BREAKING
September 20, 2024

ပဉ္စလက် စစ်ဆင်ရေးသုံး အသွင်သစ်စစ်ပွဲ

September 20, 2024

ခေတ်သစ်နည်းပညာနဲ့ သူလျှို ပဉ္စလက် ပေါင်းစပ်ထားတဲ့၊ ကမ္ဘာက မမြင်ဖူးတဲ့ စစ်ဆင်ရေးတစ်ခုဟာ အခုရက်ပိုင်း အင်္ဂါနေ့မှာ အရှေ့လယ်ပိုင်းဒေသကနေ ပေါ်ထွက်လာပြီး တကမ္ဘာလုံး အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့ပါတယ်။

ဒီဖြစ်ရပ်မတိုင်ခင် လတွေတုန်းကတော့ အီရန်က ကျောထောက်နောက်ခံနဲ့ လက်ဘနွန်နိုင်ငံထဲမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ သူ့ရဲ့ ကေဒါတွေကို မိုဘိုင်းဖုန်းတွေ အသုံးမပြုဖို့ တားမြစ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူတို့ ရန်သူတော်အစ္စရေးနဲ့ အမေရိကန်ရဲ့ သူလျှိုတွေက မိုဘိုင်းဖုန်းတွေကို ဖောက်ထွင်းတိုက်ခိုက်(Hack) ခြေရာခံထောက်လှမ်းပြီး လျှို့ဝှက် လုပ်ကြံလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့်ပါပဲ။

ထောက်လှမ်းရေးအစွမ်းထက်တဲ့ အစ္စရေးရဲ့ သူလျှိုတွေဟာ အလားတူ စစ်ဆင်ရေးမျိုးကို အတိတ်မှာ လုပ်ဆောင်ခဲ့ဖူးတဲ့ သမိုင်းကလည်း ရှိနေပါတယ်။

အခုနှစ် ဇူလိုင်လကပဲ ဟစ်ဇ်ဘိုလာထိပ်တန်းစစ်ဗိုလ်တစ်ယောက်ကို လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အီရန်နိုင်ငံ တီဟီရန်မြို့ကို ရောက်နေတဲ့ ဟားမတ်စ်အဖွဲ့ခေါင်းဆောင်ကိုလည်း လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

အစ္စရေးနဲ့ အနောက်နိုင်ငံတွေက ‘အကြမ်းဖက်အဖွဲ့’လို့ သတ်မှတ်ကြေညာခံထားရတဲ့ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးကြားက စစ်မက်ပဋိပက္ခဟာ ဆယ်စုနှစ်နဲ့ချီ သက်တမ်းရင့်နေခဲ့ပါပြီ။ ဒါပေမယ့် မနှစ်က အောက်တိုဘာလ ၇ ရက်နေ့မှာ အစ္စရေးနိုင်ငံထဲက တေးဂီတဖျော်ဖြေပွဲတစ်ခုကို ဟားမတ်စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးကြားက စစ်ရေးပဋိပက္ခဟာ ပိုမိုဆိုးရွားပြင်းထန်လာခဲ့ပါတယ်။ အစ္စရေးရဲ့ ထောက်လှမ်ရေးအစွမ်းကို လျှော့မတွက်ရဲတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေဟာ အချင်းချင်းဆက်သွယ်ဖို့အတွက် မိုဘိုင်းဖုန်းတွေအစား ပေဂျာ(Pager) ဆက်သွယ်ရေးစက်တွေကိုပဲ အဓိကအသုံးပြုလာခဲ့ပါတယ်။

ပေဂျာဆက်သွယ်ရေးစက်ဆိုတာက ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေတုန်းက အသုံးတွင်ကျယ်ခဲ့တဲ့ နည်းပညာအရ အင်မတန်ရိုးစင်း အဆင့်အတန်းနိမ့်တဲ့ ကြိုးမဲ့ဆက်သွယ်ရေးစက်ကလေးတွေ ဖြစ်ပါတယ်။ ပေးပို့သူဆီက အဝင်မက်ဆေ့စာတိုလေးတွေ လက်ခံပေးရုံလောက်သာ စွမ်းဆောင်နိုင်တဲ့ ပေဂျာစက်ကလေးတွေဟာ နည်းပညာအရ ရိုးစင်းအဆင့်နိမ့်လွန်းတဲ့အတွက် ရန်သူဘက်က ဖောက်ထွင်းတိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလို့ ဟစ်ဇ်ဘိုလာခေါင်းဆောင်ပိုင်းက ယူဆခဲ့ပါတယ်။

ဒါပေမယ့် ဒီယူဆချက်မှားယွင်းတယ်ဆိုတာကို အင်္ဂါနေ့က လက်ဘနွန်နိုင်ငံတလွှားမှာ ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေက သက်သေပြလိုက်ပါတယ်။ တကယ်တော့ ဒီပေါက်ကွဲသံတွေဟာ ကမ္ဘာကြီးက မမြင်ဖူးသေးတဲ့ စစ်ဆင်ရေးတစ်ခုရဲ့ အစိတ်အပိုင်းတွေပါပဲ။

ပေဂျာဖောက်ခွဲတိုက်ခိုက်မှု

၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၁၇ ရက်၊ အင်္ဂါနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲဝန်းကျင်လောက်မှာ လက်ဘနွန်နိုင်ငံက စတိုးဆိုင်တစ်ခုရဲ့ ငွေရှင်းကောင်တာအနီးမှာ ပေါက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတယ်။ ဈေးဝယ်သူအမျိုးသားတစ်ယောက် လဲကျသွားပြီး ကြမ်းပြင်ပေါ်မှာ နာနာကျင်ကျင် ညည်းညူအကူအညီတောင်းနေခဲ့တယ်။ အနီးအနားက ဈေးဝယ်သူတွေမှာ ထွက်ပြေးသူ ထွက်ပြေး ၊ တွေဝေအငေးသား ကြောင်ကြည့်သူက ကြည့်နဲ့ ရှုပ်ယှက်ခတ်ကုန်တယ်။ အဖြစ်မှန်က လဲကျနေတဲ့ အမျိုးသား ယူဆောင်လာတဲ့ ပေဂျာဆက်သွယ်ရေးကိရိယာက ရုတ်တရက် ထပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ အလားတူဖြစ်ရပ်တွေ မြို့တော်ဘေရွတ်နဲ့ လက်ဘနွန်နိုင်ငံအနှံ့မှာ တပြိုင်နက်နီးပါး ဖြစ်ပွားခဲ့ပါတယ်။

အရေအတွက်နည်းပေမယ့် ဆီရီးယားနိုင်ငံထဲမှာလည်း ဖြစ်ပွားခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်အသုံးပြုနေတဲ့၊ အရေအတွက် ထောင်နဲ့ချီတဲ့ ပေဂျာဆက်သွယ်ရေးကိရိယာတွေ နိုင်ငံအနှံ့မှာ တပြိုင်နက်နီးပါး ရုတ်တရက် ထပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။

လူပေါင်း ၃၀၀၀ နီးပါး ထိခိုက်ဒဏ်ရာရပြီး ရာနဲ့ချီတဲ့ လူတွေ မျက်စိကွယ်သွားခဲ့တယ်။ ကလေးသူငယ်တွေ အပါအဝင်အနည်းဆုံး လူ ၁၂ ယောက် သေဆုံးခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေဟာ အစ္စရေးရဲ့ လက်ချက်ဖြစ်တယ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့က မဆိုင်းမတွ စွပ်စွဲကြေညာတယ်။ အစ္စရေးဘက်ကတော့ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘာသိဘာသာ ခပ်မဆိတ် နေနေခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာပါဘူး။ သူတို့ရဲ့ ထပ်တိုးထားတဲ့ စစ်ပွဲရည်မှန်းချက်တစ်ခုကို အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့၊ လက်ဘနွန်- အစ္စရေးနယ်စပ်ဒေသက အစ္စရေးနိုင်ငံသားဒေသခံတွေကို လုံခြုံစွာ နေရပ်ပြန်ပို့နိုင်ရေးဆိုတဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။

ဝေါ်ကီတော်ကီဖောက်ခွဲတိုက်ခိုက်မှု

ထောင်နဲ့ချီတဲ့ ပေဂျာစက်တွေ တပြိုင်နက်တည်း ထပေါက်ကွဲနိုင်အောင် ဒီစစ်ဆင်ရေးမျိုးကို ဘယ်သူက ဘယ်လိုလုပ်နိုင်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းတစ်ခုနဲ့ လက်ဘနွန် စုဝေးပူဆွေးဒေါသထွက်တုန်း နောက်ထပ် တိုက်ခိုက်မှုတွေ လာပြန်တယ်။

ဒီတစ်ကြိမ်မှာတော့ ပေဂျာဆက်သွယ်ရေးစက်ကိရိယာတွေ မဟုတ်တော့ပါဘူး။ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်တွေ အသုံးပြုနေတဲ့ ဝေါ်ကီတော်ကီဆက်သွယ်ရေးစက်တွေ နိုင်ငံအနှံ့မှာ တပြိုင်နက်ထပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံတဝန်း အနည်းဆုံး လူအယောက် ၄၅၀ ကျော် ထိခိုက်ဒဏ်ရာရသွားခဲ့တယ်။ ကလေးသူငယ်နှစ်ယောက်အပါအဝင် အနည်းဆုံး လူအယောက် ၂၀ သေဆုံးခဲ့ရတယ်။

အဲဒီနေ့မှာ အစ္စရေးကာကွယ်ရေးဝန်ကြီးက စစ်ပွဲဟာ ခေတ်သစ်တစ်ခုထဲ ရောက်နေပြီလို့ ပြောတယ်။

ဟစ်ဇ်ဘိုလာခေါင်း‌ဆောင် ဟာဆန်နာဆ်ရယ်လာ (Hassan Nasrallah) ကတော့ ဒီတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့ဟာ မကြုံစဖူး ကြီးမားတဲ့ ထိုးနှက်ချက်ကို ခံလိုက်ရတယ်ဆိုပြီး ဝန်ခံခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေဟာ စည်းကျော်ဘော်ကျော် ဖြစ်သွားခဲ့ပြီမို့လို့ အစ္စရေးဘက်က ပြန်ပေးဆပ်စေရမယ်လို့ ဟစ်ဇ်ဘိုလာခေါင်းဆောင်က ကြုံးဝါးခဲ့တယ်။

သူ မိန့်ခွန်းပြောနေတဲ့အချိန်မှာပဲ လက်ဘနွန်နိုင်ငံ တောင်ပိုင်းကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာပါ တယ်။ ဟစ်ဇ်ဘိုလာရဲ့ အကြမ်းဖက်နိုင်စွမ်းနဲ့ အခြေခံအဆောက်အအုံတွေကို လျှော့ချပစ်ဖို့ လက်ဘနွန်နိုင်ငံထဲက ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်ဆိုပြီး အစ္စရေးဘက်က ထုတ်ပြောလာပါတယ်။

ကမ္ဘာက မမြင်ဖူးတဲ့ စစ်ဆင်ရေး

ရန်သူကို ဆက်သွယ်ရေးစက်တွေနဲ့ လျှို့ဝှက်လုပ်ကြံတာမျိုးကို အစ္စရေးသူလျှိုတွေက အရင်ကလည်း လုပ်ခဲ့ဖူးပါတယ်။

၁၉၉၆ ခုနှစ်မှာ ဟားမတ်စ်အဖွဲ့အတွက် ဗုံးတွေ ပြုလုပ်ပေးနေတဲ့ Yahya Ayyash ဆိုသူကို အစ္စရေးသူလျှိုတွေက မိုဘိုင်းဖုန်းထဲမှာ လျှို့ဝှက်ထည့်သွင်းထားတဲ့ဗုံးနဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့ဖူးပါတယ်။ အဲဒီဖြစ်ရပ်အပြီး နောက်ထပ် ၁၂ နှစ်အကြာမှာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ထိပ်တန်းစစ်ဘက် ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Imad Mughniyeh ဆိုသူကို ဒမက်စကတ်မြို့မှာ သူ့ရဲ့ ကားထဲမှာ လျှို့ဝှက်ဗုံးတပ်ဆင်ပြီး ဖောက်ခွဲလုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေမှာ ဗုံးလျှို့ဝှက်တပ်ဆင်မှုတစ်ကြိမ်တည်းကိုပဲ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ အခုရက်ပိုင်းအတွင်း ဖြစ်ပျက်သွားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုကတော့ ထောင်နဲ့ချီတဲ့ ဆက်သွယ်ရေးစက်ကိရိယာတွေကို တစ်ခုချင်းစီ အနုစိတ် ကလိပြီး ဖောက်ခွဲရေးပစ္စည်းတွေ ထည့်သွင်းဖို့ လိုအပ်တဲ့ အင်မတန်ခက်ခဲတဲ့ မစ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဖောက်ခွဲရေးလုပ်ဆောင်မယ့် ဒီဆက်သွယ်ရေးစက်တွေကို အရေအတွက် ထောင်နဲ့ချီပြီး ရန်သူ့အတွင်းစည်းထဲ ရောက်အောင် ဘယ်လိုသွင်းမလဲဆိုတာက ပိုတောင် ရှုပ်ထွေးပါသေးတယ်။

အင်္ဂါနေ့မှာ ပေါက်ကွဲသွားတဲ့ ပေဂျာစက်တွေဟာ ဟစ်ဇ်ဘိုလာအဖွဲ့က ဝယ်ထားတာ မကြာသေးဘူးလို့ လက်ဘနွန် လုံခြုံရေးသတင်းအရင်းအမြစ်တစ်ခုက CNN သတင်းဌာနကို ပြောပါတယ်။ ဒီပေဂျာဆက်သွယ်ရေးစက်တစ်လုံးစီရဲ့ ဘက္ထရီနဲ့ ကပ်လျက်မှာ ဖောက်ခွဲရေးပစ္စည်းတွေကို အစ္စရေးဘက်က ထည့်သွင်းခဲ့တယ်လို့ အမေရိကန်နဲ့ အခြားအရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး The New York Times သတင်းစာကလည်း ရေးသားဖော်ပြထားပါတယ်။

ပေါက်ကွဲသွားတဲ့ ပေဂျာစက်တွေမှာ ထိုင်ဝမ်ကုမ္ပဏီတစ်ခုရဲ့ အမှတ်အသားကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီထိုင်ဝမ်ကုမ္ပဏီကတော့ ဒီပေဂျာစက်တွေကို သူတို့ ထုတ်လုပ်ထားတာ မဟုတ်ဘဲ သူတို့ဆီကနေ ထုတ်ဝေခွင့်လိုင်စင်ရထားတဲ့ ဟန်ဂေရီကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားတာ ဆိုပါတယ်။

အဲဒီ ဟန်ဂေရီကုမ္ပဏီရဲ့ နောက်ကြောင်းကို ခြေရာခံကြည့်တဲ့အခါမှာလည်း သံသယဖြစ်စရာတွေ အများကြီးတွေ့ရပါတယ်။ ဒီဟန်ဂေရီကုမ္ပဏီဟာ အစ္စရေးထောက်လှမ်းရေးက နောက်ကွယ်ကနေ အသွင်ယူလည်ပတ်နေတဲ့ ကုမ္ပဏီဖြစ်တယ်၊ ပေဂျာဆက်သွယ်ရေးစက်တွေကို လျှို့ဝှက်ထုတ်လုပ်ဖို့ အစ္စရေးထောက်လှမ်ရေးဘက်က အသွင်ယူဖန်တီးထားတဲ့ ကုမ္ပဏီအနည်းငယ်ထဲက တစ်ခုဖြစ်တယ်လို့ ထောက်လှမ်းရေးအရာရှိသုံးယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး The New York Times သတင်းစာကြီးက ရေးသားထားတာ တွေ့ရပါတယ်။

လနဲ့ နှစ်နဲ့ချီပြီး အချိန်ယူပြင်ဆင်ရမယ့် ‘Supply-Chain Attack’ (ထောက်ပံ့ရေးကွင်းဆက်အလိုက် တိုက်ခိုက်မှု) တစ်ခုကို အစ္စရေးဘက်က အောင်အောင်မြင်မြင် လုပ်ဆောင်ပြနိုင်ခဲ့တဲ့အပေါ် ဟစ်ဇ်ဘိုလာနဲ့ လက်ဘနွန်နိုင်ငံတင်မက တကမ္ဘာလုံးအံ့အားသင့်နေရပါတယ်။

ကမ္ဘာကြီးက အခုရက်ပိုင်းအတွင်း မြင်လိုက်ရတဲ့ ဒီစစ်ဆင်ရေးက နည်းပညာတွေ တိုးတက် ထွန်းကားလာတာနဲ့အမျှ စစ်ပွဲတွေရဲ့ အဖျက်စွမ်းအားက ကြောက်ခမန်းလိလိ အဆင့်မြင့်လာနေပြီဆိုတာကို တကမ္ဘာလုံး အံ့အားတသင့် သိရှိသွားအောင် သတိပေးလိုက်တဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

Ref: CNN, The Economist

ဈာန်ဟိန်း