BREAKING
September 20, 2024

မောင်မယ်ရှောင်ရွာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် နေအိမ်များကိုမီးရှို့

September 20, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအဝင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ စက်တင်ဘာလ ၂၀ ရက် နံနက် ၉ နာရီဝန်းကျင်တွင် PDF အဖွဲ့တစ်ဖွဲ့က လာရောက်တိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် PDF အဖွဲ့ ဆုတ်ခွာသွားချိန်တွင် တိုက်ခိုက်ခံရသည့် နေရာအနီးဝန်းကျင်ရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

မီးရှို့ခံရသည့် နေအိမ်အရေအတွက်ကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

“သူတို့က ရွာအဝင်မှာ တပ်စွဲထားတယ်။ ဒီမနက် လာပစ်တော့ တိုက်ပွဲဖြစ်တယ်။ ရွာအဝင်က လက်သံကြက်ဘုရားနားမှာ လို့ပြောတယ်။ အခု မီးခိုးတက်နေတာက (ရွာအဝင်အနီး) ဆေးခန်းအနားမှာ မဟုတ်ရင် ရွာအလယ်ပိုင်းလောက်ကပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်မှာ ပြီးခဲ့သည် ဇူလိုင်လမှစတင်ကာ မောင်မယ်ရှောင်ရွာတွင် တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မောင်မယ်ရှောင်ရွာရှိ စစ်ကောင်စီတပ်ကို မည်သည့် PDF အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေးပေ။

မောင်မယ်ရှောင်ရွာနှင့် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များအကြား မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

ထိတွေတိုက်ပွဲဖြစ်ပြီးနောက် မောင်မယ်ရှောင်ရွာနှင့် ရွာအနီးပတ်ဝန်းကျင်တို့တွင် စစ်ကောင်စီတပ် ဝင်ရောက်ကာ ဒေသခံ များ၏ နေအိမ်များကို မီးရှို့သည့်အပြင် ဒေသခံများ၏ အဖိုးတန်ပစ္စည်းများကိုလည်း ယူဆောင်သွားလေ့ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လကစ၍ ယနေ့အထိ မောင်မယ်ရှောင်နှင့် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဇူလိုင်နှင့် ဩဂုတ်လတို့အတွင်း ဒေသခံပြည်သူများ၏ နေအိမ် ၂၀ ကျော် လည်း မီးရှို့ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ပြီးခဲ့သည့် ဧပြီလမှစတင်ကာ မောင်မယ်ရှောင်ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်နေရကြောင်း ဒေသခံတို့က ဆိုသည်။