BREAKING
December 22, 2024

အလွမ်းရောင်တွေနဲ့ ရေးတဲ့ ပန်းချီ

September 20, 2024

ကျနော်သည်ပန်းချီပညာရပ်နှင့် အလှမ်းဝေးသူဖြစ်သည်။ ပန်းချီများကိုတော့ အချိန်ရတိုင်း ငေးမော ခံစားနေမိသူ တဦးဖြစ်ပါသည်။ ထို့ကြောင့် ဤစာစုကလေးကိုလည်း ပန်းချီကားများကို ငေးမိရာမှ ခံစားရသည့် ခံစားမှုပေါ်လွင်အောင် ‘အလွမ်းရောင်’ ဟု ခေါင်းစဉ်တွင် ထည့်လိုက်ပါသည်။ ကျနော်၏ အတ္တနောမတိ တခုဟုပင် ဆိုပါတော့။ ထိုအလွမ်းရောင်ပန်းချီကားများမှာ ထားဝယ်မြို့မှ ဆရာအောင်ကျော်မျိုး၏ လက်ရာများပင်။ ဆရာရေးထားသော ပန်းချီကားပေါင်း ၁၁၇ ကားကို ကိုလိုနီခေတ် ထားဝယ်မြို့မှ ရှေးဟောင်း အဆောက်အအုံများ အမည်ဖြင့် ထားဝယ်ခရိုင် ပန်းချီပန်းပု အစည်းအရုံးမှ ယခုနှစ် (၂၀၂၄) တွင် ပထမအကြိမ် ထုတ်ဝေထားသည်။ စာအုပ်မထွက်မီ ကြော်ငြာကတည်းကပင် ထိုစာအုပ်ကလေးကို မျှော်ခဲ့ရသည်။ အခုတော့ စာအုပ်ကလေးလက်ထဲရောက်ခဲ့ပါပြီ။

လူလည်းတထွေ ရေလည်းတခြား ထားဝယ်မှခွာကာ တိုင်းတပါးသို့ရောက်နေသည်ကား ကြာပါပြီ။ ရေခြား မြေခြားက သူစိမ်းတွေကြားမှာ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ဝန်း၊ ကိုယ့်စကား၊ ကိုယ့်မြို့သူ မြို့သားတွေကို အတိုင်းသားလွမ်းရင်း အလွမ်းတွေ စုမိ၊ အလွမ်းဘီလျံနာဖြစ်နေပါပကော။ ထို့ကြောင့်လည်း ထားဝယ်မှ အထင်ကရ အဆောက်အအုံများနှင့် ရှုမျှော်ခင်းများကို မှတ်တမ်းတင်ထားသည့် ဆရာ့ ပန်းချီကားများကို တစုတစည်း စုထားပေးသည့် စာအုပ်ကလေးကို မျှော်နေမိခဲ့ပါရဲ့။ ထားဝယ်ကို လွမ်းနေမိတဲ့ အလွမ်းတွေ ပြေမလားရယ်လို့ ဆရာ့ပန်းချီများကို ခံစားကြည့်ပါသည်။ ကျနော့် စိတ်ထဲမှာတော့ ဆရာဟာ အလွမ်းရောင်နဲ့များ ပန်းချီတွေကို ရေးထားသလားလို့ …။

ကိုလိုနီခေတ်က အဆောက်အအုံကြီးတွေ၊ တမူထူးတဲ့ အိမ်တွေရှိနေတဲ့ထားဝယ်၊ ထန်းပင်တန်းနဲ့ ကျန်းမာရေးလမ်း၊ အရှေ့တောဘက်က ကျားခုန်အိုင်၊ ကံပေါက်က ရေကန်တောင်၊ ထားဝယ်တဝိုက်က ဘာသာရေးအဆောက်အအုံတွေ၊ ထူးခြားတဲ့ ဗိသုကာဟန်တွေ စတာတွေကို ဆရာက မှတ်တမ်းတင်ထားတယ်။ အဲဒီ ပန်းချီကားတွေကို တစိမ့်စိမ့်ကြည့်မိရင်း ထားဝယ်မှာ ရှိခဲ့စဉ်က အဖြစ်အပျက်တွေကို သတိရမိတယ်။ ဒီနေရာလေးကတော့ အခုဘယ်လိုနေမလဲ၊ ဘာတွေပြောင်းသွားပြီလဲ တွေးရင်း အလွမ်းတွေများ လျှံကျလာတယ်။ ပြီးတော့ တဆက်တည်းမှာပဲ ဒီလိုလှပတဲ့ မြင်ကွင်းတွေ၊ ထူးခြားတဲ့ အဆောက်အအုံ၊ ထားဝယ်မြို့ရဲ့ သရုပ်သကန်တွေဟာ နောင်မှာ ရှိပါတော့မလားရယ်လို့လည်း စိုးရိမ်စိတ်ကလေး ထင်မိတယ်။

ဆရာက ဒီကားတွေကို စရေးဖြစ်တာ ၂၀၁၉တဲ့။ ဆရာ့အမှာစာကို ဖတ်မိတော့မှ ကျနော်စိတ်ထဲက စိုးထိတ်ဗျာပါက အကောင်ကြီးလာတယ်။ တချို့တွေက တန်ဖိုးထားထိန်းပေသိ ဖြိုဖျက်ပြီး အသစ်နဲ့ အစားထိုး တာတွေလည်း ရှိလာသတဲ့၊ ဒါကြောင့် ဆရာက မှတ်တမ်းသဘော ကျန်ရစ်စေချင်တယ်လို့ ဆိုထားတယ်။ အခြားသော အမှာစာတွေကို ဖတ်ကြည့်ပြီးတဲ့အခါမှာတော့ ထားဝယ်မှာ တဖြည်းဖြည်းနဲ့ ရှေးမူ လက်ရာတွေ ပျောက်ကွယ်လာနေပြီဖြစ်လို့ ထိန်းသိမ်းဖို့၊ မှတ်တမ်းပြုဖို့ တိုက်တွန်းတဲ့သဘောမျိုး နားလည်လိုက်ရပါတယ်။ တဆက်တည်းပဲ ကိုယ်တွေလို အဝေးရောက်နေသူတွေ ထားဝယ်ကို ပြန်ရောက်တဲ့အခါ ထားဝယ်ဟာ အရင်ကလို ထားဝယ်ပဲဖြစ်နေဦးမှာလား၊ သစ်လွင်တဲ့ အဆောက်အအုံတွေနဲ့ မမှတ်မိနိုင်တော့လောက်အောင် ပြောင်းလဲသွားတော့လေမလားလို့ တွေးမိပါရဲ့။

အကယ်လို့များ ထားဝယ်မှာ ဆရာ့ပန်းချီကားထဲက အဆောက်အအုံတွေများ ပျောက်ကွယ်သွားခဲ့ရင် ကျနော်တို့ဟာ ဟိုးတုန်းက ထားဝယ်ကို လွမ်းမပြေဖြစ်တော့မှာပဲ။ အဝေးက လူကို မပြောနဲ့ ထားဝယ်မှာ နေရင်းနဲ့ကိုပဲ ထားဝယ်သူ ထားဝယ်သားတွေဟာ ဆရာ့ ပန်းချီကားတွေကို ကြည့်ပြီး … ဟိုးတုန်းကပေါ့လေလို့ ပဲ… လွမ်းရုံတတ်နိုင်မှာပါပဲ။

တလောက ရှေးဟောင်းသုတေသနထိန်းသိမ်းရေးမှာ ကျွမ်းကျင်တဲ့သူတယောက် ထားဝယ်အကြောင်း မချိတင်ကဲ မျှဝေထားတာတွေရတယ်။ ရှေးဟောင်းအိမ်တွေ ပျောက်ပျောက်လာတဲ့အကြောင်းပေါ့။ ထားဝယ်ဟာ ထားဝယ်နဲ့ မတူတော့တဲ့ အကြောင်းပေါ့လေ။ ထားပါတော့။ ဆရာ့ ပန်းချီတွေကိုကြည့်ရင်း ခေတ်တခေတ်ရဲ့ ထားဝယ်ကို လွမ်းဆွတ်စွာနဲ့ လှမ်းမြင်ရတယ်။ ခံစားရတယ်။ ထားဝယ်ကိုလွမ်းတယ်။

ဖိုးသီးရင်

No related posts found.