BREAKING
September 20, 2024

သံဖြူဇရပ်က ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦး ဖမ်းဆီးခံရ

September 20, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့က ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌအပါအဝင် အသင်းဝင် ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ အသင်းဝင်ဦးဇော်ဝမ်း၊ ကိုရဲလှိုင်နှင့် အခြားအသင်းဝင်နှစ်ဦး တို့ကို စက်တင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီခန့်က သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အသင်းရုံးတွင် စစ်ကောင်စီတပ် တို့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။

ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်သည့် အကြောင်းအရင်း အတိအကျကို မသိရသေးကြောင်း အသင်းနှင့် နီးစပ်သည့်မြို့ခံတစ်ဦးက ဆိုသည်။

“ဘာကြောင့် ဖမ်းတာလဲတော့ တိတိကျကျတော့ မသိသေးဘူး။ အမျိုးမျိုးတော့ ပြောနေကြတယ်။ PDF တွေနဲ့ ဆက်သွယ် တယ်ဆိုပြီး ဖမ်းတာလို့လည်း ပြောနေကြတယ်” ဟု ၎င်းမြို့ခံက ပြောသည်။

ဖမ်းဆီးခံထားရသည့် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဝင်များကို ဝဲကလိစစ်ကြောရေးစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရပြီး ၎င်းတို့နှင့် ယနေ့ချိန်ထိ အဆက်အသွယ်မရသေးကြောင်းလည်း အထက်ပါ မြို့ခံက ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ်ပရဟိအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ငါးဦးကို စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း- ၅၈၈ က ဖမ်းဆီးခဲ့သေးသည်။

တော်လှန်ရေးတပ်ဖွဲ့ကို ဆက်သွယ်ခြင်း၊ သတင်းပေးခြင်း၊ ထောက်ပံ့ခြင်းတို့ လုပ်ဆောင်သည် ဆိုသည့် စွပ်စွဲချက်ဖြင့် မွန်ပြည်နယ်အတွင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်များ၊ ရှေ့နေများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ သာမာန်အရပ်သားပြည်သူများကို စစ်ကောင်စီက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။

အထူးသဖြင့် ရေး၊ သံဖြူဇရပ်၊ ပေါင်၊ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်အတွင်းက လူငယ်များ ဆက်တိုက်ဖမ်းဆီးခံနေရပြီး အချို့မှာလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံနေရသည်လည်း ရှိသည်။

လဂွန်းအိမ်စာစဉ်၏ အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း ဖမ်းဆီးခံရသူ ၁၀၀၀ ကျော်ရှိသည်။