BREAKING
September 20, 2024

ထိုင်းတောင်ပိုင်းက မြန်မာကလေး ၁၂၀၀ ကျော်၏ ပညာရေးရှေ့ဆက်ခွင့်

September 20, 2024

ကျောင်းပိတ်လိုက်ပြီဆိုသဖြင့် ပညာတတ်စေချင်၍ ခဲရာခဲဆစ်ခေါ်ထားသည့် ကလေးနှစ်ယောက်၏ ပညာရေးအတွက် ကိုအောင်တစ်ယောက် မည်သို့ဆက်လုပ်ရမည် မသိတော့။

ဇာတိမြေ လောင်းလုံးမြို့နယ်တွင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် စာသင်ကျောင်းအားလုံးနီးပါး ပိတ်ထားရသဖြင့် ပညာရေး မရေမရာဖြစ်နေသည့် သမီးနှစ်ယောက်ကို ပညာတတ်စေချင်သည်။

ယင်းကြောင့်ပင် အသက် ၇ နှစ်နှင့် ၁၁ နှစ်အရွယ် သမီးနှစ်ယောက် ပညာသင်ခွင့်ရရေးအတွက် ငွေကြေးအမြောက်အများအကုန်အကျခံကာ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့သို့ တရားမဝင်လမ်းကြောင်းဖြင့် ခဲရာခဲဆစ်ခေါ်ယူလိုက်သည်။

“ရွာမှာကျောင်းထားဖို့ နိုင်ငံရေးအခြေအနေမကောင်းလို့ ခေါ်ထားလိုက်တာပါ။ ကလေးတွေ စာတတ်လာအောင်တော့ မျှော်လင့်တာပေါ့နော်။ ငါတို့လို စာမတတ်ဖြစ်မှာစိုးတယ်”ဟု ကလေးနှစ်ယောက်၏ ဖခင်ကိုအောင်က ဖွင့်ဟသည်။

ထိုင်းသို့ရောက်လာချိန်တွင် စူရတ်မြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်း၌ ကျောင်းအပ်လိုက်ပြီးနောက် သမီးအကြီးဖြစ်သူက တတိယတန်းနှင့် သမီးအငယ်က ပထမတန်းတွင် ပညာသင်ယူခွင့်ရခဲ့သည်။

သို့သော် ကိုအောင်၏ မျှော်လင့်ချက်ရောင်ခြည်က ရေရှည်မခံခဲ့ပေ။

စက်တင်ဘာလ ၄ ရက်နေ့တွင် ကိုအောင်၏ ကလေးနှစ်ဦး အပါအဝင် ကျောင်းသား ၁၂၀၀ ဝန်းကျင်ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်းကို ထိုင်းအစိုးရပညာရေးဌာန တာဝန်ရှိသူများက ပိတ်ခိုင်းလိုက်သည်။

ထိုင်းရောက် မြန်မာကလေးငယ် ၁၂၀၀ ၏ ပညာရေးရှေ့ဆက်ခွင့်အတွက် ထိုင်းလွှတ်တော် အပါအဝင် ထိုင်းအာဏာပိုင်များက လုပ်ဆောင်နေသော်လည်း ယခုအချိန်အထိ ရေရေရာရာတော့မရှိသေး။

သို့သော် ကလေးပညာရေး စိတ်ပူသည့် မိဘများကတော့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကလေးများ ပညာရေးရှေ့ဆက်နိုင်ရန် လုပ်ဆောင်လာကြသည်။

မေတ္တာရိပ် ပိတ်ခံရခြင်း

စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ်စာသင်ကျောင်းမှာ ခွင့်ပြုချက်မရှိဘဲဖွင့်လှစ်ထားသဖြင့် ပိတ်သိမ်းလိုက်ကြောင်း ထိုင်းအာဏာပိုင်များက စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါကျောင်းမှာ ထိုင်းပညာရေးဝန်ကြီးဌာန၏ ၂၀၀၇ ခုနှစ် ပုဂ္ဂလိကကျောင်းများ အက်ဥပဒေအရ တည်ထောင် လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ဆောင်နေသည့်အတွက် လုပ်ငန်းအားလုံးရပ်ဆိုင်းထားရန် ဆိုသည့် ညွှန်ကြားချက်ပါသည့် ဗီနိုင်းပြားကို ထိုင်းဘာသာဖြင့်ရေးသားပြီး ကျောင်းရှေ့တွင် ထိုင်းအာဏာပိုင်များက လာကပ်ထားခဲ့သည်။

မေတ္တာရိပ်ကျောင်းတွင် ထိုင်းနိုင်ငံတော်သီချင်း သီဆိုပြီးနောက် မြန်မာနိုင်ငံတော်သီချင်းသီဆိုသည့် ဗီဒီယိုရုပ်သံတစ်ခု လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် ထိုင်းနိုင်ငံသားများက စိုးရိမ်တကြီး ပြစ်တင်ပြောဆိုမှုများ ရှိခဲ့သည်။

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံတော်သီချင်းသီဆိုနေခြင်းက ၎င်းတို့၏ အချုပ်အခြာအာဏာကို ထိပါးလာပြီး ကျူးကျော်မှုတစ်ခုအဖြစ် ထိုင်းနိုင်ငံသားအများစုက ခံပြင်းကြသည်။

ထိုကြောင့်လည်း လူမှုကွန်ရက်မှတစ်ဆင့် ထိုင်းအာဏာပိုင်များကို ဖိအားပေးသည့်ပြောဆိုသည့် မှတ်ချက် သောင်းချီသိန်းချီ ရေးသားလာကြသည်။

ယင်းဖြစ်စဉ်ဖြစ်လာပြီးနောက် အာဏာပိုင်များ၏ အရေးယူဆောင်ရွက်မှုများ ဆက်တိုက်ဖြစ်လာသည်။

သို့ရာတွင် ထိုင်းအာဏာပိုင်များ၏ အရေးယူဆောင်ရွက်မှုက သက်ညှာသည့်အနေအထားဖြင့် ညင်ညင်သာသာ လုပ်ဆောင်သွားသည်ကို တွေ့ရသည်။

စက်တင်ဘာလ ၄ ရက်နေ့က မေတ္တာရိပ်ကျောင်းအား ပိတ်သိမ်ကြောင်း အသိပေးချက် ဗီနိုင်းလာကပ်ချိန်က အာဏာပိုင်များက ကျောင်းဝင်းအတွင်းသို့ မဝင်ကြသလို ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများကို ဖမ်းဆီးစစ်ဆေးခြင်း မလုပ်ခဲ့ပေ။

ထိုအချိန်က ကျောင်းဖွင့်ထားသည့် ကျောင်းချိန်အတွင်းဖြစ်သည့်အတွက် ကျောင်းသူကျောင်းသား တစ်ထောင်ကျော်နှင့် ဆရာဆရာမအားလုံး ကျောင်းဝင်းအတွင်းရှိနေကြသည်။

လက်ရှိတွင်မူ ထိုင်းအာဏာပိုင်များက ကျောင်းအဆောက်အအုံပိုင်ရှင်အပါအဝင်၊ ကျောင်းအုပ်ကြီးနှင့် ထိုင်း၊မြန်မာဆရာ ဆရာမ ၃၀ ကျော်ကိုလည်း တရားစွဲဆိုထားကြောင်း ထုတ်ပြန်ထားသည်။

မရေမရာနှင့် ကလေးများ၏ ပညာရေးခရီး

ထိုအခြအနေတွင် မေတ္တာရိပ်ကျောင်းတွင် ပညာသင်ယူနေသည့် ကျောင်းသူကျောင်းသား တစ်ထောင်ကျော်မှာ ပညာသင်ယူခွင့် လမ်းစပျောက်သွားခဲ့သည်။

ထိုင်းအာဏာပိုင်များက မေတ္တာရိပ်ကျောင်းအပြင် စူရတ်ဌာနီခရိုင်ရှိ အခြားမြန်မာရွှေ့ပြောင်းကျောင်း ၅ ကျောင်း ကိုလည်း ပိတ်သိမ်းခိုင်းလိုက်သည်။

မေတ္တာရိပ်ကျောင်းကို အရေးမယူမီကလည်း အဆိုပါကျောင်းရှိ ကျောင်းသူကျောင်းသားများကို ထိုင်းအစိုးရကျောင်းများသို့ ပြောင်းရွှေ့ကြရန် အကြိမ်ကြိမ်ညှိနှိုင်းခဲ့သည်ဟု ထိုင်းပညာရေးအာဏာပိုင်များက ဆိုသည်။

မေတ္တာရိပ်ကျောင်းရှိ ကျောင်းသားများကို ထိုင်းအစိုးရစာသင်ကျောင်းများထံ လွှဲပြောင်းပေးရန် ထိုင်းအာဏာပိုင်များက အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း ကျောင်းဘက်က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိဟု စူရတ်ဌာနီခရိုင် ပညာရေးမှူးက ပြောသည်။

မေတ္တာရိပ်ကျောင်းအုပ်ဆရာကြီး ဦးဇော်ခိုင်မျိုးကမူ ထိုင်းပညာရေးဌာနက ထိုင်းအစိုးရစာသင်ကျောင်းများထံ လွှဲပြောင်းပေးရန် ဆွေးနွေးပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။

“ကျွန်တော်တို့ကို တိုက်ရိုက်ဆက်သွယ်ပြီးတော့ ဒီလို ဒီလိုစီစဉ်ပေးနေပါတယ်။ လာရောက်ပူးပေါင်းပါဆိုတာမျိုးတော့ မရှိသေးဘူး”ဟု ကျောင်းအုပ်ဆရာကြီး ဦးဇော်ခိုင်မျိုးက ပြောသည်။

ခရိုင်ပညာရေးက စူရတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများကိုပိတ်သိမ်းရန် ပြီးခဲ့သည့်စာသင်နှစ်ကတည်းက စာပို့အကြောင်းကြားထားခြင်းဖြစ်သည်။

ထိုသို့စာပို့အကြောင်းကြားခဲ့သည့်အတွက် ဝပ်ဖိုဝိုင်ကဲ့သို့ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းအချို့က ထိုင်းကျောင်း အောက်သို့ဝင်ကာ ထိုင်းကျောင်းနှင့် လက်တွဲခဲ့သည့်အတွက် အဆိုပါကျောင်းက ကလေး ၃၀၀ ဝန်းကျင်မှာ ပညာဆက်သင်ခွင့်ရခဲ့သည်။

မေတ္တာရိပ်မြန်မာကျောင်းအား ပိတ်သိမ်းအရေးယူပြီးနောက်ပိုင်းတွင် စူရတ်ခရိုင်ပညာရေးရုံးကလည်း ခရိုင်အတွင်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားကလေးများ ပညာသင်ယူခွင့်ကို ပိတ်ပင်ထားခြင်းမရှိဘဲ ထိုင်းကျောင်းများတွင် ပြောင်းရွှေ့အပ်နှံကြရန် ရှင်းလင်းတိုက်တွန်းချက်ကို အကြိမ်ကြိမ်ထုတ်ပြန်လာသည်။

ထိုင်းအစိုးရကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ပညာသင်လိုသည့် နိုင်ငံခြားသားကလေးများ စူရတ်ခရိုင်ပညာရေးမှူးရုံးထံ ဆက်သွယ်နိုင်ကြောင်း ဖုန်းနံပါတ်ပါ ပါသည့် ကြေညာချက်ကို မြန်မာဘာသာဖြင့်လည်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသားကလေးများ ကျောင်းတက်ခွင့်ရရေးအတွက် မိဘအုပ်ထိန်းသူများအနေဖြင့် စူရတ်ခရိုင်ပညာရေးရုံးသို့သွားပြီး လျှောက်လွှာတင်ထားနိုင်မည်ဖြစ်သည်။

အာဏာပိုင်များက ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားကလေးများ ပညာသင်ယူခွင့်ကို ပိတ်ပင်တားဆီးခြင်းမရှိဘဲ တရားမဝင်သင်ကြားနေသည့်ကျောင်းများကိုသာ အရေးယူပိတ်သိမ်းနေသည်ဆိုသည့် သဘောထားကို ပြသလာခြင်းဖြစ်သည်။

ကျောင်းပြောင်းခြင်း ဝိရောဓိ

ထိုင်းကျောင်းများတွင် အပ်နှံနိုင်သည့် အခွင့်အရေးရှိလာခြင်းကြောင့် မေတ္တာရိပ်ကျောင်းမှ ကျောင်းသားများအပါအဝင် အခြားကျောင်းအချို့မှ ကျောင်းသားမိဘအချို့က ၎င်းတို့၏ ကလေးများကို ထိုင်းကျောင်းတွင် သွားရောက်အပ်နှံလာကြသည်။

သို့ရာတွင် မြန်မာမိဘအုပ်ထိန်းသူအများစုက သားသမီးကို ထိုင်းကျောင်းများတွင် မထားလိုကြကြောင်း ဖွင့်ဟကြသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွေ့ပြောင်းကျောင်းသားအများစုမှာ ပြည်တွင်းတွင် ပညာသင်ယူခွင့်မရသည့်အတွက် ထိုင်းနိုင်ငံအတွင်း ယာယီခေါ်လာခြင်းသာဖြစ်ကြောင်း မိဘအုပ်ထိန်းသူများက ပြောဆိုကြသည်။

ပြည်တွင်းတွင် တိုက်ပွဲနှင့် ပဋိပက္ခချုပ်ငြိမ်းသွားချိန်တွင် ၎င်းတို့၏ ကလေးများကို ပြည်တွင်းပြန်ပို့ကာ မြန်မာ့ပညာရေးစနစ်ဖြင့် ဆက်ပြီးပညာသင်ယူခိုင်းရန် စိတ်ဆန္ဒရှိကြသည်။

“ကျွန်တော်တို့က မြန်မာဖြစ်နေတဲ့အတွက် မြန်မာစာကို မသင်ဘဲလည်း မရဘူးပေါ့နော်။တစ်နေ့တစ်ချိန်ကျရင် ကိုယ့်နိုင်ငံမှာ သွားနေရမှာပဲ။ ဒါကြောင့် ကလေးကို မြန်မာစာပဲ သင်ခိုင်းစေချင်တယ်”ဟု မေတ္တာရိပ်ကျောင်းတွင် စတုတ္ထတန်းတက်နေသည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ထိုင်းကျောင်းနှင့်လက်တွဲလိုက်သည့် (ယခင်ဝပ်ဖိုဝိုင်ကျောင်း)တွင်မူ ထိုင်းလူမျိုးဆရာများအပြင် မြန်မာဆရာ၊ဆရာမများက မြန်မာဘာသာဖြင့် သင်ကြားနေသည်။

သို့ရာတွင် ထိုင်းကျောင်းအားလုံးနီးပါးတွင်မူ မြန်မာဘာသာဖြင့် သင်ကြားသည့် ဆရာ၊ဆရာမ မရှိသလောက်ဖြစ်နေသေးသည်။

ထိုအခြေအနေတွင် ထိုင်းစာ၊ ထိုင်းစကားမတတ်သည့် ကလေးများအတွက် အခက်အခဲဖြစ်လာနိုင်သည့်အတွက် မိဘအုပ်ထိန်းသူများက မိမိကလေးများကို ထိုင်းကျောင်းတွင် မထားလိုကြခြင်းဖြစ်သည်။

ထိုင်းကျောင်းနှင့် လက်တွဲခဲ့သည့် မြန်မာကျောင်းများတွင် ထိုင်းစာအပြင် မြန်မာစာ(မြန်မာသင်ရိုး)ကိုလည်း သင်ယူခွင့်ရကြပြီး မြန်မာဆရာဆရာမများကပင် သင်ကြားပေးနေသည်။

အဆိုပါကျောင်းများတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းသားများအတွက် ပညာသင်ယူရန် အဆင်ပြေနိုင်သော်လည်း အထက်တန်းအဆင့်ကျောင်းသားများအတွက်မူ အဆင်မပြေနိုင်သည့် အခြေအနေဖြစ်သည်။

မြန်မာအထက်တန်းကျောင်းသား နည်းပါးခြင်း၊ သင်ကြားရေးအပိုင်းတွင်း လိုအပ်ချက်အချို့ရှိနေခြင်းနှင့် အထက်တန်းအောင်မြင်ပြီးပါက တက္ကသိုလ်ဆက်တက်နိုင်မည့် အခွင့်အလမ်းနည်းပါးခြင်းစသည့် စိန်ခေါ်မှုများရှိနေသည်။

ယင်းအပြင် ဘာသာစကားအခက်အခဲ၊ မြန်မာစာသင်ခွင့်မရဘဲဖြစ်လာမည့် အခြေအနေ၊ ထိုင်းနှင့်မြန်မာ ကျောင်းသားများအကြား ကလေးအချင်းချင်း သဟဇာတမဖြစ်ဘဲ ပြဿနာဖြစ်လာမည့် အခြေအနေတို့ကို မိဘအုပ်ထိန်းသူများက စိုးရိမ်ကြသည်။

လက်ရှိတွင် ပညာရေးတစ်ပိုင်းတစ်စဖြင့် သမီးနှစ်ဦး ကျောင်းနားထားရသည့် ကိုအောင်ကလည်း မြန်မာကျောင်းတွင်သာ ထားလိုကြောင်း ဖွင့်ဟသည်။

“မြန်မာကျောင်းပဲထားချင်တယ် ထိုင်းကျောင်းကတော့ မရတဲ့အဆုံးမှပဲထားဖြစ်မယ် ထင်တယ်”ဟု ကိုအောင်က ပြောသည်။

မေတ္တာရိပ် ပြန်ဖွင့်ခွင့်

ထိုင်းကျောင်းသို့ မပြောင်းလိုသည့် မေတ္တာရိပ်မြန်မာကျောင်းရှိ ကျောင်းသားမိဘအများစုက ကျောင်းပြန်ဖွင့်ခွင့်ရမည်ဟု မျှော်လင့်ကာ စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

မေတ္တာရိပ်ကျောင်းတွင် ပညာသင်ယူနေသည့် စတုတ္ထတန်းကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူကလည်း ထိုင်းကျောင်းတွင် မထားလိုသည့်အတွက် ကျောင်းပြန်ဖွင့်မည့် အခြေအနေကို စောင့်ကြည့်နေကြောင်း Dawei Watch ကို ပြောသည်။

“တစ်ကျောင်းပြီးတစ်ကျောင်းလည်း ပြောင်းပြီးမထားချင်တော့ဘူး။ အခြေအနေကိုတော့ စောင့်ကြည့်နေတုန်းပဲ။ ကျောင်းပြန်မဖွင့်တော့ဘူးဆိုရင်တော့ ထိုင်းကျောင်းပဲ ထားရတော့မယ်”ဟု အထက်ပါ ကျောင်းသားမိခင်က ဆိုသည်။

မေတ္တာရိပ်ကျောင်းအုပ်ဆရာကြီး ဦးဇော်ခိုင်မျိုးကလည်း လက်ရှိတွင် ကျောင်းပိုင်ရှင် ထိုင်းသူဌေးက သက်ဆိုင်ရာအာဏာပိုင်များထံ တောင်းဆိုထားပြီး ကျောင်းပြန်ဖွင့်နိုင်ရန်အတွက် နည်းလမ်မျိုးစုံဖြင့် ကြိုးစားနေဆဲဖြစ်ကြောင်း ဆိုသည်။

“သူဌေးကတော့ ကျောင်းသားတွေ ပညာသင်ဖို့အတွက်ကို အစွမ်းကုန်ကြိုးစားပြီးတော့ လိုက်ပြီးဆောင်ရွက်ပေးနေတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။

သို့ရာတွင် စူရတ်ဌာနီခရိုင်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်များအရ မေတ္တာရိပ်ကျောင်းအပါအဝင် ခရိုင်အတွင်းပိတ်ခိုင်းထားသည့် မြန်မာကျောင်းများ ပြန်ဖွင့်ခွင့်ပြုမည့် အရိပ်အယောင်မတွေ့ရပေ။

လက်ရှိထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွေ့ပြောင်းကျောင်းသားအများစုမှာ ပြည်တွင်းတွင် ပညာသင်ယူခွင့်မရသည့်အတွက် ထိုင်းနိုင်ငံအတွင်း ယာယီခေါ်လာခြင်းသာဖြစ်ကြောင်း မိဘအုပ်ထိန်းသူများက ပြောဆိုကြသည်။

ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း မေတ္တာရိပ်ကျောင်းနှင့်အတူ စူရတ်ဌာနီခရိုင်ရှိ မြန်မာစာသင်ကျောင်းများ ပိတ်သိမ်းလိုက်ရာ ကျောင်းသားပေါင်း ၂၀၀၀ ကျော် ပညာသင်ယူခွင့်ဆုံးရှုံးခဲ့ကြရသဖြင့် စိုးရိမ်မိကြောင်း ပြောဆိုထားသည်။

သိုသော် ယင်းပြောဆိုမှုမှာ မြန်မာစာသင်ကျောင်းများ ပြန်ဖွင့်ခွင့်ပေးရေး ဆိုသည်ထက် ကျောင်းသားများ စာသင်ကြားနိုင်ရေးကိုသာ ရည်ညွှန်းသည့်သဘောဖြစ်ရာ ထိုင်းပညာရေးဌာနက ရွှေ့ပြောင်းကလေးများကို ထိုင်းကျောင်းများတွင် ပြောင်းရွှေ့အပ်နှံရေးကိုသာ တွန်းအားပေး လုပ်ဆောင်နေသည်။

ထိုင်းကျောင်းများကိုလည်း မထားချင် မြန်မာစာသင်ကျောင်းကလည်း ပိတ်ခံထားရသည့် အခြေအနေတွင် လောင်းလုံးဇာတိ ကိုအောင်လို မိဘများမှာ ကလေးပညာရေးအတွက် သောကဗျာပါဒ ဖြစ်နေရသည်။

“ကျောင်းပိတ်ချလိုက်ပြီဆိုတော့ မိဘတွေမှာ ဗျာများနေတာပေါ့။ ဘာမှလည်းလုပ်မတတ်ဘူးဆိုတော့ စဥ်းစားလို့ မရဘဲဖြစ်နေတယ်”

No related posts found.