြိုးပမ်းနေဆဲဖြစ်သည်။

ယင်းအပြင် မီးလောင်အော်ရွာတွင်လည်း မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်းတစ်လောင်း တွေ့ရှိပြီး အဆိုပါ ရုပ်အလောင်းမှာ အသက် ၇၀ ကျော်အရွယ် ဒေါ်ဖွားပု ဆိုသူဖြစ်ကြောင်း ရဲဘော်အာနိုးက ဆိုသည်။

စစ်ကောင်စီတပ်သည် ရှပ်ပုံရွာနှင့် မီးလောင်အော်ရွာတို့က ဒေသခံ ၄၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၈ ရက်က ရှပ်ပုံရွာတိုက်ပွဲတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဘက်ကလည်း တစ်ဦး သေဆုံးကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း ၇ တပ်ခွဲ(၅) တပ်ခွဲမှူး စောဗဟုက စက်တင်ဘာလ ၁၉ရက်က ပြောဆိုထားသည်။

ရှပ်ပုံကျေးရွာအုပ်စုတွင် မီးလောင်အော်၊ ဝါးတန်းရပ်ကွက်၊ အထဲစု၊ သမုတ်တောင်ရွာ၊ ဖိုးရှမ်းကမ်းခြေရွာများရှိပြီး ထိုရွာများသည် ရေလမ်းကြောင်း အသုံးပြုနိုင်သည့် ပင်လယ်ရွာများဖြစ်သည်။

အဆိုပါကျေးရွာများကို ပြည်သူ့ကာကွယ်ရေး တပ်များက စိုးမိုးထားသဖြင့် စစ်ကောင်စီတပ်က နယ်မြေပြန်လည် ထိန်းချုပ်လိုသဖြင့် စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း စောဗဟုက ပြောဆိုသည်။