BREAKING
September 20, 2024

စီးပွားရေး အကျပ်အတည်းကြား သီရိလင်္ကာရွေးကောက်ပွဲ မနက်ဖြန် ကျင်းပမည်

September 20, 2024

တရုတ်ကြွေးမြီနှင့် စီးပွားရေး ပြဿနာကြားမှ သီရိလင်္ကာနိုင်ငံ၌ သမ္မတရွေးကောက်ပွဲ စက်တင်ဘာလ ၂၁ ရက်နေ့တွင် (မနက်ဖြန်) ကျင်းပတော့မည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ရပ်နစ်လ် ဝစ်ကရာမက်ဆင်ဂေသည် ပြိုင်ဘက်ဖြစ်သည့် လက်ဝဲယိမ်းပါတီနှစ်ခုမှ ကိုယ်စားလှယ်နှစ်ယောက်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိသည်။ ယခုရွေးကောက်ပွဲရလဒ်သည် လက်ရှိသမ္မတရပ်နစ်လ် ဦးဆောင်ကြိုးပမ်းလျက်ရှိသည့် တိုင်းပြည်စီးပွားရေး နာလန်ထမှုကံကြမ္မာအပေါ် ဆုံးဖြတ်ပေးသွားနိုင်ခြေ ရှိသည်။

သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးသည် ဒေါ်လာငွေရှားပါးပြတ်လပ်သွားမှုကြောင့် ၂၀၂၂ ခုနှစ်တွင် လုံးဝပြိုလဲသွားခဲ့သည်။ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်နေသော ငွေကြေးဖောင်းပွမှု၊ ချုံးချုံးကျ အားနည်းနေသော နိုင်ငံ့ငွေကြေးစနစ်နှင့် ၆၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည့် မီတာဈေးနှုန်းတို့ကြောင့် ရုန်းကန်ရှင်သန်နေကြရသည့် ပြည်သူလူထုအများစုအတွက် စီးပွားရေးပြဿနာမှာ အဓိကပြဿနာများ အနက် တစ်ခုအဖြစ် ရှိနေသည်။

ပြီးခဲ့သည့်လတွင် ငွေကြေးဖောင်းပွမှုနှုန်း ၀.၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး တိုင်းပြည်၏ ဂျီဒီပီမှာ ယခုနှစ်တွင် တက်ရိပ်ပြလာမည်ဟု ခန့်မှန်းထားသော တိုင်းပြည်၏ လူအများစုမှာ ဆင်းရဲတွင်းထဲ အကြွေးနွံနစ်ကာ ရုန်းကန်နေကြရဆဲ ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် အနိုင်ရမည့်သမ္မတသည် ၎င်းတို့ဘဝအတွက် ပိုကောင်းသည့်အနာဂတ် ယူဆောင်လာပေးလိမ့်မည်ဟု ပြည်သူအများစုက ယုံကြည်မျှော်လင့်နေကြသည်။

သီရိလင်္ကာနိုင်ငံ၏ အစဉ်အလာရွေးကောက်ပွဲများတွင် ပြည်သူအများစု၏ မဲပေးရွေးချယ်မှုမှာ လူမျိုးရေး၊ ဘာသာရေးအရောင်လွှမ်းလေ့ရှိသော်လည်း ယခုရွေးကောက်ပွဲတွင်မူ တိုင်းပြည်၏ စီးပွားရေးပြဿနာအပေါ် အခြေခံ၍ မဲပေးရွေးချယ်ကြတော့မည့်ပုံပေါ်နေသည်။

တရုတ်ကြွေးမြီပြဿနာဖိစီးခံနေရသည့် နိုင်ငံ့စီးပွားရေး သည် ၂၀၂၂ ခုနှစ်တွင် လုံးဝပြိုလဲသွားခဲ့သည်။ လူထုအုံကြွဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး ထိုအချိန်က သမ္မတဂိုတာဘာယာ ရာဂျာပါက်ဆာမှာ တိုင်းပြည်မှ ထွက်ပြေးသွားခဲ့သည်။

သမ္မတရွေးကောက်ပွဲမှာ ရေပန်းအစားဆုံးဖြစ်နေသည့် ကိုယ်စားလှယ်လောင်း အနူးရာကူမားရာမှာ တိုင်းပြည်၏ ကြွေးမြီပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်းဖြစ်ကိုယ်ပိုင်အစီအမံအသစ်တစ်ရပ်ကို အဆိုပြုထားခဲ့သူလည်း ဖြစ်သည်။

လက်ရှိသမ္မတ၏ ပြိုင်ဘက်နှစ်ဦးမှာ SJB ပါတီဝင် အတိုက်အခံခေါင်းဆောင် ဆန်းဂျစ် ပရက်မာဒါးဆာနှင့် မာ့ခ်စ်ဝါဒယိမ်းသည့် JVP ပါတီမှ ကိုယ်စားလှယ်လောင်း အနူးရာ ကူမားရာတို့ ဖြစ်သည်။ ပြိုင်ဘက်ကိုယ်စားလှယ်နှစ်ဦးစလုံးက ၎င်းတို့သည် အခွန်မူဝါဒနှင့် နိုင်ငံတကာငွေကြေးမူဝါဒနှင့် ဆက်စပ်သော အစိုးရဘဏ္ဍာငွေသုံးစွဲမှုမူဝါဒများကို ပြင်ဆင်သွားမည်ဟု ပြောကြသည်။

စစ်တမ်းရလဒ်တစ်အခု JVP ပါတီမှ အနူးရာကူမားရာသည် ရေပန်းအစားဆုံး သမ္မတလောင်းဖြစ်နေသည်။ SJB ပါတီမှ ဆန်းဂျစ် ပရက်မာဒါးဆာသည် ဒုတိယရေပန်းအစားဆုံးဖြစ်နေသည်။ လက်ရှိသမ္မတ ရပ်နစ်လ် ဝစ်ကရာမက်ဆင်ဂေသည် ရေပန်းစားမှု တတိယနေရာတွင် ရှိနေသည်။

Ref: Reuters