BREAKING
September 20, 2024

ဘန်ကောက် လမ်းဘေးဈေးဆိုင်များတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို အလုပ်ခန့်ခွင့်ပိတ်

September 20, 2024

ပုံစာ - ခေါက်ဆန်လမ်းရှိ လမ်းဘေး လက်ဆောင်ပစ္စည်း အရောင်းဆိုင်များ။ ဓာတ်ပုံ - Dawei Watch

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့၏ လမ်းများတွင် ပျံကျဈေးသည်အနေဖြင့် လမ်းဘေးဈေးရောင်းခွင့်ကို ထိုင်းနိုင်ငံသား နွမ်းပါးသူများကိုသာ ရောင်းချခွင့်ရှိတော့မည်ဖြစ်ပြီး မြန်မာအလုပ်သမားများကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ခွင့် မရှိတော့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဘန်ကောက်မြို့အတွင်းရှိ လမ်းဘေးဈေးရောင်းချခွင့် နည်းဥပဒေအသစ်နှင့်ပတ်သက်၍ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး Mr. Chadchart Sittipunt က လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးရုံး၏ ပြောခွင့်ရသူက စက်တင်ဘာလ ၁၉ ရက်နေ့က ပြောသည်။

ထိုင်းဘုရင်က လက်မှတ်ထိုးအတည်ပြု၍ ပြဋ္ဌာန်းပြီးပါက နည်းဥပဒေအသစ်သည် အကျုံးဝင်လာတော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စည်းမျဉ်းအသစ်အရ လမ်းဘေးဈေးရောင်းချခွင့်ကို အစိုးရ လူမှုဖူလုံရေးကတ်ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံသား နွမ်းပါးသူများသာ ရောင်းချခွင့်ရှိတော့မည် ဖြစ်သည်။

လမ်းဘေးဈေးသည်များသည် အိမ်များကို အရစ်ကျ ငွေပေး၍ ဝယ်ယူထားသူများဖြစ်ရမည်ဖြစ်ပြီး လူမှုဖူလုံရေး ထောက်ပံ့ ကြေးများ ရရှိနေသူဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နည်းဥပဒေအသစ်အရ လမ်းဘေးဈေးသည်များသည် အစိုးရ၏ နှစ်စဉ် အခွန်ကောက်ခံမှုတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

အထူးသဖြင့် ၎င်းတို့၏ ဝင်ငွေများသည် အခွန်ဆောင်ပြီး တစ်နှစ်ဝင်ငွေ ဘတ် ၃ သိန်းထက် မပိုရကြောင်း သတ်မှတ် ထားသည်။

လမ်းဘေးဈေးသည်များသည် ထိုင်းနိုင်ငံသား အကူတစ်ဦးကို အလုပ်ခန့်ခွင့်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ခွင့်မရှိကြောင်း သတ်မှတ်ထားသည်။

ဘန်ကောက်မြို့ ခေါက်ဆန်လမ်း၊ တရုတ်တန်း၊ ခလောင်တိန် ဈေးကြီးနှင့် အခြားနာမည်ကြီးနေရာများရှိ လမ်းဘေး ဈေးသည်များတွင် ဈေးရောင်းအကူအနေဖြင့် မြန်မာအလုပ်သမားများစွာ ဝင်ရောက်လုပ်ကိုင်လျက်ရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။

ထို့ကြောင့် လမ်းဘေးဈေးရောင်းအလုပ်များတွင် ဈေးရောင်းအကူအနေဖြင့် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော မြန်မာ အလုပ်သမားများမှာ ဥပဒေအသစ်အရဆိုလျှင် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း အလုပ်သမားများက ဆိုသည်။

သို့သော်လည်း လက်ရှိအချိန်အထိ ဥပဒေအသစ်နှင့် ပတ်သက်၍ အလုပ်ရှင်များဘက်က တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိသေးကြောင်း ခေါက်ဆန်လမ်းရှိ လမ်းဘေးတွင် လက်ဆောင်ပစ္စည်းကူရောင်းပေးနေသော မြန်မာအလုပ်သမား တစ်ဦးက ဆိုသည်။

“အခုထိ သူဌေးကတော့ ဘာမှမပြောသေးဘူးပေါ့နော်။ ဒီမှာ (ခေါက်ဆန်လမ်း) တော့ ပုံမှန်အတိုင်းပဲ အေးဆေး ရောင်းနေကြသေးတယ်။ ဘာအသံမှ မထွက်ကြသေးဘူး” ဟု မြန်မာအလုပ်သမားက ပြောသည်။

လမ်းဘေးဈေးရောင်းချမှုကိုလည်း အစိုးရအာဏာပိုင်များထံတွင် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း သတ်မှတ် ထားသည်။

လမ်းဘေးဈေးရောင်းချရာတွင်လည်း ဧရိယာကို သတ်မှတ်ထားပြီး လမ်းသွားလမ်းလာများ၊ အရေးပေါ်ထွက်လမ်း များအတွက် နေရာဖယ်ပေးထားရမည်ဖြစ်ကြောင်း ဥပဒေအသစ်က သတ်မှတ်ထားသည်။

Ref: Bangkok Post