BREAKING
September 20, 2024

ဘန်ကောက်တွင် iPhone 16 ပထမဆုံးဝယ်ယူမှာ မြန်မာနိုင်ငံသားဖြစ်နေ

September 20, 2024

ပုံစာ - ယနေ့ Central World က Apple Store တွင် တန်းစီနေသူများ။ ဓာတ်ပုံ - Central World

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စတင်ရောင်းချခဲ့သော iPhone 16 ဝယ်ယူသူများအနက် ပထမဆုံး တန်းစီပြီး ဝယ်ယူခဲ့သူမှာ မြန်မာနိုင်ငံသားအမျိုးသမီးဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အသစ်ထွက်ရှိလာသော iPhone 16 Series ကို ဝယ်ယူရန် ဘန်ကောက်မြို့ရှိ Central World က Apple Store နှင့် Iconsiam ရှောပင်းစင်တာအရှေ့တွင် ယနေ့ နံနက် ၈ နာရီက ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့အနက် Central World က Apple Store တွင် ပထမဆုံးနံပါတ်နေရာဖြင့် တန်းစီပြီးဝယ်ယူခဲ့သူမှာ မြန်မာနိုင်ငံက အမျိုးသမီးတစ်ဦးဖြစ်ပြီး iPhone 16 Pro Max ကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Iconsiam ရှောပင်းစင်တာတွင် ပထမဆုံး ဝယ်ယူနိုင်ခဲ့သူမှာ ဗီယက်နမ်နိုင်ငံသားဖြစ်သည်။

Apple ကုမ္ပဏီဘက်က iPhone 16 Series များကို ရောင်းချရန် ကြိုတင်အမှာစာ (Pre-order) ကို ယခင်အပတ်က ကောက်ခံခဲ့ပြီးနောက် ယနေ့တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

Apple ကုမ္ပဏီက iPhone 16 Series ကို တစ်ကမ္ဘာလုံးရှိ နိုင်ငံ ၆၀ တွင် ယနေ့စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် ထိုင်းနိုင်ငံလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများအပြင် အိမ်နီးချင်းနိုင်ငံများက ဖုန်းဝယ်ယူလိုသူများလည်း ယနေ့တွင် iPhone 16 Series အသစ်ဝယ်ယူနိုင်ရေး လာရောက်တန်းစီ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

iPhone 16 Series တွင် iPhone 16၊ iPhone 16 Plus၊ iPhone 16 Pro၊ iPhone 16 Pro Max ဟူ၍ ဖုန်းအမျိုးအစား လေးမျိုး ရောင်းချထားပြီး ဈေးနှုန်းအနေဖြင့် ၂၉၉၀၀ ဘတ်မှ ၄၈၉၀၀ အထိ အသီးအသီးရှိသည်။

Ref: Bangkok Post, Matichon Online, Thairath