BREAKING
November 21, 2024

ပါချန် သူရဲကောင်းများ မျှော်နေသည်

August 20, 2024

စောင့်ရှောက်သူ တရုန်းရုန်းဖြင့် ပါချန်။ ယခုတော့ တစ်ထီတည်း။ ပါချန်မြစ်ကို ထိန်းသိမ်းခဲ့သူအဖြစ် နာမည်ကြီးခဲ့သည့် ပါချန်သူရဲကောင်း ကိုရွှေဖန်သည် ပါချန်နှင့် ဝေးရာသို့ ရောက်နေသည်။

ထို့အတူ ပါချန်ကို ထိန်းသိမ်းခဲ့သူတို့သည် ပါချန်ကို ယခင်လို မစောင့်ရှောက်နိုင်ကြတော့ပေ။ ကိုရွှေဖန်တို့အဖွဲ့ မစောင့်ရှောက်နိုင်တော့သည့် အရှည် ၈၂ မိုင်ခန့်ရှိသည့် ပါချန်မြစ်သည် ထိုင်းနှင့် မြန်မာနယ်ခြားမြစ်တစ်ခု ဖြစ်သည်။

ပါချန်မြစ်၏ အနောက်ဘက်ခြမ်းတွင် မြန်မာပြည် ကော့သောင်းခရိုင်၊ မြစ်၏ အရှေ့ဘက်ခြမ်းတွင် ထိုင်းနိုင်ငံ ရနောင်းခရိုင် နှင့် ချွန်ဖွန်ခရိုင် တို့ တည်ရှိသည်။ ထိုင်းဘက်ခြမ်းတွင်မူ မြစ်ကမ်းတလျှောက် လိုအပ်သည့် နေရာတိုင်းတွင် မြေထိန်းနံရံများ၊ ဒီရေတောထိန်းသိမ်းခြင်းများကို တောက်လျှောက်လုပ်ကိုင်နေပြီး ရနောင်း ကီလို ၃၀ ဒီရေတောဆိုပါက သဘာဝအခြေပြု ခရီးသွားလုပ်ငန်းပါ ဖွင့်လှစ်ထားသည်။

သို့သော် မြန်မာဘက်ခြမ်းတစ်လျှောက်ကိုမူ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အင်အားကြီး စီးပွားရှင်တို့က မြစ်ထိန်းသိမ်းသူတို့လက်မှ ပါချန်ကို တစ်စပြီးတစ်စ လုယူနေကြသည်။

မြန်မာဘက် မြစ်ကမ်းတစ်လျှောက်(အထူးသဖြင့် ကော့သောင်းမြို့အစပ်ရှိ မြစ်ဝပိုင်းနှင့် မြစ်လယ်ပိုင်း)တွင်မူ ပင်လယ်နှင့်ဆက်စပ်သော အဆောက်အအုံများ တည်ဆောက်ရန်နှင့် အကြီးစား မွေးမြူရေးလုပ်ငန်းများ တည်ဆောက်ရန်အတွက် ချည်းနင်းဝင်ရောက် လုယူကြခြင်း ဖြစ်သည်။

“ပါချန်မြစ်ဝ အပေါ်နားမှာဆိုရင် ကုမ္ပဏီတစ်ခုက ဒီရေတောတွေ အပြောင်ခုတ်ပြီး အတွင်းဘက်ကို မမြင်အောင် ခြံစည်းရိုး ခတ်လိုက်ပြီ” ဟု ပါချန်မြစ်ထိန်းသိမ်းသူတစ်ဦးက ပြောသည်။

၎င်းကုမ္ပဏီကို ကော့သောင်းမြို့အခြေစိုက် ကုမ္ပဏီတစ်ခုဟုသာ ပါချန်မြစ်ထိန်းသိမ်းသူတို့ သိထားသည်။

၎င်းကုမ္ပဏီသည် ငါးအိမ်စုရွာဒီရေတော ခန့်မှန်း ၆ ဧက အပါအဝင် မြေ ၁၅ ဧကခန့်ကို အပြောင်ရှင်းနေကြသည်ကို အာဏာသိမ်းပြီးစ မြစ်အတွင်း ခရီးသွားနိုင်သည့်အချိန်တုန်းကတည်းက သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ကြရခြင်း ဖြစ်သည်။

ယခုအချိန်တွင်မူ ခြံစည်းရိုးခတ်ကာ အဆောက်အအုံများပင် ဆောက်နေပြီဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ပါချန်ဒေသခံတစ်ဦးက ပြောသည်။

ချောင်းဝရွာ၊ အေးချန်းသာရွာစသော ပါချန်မြစ်အလယ်ပိုင်းတစ်လျှောက်တွင်လည်း မွေးမြူရေးလုပ်ရန်ဟုဆိုကာ ဒီရေတောပင်များ ခုတ်လဲ၍ နေရာရှင်းလင်းနေသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

“ဂဏန်းမွေးဖို့ဆိုလားပဲဗျ၊ ဒီရေတောထိန်းတဲ့ ရွာသားတွေကို အသိမပေးဘဲ ခုတ်နေတာ အတော်ပြောင်သွားပြီ” ဟု ပါချန်ဒေသခံတစ်ဦးက ပြောသည်။

ဂဏန်းမွေးရန် ခုတ်လှဲထားမှုမှာ ဒီရေအတက်အကျနှုန်းမြင့်သည့် မြစ်ကမ်းစပ်အပင်များဘက်ကို ခုတ်လှဲခြင်းမျိုးမဟုတ်ဘဲ ရေအသွင်းအထုတ်လွယ်ကူသော မြစ်ကမ်းပါးအတွင်းဘက်ပိုင်းနှင့် ကုန်းပိုင်းအစပ်နေရာများကို အဓိကထား ခုတ်ကြခြင်းဖြစ်ရာ မြစ်ကမ်းမှ လှေစီးရင်းကြည့်ပါက မြင်ရရန် မလွယ်ကူပေ။

ပါချန်မြစ်ထိန်းသည့် ဒေသခံတို့က ဖြတ်စက်သံများ ကြားမိ၍ သွားရောက်ကြည့်ရှုကြမှ ဒီရေတောပင်များ ပြောင်သလင်းခါအောင် ခုတ်ထားခြင်း၊ ဂဏန်းမွေးရန်၊ မြေတူးဆွခြင်း/တာဖို့ခြင်းများ လုပ်ထားသည့် လက်ရာခြေရာများကို တွေ့ရှိကြရခြင်း ဖြစ်ကြောင်း ရှင်းပြကြသည်။

မြစ်ဝအထက်ပိုင်း ငါးအိမ်စုရွာအနီးမှ ဒီရေတောအား ကဏန်းမွေးမြူရေးလုပ်ရန် အပြောင်ရှင်း၊ မြေတူးမြေညှိ၊ အဆောက်အအုံ ဆောက်ထားသည့်ပုံ။ (ဓာတ်ပုံ- ပါချန်ဒီရေတော ထိန်းသိမ်းရေးအဖွဲ့ ဝင်တစ်ဦး )

ယင်းဖြစ်စဉ်တို့သည် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အာဏာမသိမ်းမီကမူ ပါချန်မြစ် ထိန်းသိမ်းစောင့်ရှောက်ရေးကို ကော့သောင်းမြို့နယ်အတွင်းရှိ တက်ကြွလှုပ်ရှားသူများက ပါချန်မြစ်တစ်လျှောက်နေထိုင်သည့် ဒေသခံရွာသားများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

အာဏာသိမ်းပြီးနောက်တွင်မူ တက်ကြွလှုပ်ရှားသူအချို့ကို စစ်ကောင်စီက လိုက်လံဖမ်ဆီးမှုများ ရှိလာသည့်အတွက် စစ်ကောင်စီ၏ ဘေးရန်ကြောင့် နေရပ်စွန့်ခွာသွားကြရပြီးဖြစ်ရာ ပါချန်မြစ်ကို စီးပွားရေးလုပ်ငန်းရှင်တို့လက်ထဲ မကျရောက်စေရေးအတွက် လက်ကျန်ပါချန်ဒေသခံတို့ကသာ တတ်နိုင်သမျှ အားထုတ်ကြိုးစားနေကြရသည်။

အာဏာတည်မြဲရေး၊ အခွန်နှင့် လာဘ်ငွေရရှိရေးသာ အာရုံစိုက်နေသော စစ်ကောင်စီနှင့် ၎င်း၏အုပ်ချုပ်ရေး ယန္တရားသည် ပါချန်ကို စီးပွားရေးလုပ်ငန်းရှင်တို့ အလိုကျ စီမံခွင့်ပြုထားသည့်အနေအထားတွင် ရှိနေသည်။

ကော့သောင်းမြို့နယ်အတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့၊ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များရှိသော်လည်း ပါချန်မြစ်ဝပိုင်းနှင့် မြစ်လယ်ပိုင်းကိုမူ စစ်ကောင်စီတပ်နှင့် ၎င်း၏ အုပ်ချုပ်ရေးယန္တယားကသာ အာဏာစူးရောက်နေဆဲဖြစ်သည်။

သို့ကြောင့် ပါချန်မြစ်ထိန်းသည့်ဒေသခံတို့အတွက် ပါချန်ကို စီးပွားရှင်တို့ရန်မှ ကာကွယ်ရန်မှာ စိန်ခေါ်ချက် ကြီးမားနေသည်။

“သူတို့(စီးပွားရှင်တို့)က စစ်တပ်နဲ့ နီးစပ်ကြတယ်လေ။ စစ်တပ်က သူတို့ကို ကာကွယ်ပေးမှာပေါ့။ ကျွန်တော်တို့က ခုဆို သူတို့လုပ်တာကို ဟန့်တားဖို့နေနေသာသာ မြစ်ဝဘက်တောင် သွားမကြည့်ရဲတော့တဲ့အခြေအနေဆိုတော့” ဟု ပါချန်မြစ်ထိန်းသိမ်းရေးအဖွဲ့ဝင် ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံတို့၏ထမင်းအိုး

ပါချန်မြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံတို့ကမူ မြစ်ကမ်းတစ်လျှောက် ပေါက်နေသည့် ဒီရေတောတို့က ၎င်းတို့၏ ပဒေသာပင်များဟု မှတ်ယူကြသည်။

ပါချန်မြစ်ကမ်းဒီရေတောအတွင်း ကနစို၊ သံသတ်(သို့)ကျွဲတညင်း၊ ပင်လယ်ဂေါ်၊ ရေနွယ်၊ နေနတ်နွယ်၊ တယော၊ မှိုင်း၊ စလူ၊ ကုလားဇောင်း၊ သင်းပေါင်း၊ ကြက်ရိုး၊ ဘော်အိုးကြယ်၊ ဘုတ်၊ ဘူ၊ သစ်ခွ၊ စံကားရိုင်း၊ သပြေ ထပ်တစ်ရာ၊ ဖွတ်မတက်၊ မွတ်၊ နွယ်စက္ကူ၊ လဘ၊ ယက်ဂုံး၊ ကဗြိုင်၊ ဆောင်း၊ ပရုံးပုတ်၊ ဆလုံဟင်းချို၊ ကြိမ်၊ ခရာ၊ ဘိ၊ လုံးဖော၊ ရေငံလျှော်၊ ဆူးကောက်(ဗိုင်းဒါမ)၊ ကောက်ကောက်ညွန့်၊ ပလုပ်ညှောင့်၊ ဓနိ၊ ကျားပဟုန်း၊ ကျောက်သင်ပုန်းနဲ့ အခြား အမျိုးအမည်မသိသော အပင်များစွာ ပေါက်ရောက်နေသည်။

၎င်းဒီရေတောတို့ကို အမှီပြုပေါက်ဖွားနေထိုင်ရှင်သန်ကြသော ငါး၊ ပုစွန်၊ကဏန်း၊ ခရု၊ ကမာ၊ ကင်း၊ စသည့်ရေနေသတ္တဝါတို့ကို ဒေသခံတို့က ဒီရေတော၊ မြစ်ကမ်းတစ်လျှောက်နှင့် မြစ်တစ်လျှောက်တွင် ရှာဖွေဖမ်းဆီး စားသောက်အသက်မွေးကြသည်မှာ ရပ်ရွာ စတင်တည်ထောင်ကြကတည်းက ဖြစ်သည်။

ထို့ကြောင့် ဒီရေတောကို ထိခြင်းသည် သူတို့ထမင်းအိုးကို ထိခြင်းပင် ဖြစ်နေသည်။

ပါချန်သည် ဒေသခံတို့၏ ထမင်းအိုးဖြစ်သည်။ (ဓာတ်ပုံ – မင်းခန့်)

ခေတ်ကာလ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ထိုင်းဈေးကွက်သို့ တင်ပို့လျှင် ဈေးကောင်းရသော အကောင်ပလောင်များကို ပါချန်တဖက်ကမ်း ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနိုင်လာသောအခါ ၎င်းတို့၏ စားဝတ်နေရေး ပိုအဆင်ပြေလာကြသည်။

“ကျွန်တော့် သားသမီး သုံးယောက်ကို ဒီအလုပ်နဲ့ပဲ ကျွန်တော် ကျောင်းထားခဲ့တာ” ပါချန်မြစ်ကမ်း ရွာတစ်ရွာနေ ကိုဗိုက်လှက ပြောသည်။ ကိုဗိုက်လှသည် ကဏန်းမဲအရှင် ဖမ်းရောင်းဖြစ်သူသည်။ ချောင်းအတွင်း ပိုက်ထောင်သည်။ ကမ်းတစ်လျှောက် တွင် ကင်းနှိုက်သည်။

ပါချန်မြစ် မြန်မာကမ်းတွင် ယခင်က ထိုင်းလူမျိုးတို့ အခြေချနေထိုင်ခဲ့ကြပြီး ပါချန်မြစ်ကမ်းတလျှောက် ဆိပ်ဖူး၊ ဖော့သုတ်၊ ဖလက်ဆိုင်၊ ခိကခွိုင်း၊ ဖလက်ခွ၊ အေးချမ်းသာ၊ မာရမ်း၊ လုံးဖော၊ ထုံပရိ စသော ရွာကြီး ၉ ရွာ ရှိခဲ့သောကြောင့် ရှမ်းကိုးရွာဟု ခေါ်ခဲ့ကြသည်။

လက်ရှိတွင် ညောင်ပင်ကြီး(ရာဇဌာနီ)၊ အေးမြမင်္လာ၊ ဝိုင်ဒင်း၊ အေးမြသာ၊ ချောင်းဆုံ၊ အောင်သာယာ၊ လုံးဖောငယ်၊ လုံးဖောကြီး၊ ပါစံ၊ နာလီချမ်း၊ နမ်မနွယ်၊ လင်းဖိန်း၊ ဒွန်ယဉ်း၊ ဖော့သုတ်၊ ဘန်နော့၊ နိမ်ဘမ်း၊ နိမ္ကေရာ၊ ထုံပရိ၊ ထာမခ၊ ဒွန်ကလန်း၊ မာရမ်းနော့၊ မာရမ်းနေရိုင်၊ ဒွန်းစမ်း၊ ဒွန်နူး၊ ခိကခွိုင်း(ဆိပ်ဖူး)၊ ဘန်းကလန် စသဖြင့် ကျေးရွာငယ် ၄၅ ခု ပေါ်ပေါက်လာကာ မြန်မာနိုင်ငံသားများသာ နေထိုင်ကြတော့သည်။

ပါချန်မြန်မာကမ်းတစ်လျှောက် အိမ်ထောင်စု ၁၅၀၀ ခန့်ရှိပြီး လူဦးရေ ၅၀၀၀ ခန့်က ပါချန်မြစ်ကို အမှီသဟဲပြု နေထိုင်နေကြသည်။

မြစ်ကိုထိန်းမှ ထမင်းဝမည်

အေးချမ်းသာ၊ မာရမ်း စာသော ရွာကြီးအချို့မှလွဲ၍ ရွာအများစုမှာ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန အမည် မပေါက်ကြပေ။ ထို့အတူ ကားလမ်းနှင့် လျှပ်စစ်မီးတို့ မရရှိကြပေ။

သို့သော် ပါချန်ဒေသခံတို့က များစွာ စောဒက မတက်ကြဘဲ ရရစားစား ရှင်သန်နေထိုင်ကြသည်။

ပါချန်ဒေသတွင် မြေနေရာ ခုတ်ထွင်ရှင်းလင်းပြုပြင်စရာ မလိုသော ခရု၊ ကမာ မွေးမြူရေးလုပ်ငန်းများလည်း ထွန်းကားလာကြပြီး မြစ်ကမ်းတစ်လျှောက်တွင် မိသားစုတနိုင်တပိုင် သဘာဝမွေးမြူရေးလုပ်ငန်းများပါ လုပ်ကိုင်လာကြသည်။

ထို မွေးမြူရေးနှင့် ရေလုပ်ငန်းတို့ကို အကြောင်းပြု၍ ရောင်းဝယ်ဖောက်ကားလုပ်ငန်းများလည်း တိုးတက်ပွားများလာကာ မြစ်တစ်လျှောက်ရွာများ စည်ပင်ဖွံ့ဖြိုးလာခဲ့သည်။

တပြိုင်နက်တွင် မြစ်ဝရှိ ကော့သောင်းမြို့၏ စီးပွားရေးလုပ်ငန်းတို့ကလည်း အရှိန်အဟုန်နှင့် ကြီးထွားလာသည်။

ထိုင်းနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့သည် ပင်လယ်ရေလုပ်ငန်း အဓိက လုပ်ကိုင်သည်။ ချဲ့ထွင်လာ သည့်အလျောက် ငါးဖမ်းလုပ်ငန်းနှင့် ဆက်စပ်သည့် သင်္ဘောပြင်ဒေါက်ကျင်းများ၊ လောင် စာဆီသိုလှောင်ရုံများ၊ အအေးခန်းစက်ရုံများ၊ ငါးအမှုတ်ကျိတ်စက်ရုံများအပါအဝင် ပစ္စည်းသိုလှောင်ရန် ဂိုဒေါင်များတည်ဆောက်ရန်အတွက် နေရာသစ်များ လိုအပ်လာသည်။

ယင်းနေရာများသစ်များအတွက် ဒီရေအတက်အကျ လှေကြီးနှင့်သင်္ဘောများ အချိန်မရွေးဝင် ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားများ တည်ဆောက်နိုင်သော ပါချန်မြစ်ကမ်းတလျှောက် မျက်စိကျကြခြင်း ဖြစ်သည်။

ယင်းလုပ်ငန်းများနှင့်အပြိုင် ငါး၊ ပုစွန်၊ ကဏန်း၊ ခရု၊ ကမာ စသည့် ရေသတ္တဝါ အကြီးစားမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်သူတို့ကလည်း ပါချန်မြစ်တစ်လျှောက်ရှိ ဒီရေတောတို့ကို မျက်စိကျလာကြသည်။

အထက်ပါလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် စီးပွားရှင်တို့က ၂၀၁၄ ခုနှစ်ခန့်မှစ၍ သွေးတိုးစမ်းမှုများ ရှိလာသည်။ ထိုအခါ ပါချန်သားတို့က အထိမခံဘဲ မာမာတင်းတင်း ကာကွယ်လာကြသည်။

သားငါးပေါက်ဖွားရာ၊ သဘာဝဒဏ်ကာကွယ်ရာ ဒီရေတောပင်များ ဆုံးရှုံးမှု၏ ဆိုးကျိုးကို ပါချန်သားတို့ ထိတွေ့ခံစားဖူးခဲ့ပြီးဖြစ်သည်။ ပါချန်သားတို့သည် ဒီရေတော၏တန်ဖိုးကို မသိခင်က ဒီရေတောပင်များကို ခုတ်ယူကာ မီးသွေးဖုတ်ရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်ဖူးကြသည်။ ပါချန်မီးသွေးသည် ကော့သောင်း ဒေသတွင်သာမက ထိုင်းဘက်တွင်ပါ နာမည် ရခဲ့ဖူးသည်။

ဆိုးကျိုးအနေဖြင့် မြန်မာဘက် မြစ်ကမ်းပါးပြိုခြင်းနှင့် ဒီရေတောမျိုးစိတ်အချို့ ထိုင်းဘက်ကမ်းသို့ အပြီးတိုင် ပြောင်းရွှေ့သွားကြခြင်းတို့ ကြုံခဲ့ရသည်။

“တချို့ကဏန်းအမျိုးအစားတွေဆို ထိုင်းဘက်ဒီရေတောမှာပဲနေတော့တယ်၊ ဒီဘက်ကို ခုထိ ပြန်မလာကြတော့ဘူး” ဟု ပါချန်ဒေသခံတစ်ဦးက ပြောသည်။

သို့ကြောင့် ဒီရေတောပင်များ အလွန်အကျွံခုတ်ခြင်းကို သူတို့ ရပ်ဆိုင်းလိုက်ကြပြီး ရေရှည်လုပ်ကိုင်နိုင်သည့် ရေသတ္တဝါ ဖမ်းဆီးစားသောက်ရောင်းချခြင်းလုပ်ငန်းသာ လုပ်ကိုင်ခဲ့ကြသည်။ သို့ကြောင့် နောက်ထပ် ဒီရေတော အစုလိုက်အပြုံလိုက် ခုတ်ထွင်ရှင်းလင်းမှုမျိုးကို သူတို့ လက်သင့်မခံနိုင် ကြတော့ပေ။

သဘာဝ ပတ်ဝန်ကျင်နှင့် ပါချန်မြစ်ကို ချစ်မြတ်နိုးသော ကော့သောင်းမြို့ပေါ်မှ ဒေသအရေး တက်ကြွလှုပ်ရှားသူတို့က ပါချန်ဒေသသို့ ရောက်လာကာ ဒေသခံတို့နှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ်တွင် “ပါချန်မြစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့”ကို ဖွဲ့စည်းလိုက်သည်။

ထိုအဖွဲ့က ပါချန်အတွင်း ပါချန်မြစ်အတွင်း အမှိုက် ဆယ်ကြသည်။ ပါချန်မြစ်ကမ်းရွာများ အမှိုက် ကင်းစင်ရေးလုပ်ငန်းများ လုပ်ဆောင်ကြသည်။

ဒီရေတောပင်များ အလွန်အကျွံ ခုတ်ဖြင်းကို ကန့်သတ်တားမြစ်ကြသည်။ အစိုးရသစ်တောဌာနနှင့် ချိတ်ဆက်ကာ ကမ်းစပ်တစ်လျှောက်နှင့် လိုအပ်သည့်နေရာများတွင် ဒီရေတောပင်များ စိုက်ကြသည်။

သူတို့အဖွဲ့၏ လုပ်ဆောင်ချက်ကြောင့် ပါချန်ဒေသတွင် အမှိုက်ကင်းစင်ကျေးရွာများ ပေါ်ပေါက်လာသည်။ ကျေးရွာများအတွင်း အမှိုက်သိမ်းစနစ်များ ကောင်းမွန်လာပြီး စနစ်တကျ အမှိုက်စွန့်ပစ်သည့်လုပ်ငန်းများ ထွန်းကားလာသည်။

ထို့အပြင် ဒီရေတောပင်များ ပါချန်သားတို့သည် အထိမ်းအမှတ်နေ့များတွင် လူစုလူဝေးဖြင့် ဒီရေတော ပင်စိုက်ပျိုးခြင်းမျိုးအပြင် ကိုယ်ထူကိုယ်ထ တနိုင်တပိုင် စိုက်ပျိုးခြင်း၊ ရှင်သန်အောင် ပြုစုခြင်းများ ပြုလုပ်လာကြသည်။

ဒီရေတောပင်များ ခုတ်ထွင်ခြင်း၊ မြစ်အတွင်းနှင့် မြစ်ကမ်းပါးသို့ အမှိုက်စွန့်ခြင်းသည် သူတို့၏ ထမင်းအိုးကို ရိုက်ခွဲခြင်းနှင့်တူကြောင်း ပါချန်မြစ် ထိန်းသိမ်းရေးအဖွဲ့က ပါချန်သားတို့အသိတွင် အရိုးစွဲစေနိုင်ခဲ့သည်။

ဒေသခံတို့ ဒီရေတော ထိန်းသိမ်းရေး လုပ်နိုင်ခဲ့စဉ်က ငါးအိမ်စုဒီရေတော စိုက်ထိန်းခဲ့သည်။ (ဓာတ်ပုံ- ပါချန်ဒီရေတော ထိန်းသိမ်းရေးအဖွဲ့ )

ဒီရေတောများကို စီပွားရှင်တို့ရန်မှ ကာကွယ်ထိန်းသိမ်းထားနိုင်ရေးရည်ရွယ်၍ ရွာသားတို့က အစုအဖွဲ့ပိုင်ဒီရေတောများ လျှောက်ထားထူထောင်ကြသည်။

အစိုးရသစ်တောဌာနကလည်း လုပ်ပိုင်ခွင့်များ ချထားပေးခဲ့သည်။ ပါချန်မြစ်ဝပိုင်းဒေသခံရွာသား ၆၀ ဦး ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရသော ရေလယ်ကျွန်း ၂၈၄ ဧက၊ ခမောက်ကြီး(ချောင်းဝ)ရွာသား ၆၀ ဦး ပိုင်ဆိုင်သော ၁၂၉၅ ဧက တို့မှာ အစိုးရသစ်တောဦးစီးဌာနမှ ထုတ်ပေးသည့် “ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ်” ကျထားပြီး ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း ငါးအိမ်စု ၂၂ ဦး လျှောက်ထားသည့် ဒီရေတော ၂၆၅ ဧက၊ ဝဲကြီးရွာသား ၇၂ ဦးလျှောက်ထားသည့် ဒီရေတော ၃၆၀ ဧကနှင့် ဝဲငယ်ရွာသား ၃၈ ဦး လျှောက်ထားသည့် ဒီရေတော ၇၅ ဧကတို့မှာ ခွင့်ပြုချက် ကျလုဆဲဆဲတွင် စစ်တပ်က အာဏာသိမ်းလိုက်ရာ လုပ်ငန်းစဉ်များ ရပ်တန့်သွားတော့သည်။

ခြိမ်းခြောက်ခံနေရသည့် ဒေသခံတို့၏ထမင်းအိုး

အာဏာမသိမ်းမီကမူ ပါချန်မြစ်ကြောတစ်လျှောက်ရှိ ဒီရေတော ထိန်းသိမ်းရေးနှင့် မြစ်ကမ်း တစ်လျှောက်နေ ပါချန်ဒေသသားတို့၏ မြစ်အခြေပြု တနိုင်တပိုင်ဝမ်းစာရှာဖွေရေးတို့ကို အကြောင်းပြုကာ စီးပွားရေးလုပ်ငန်းရှင်တို့၏ စီမံကိန်းများကို ဟန့်တားထားနိုင်ခဲ့ကြသည်။

“ပါချန်မြစ်ကြီးနဲ့ ဒီရေတောတွေ ရှိနေမှ ပါချန်ဒေသသားတွေ ရှင်သန်နေထိုင်နိုင်မယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းပြသပြီး လုပ်ငန်းရှင်ကြီးတွေ ပါချန်မြစ်ကို စိုးမိုးချယ်လှယ် ဖျက်ဆီးကြမယ့်ရန်က ကာကွယ်နိုင်ခဲ့တယ်” ဟု ပါချန်မြစ်ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ကိုရွှေဖန်က ပြောသည်။

သူတို့အဖွဲ့သည် မြစ်ကမ်း ရွာစဉ်လျှောက်ကာ ပါချန်မြစ် ထိန်းသိမ်းရေး ဟောပြောစည်းရုံးသည်။ လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။ မြစ်နှင့် မြစ်ကမ်းတလျှောက် အမှိုက်ကင်းစင်ရေး/အမှိုက်စနစ်တကျ စွန်ပစ်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ကြသည်။ ဒီရေတောပင်များ စိုက်ပျိုးကြသည်။

သစ်တောဌာနတာဝန်ရှိသူများ၊ သဘာဝပတ်ဝန်းကျင်အရေးလုပ်ဆောင်သည့် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာသမားများနှင့် ချိတ်ဆက်ကာ ပါချန်အတွက် အကူအညီ ရယူသည်။

ထိုသူတို့ကို ပါချန်သို့ မရမက ဖိတ်ခေါ်ကာ ကိုယ်တိုင်ကိုယ်ကျ လေ့လာစေ၍ အကြံဉာဏ်နှင့် နည်းပညာများ ရယူသည်။ ကိုရွှေဖန်တို့သည် ပါချန်အရေးကို အစိုးရနှင့် လူထု အာရုံစိုက်လာအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

မြစ်ထိန်းသိမ်းရေး/ဒီရေတော/သစ်တော/သားငါးသယံဇာတ/သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထိမ်းအမှတ်နေ့များကို ပါချန်ဒေသတွင် ကျင်းပကာ ပါချန်ကို လူထုအာရုံစိုက်မှု ပိုရလာအောင် လှုပ်ရှားဆောင်ရွက်သည်။

ကိုရွှေဖန်သည် ထို ပါချန်ထိန်းသိမ်းရေးလုပ်ငန်းကို အကြောင်းပြုကာ “ပါချန်သူရဲကောင်း” အဖြင့် ချီးမြင့်ခံခဲ့ရသူ ဖြစ်သည်။ ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် တနင်္သာရီတိုင်းအခြေစိုက် “တနင်္သာရီအပတ်စဉ်သတင်းစာ က ကိုရွှေဖန်ကို ၂၀၁၉ ခုနှစ်တွင် “ပါချန်သူရဲကောင်း” အဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။

ကိုရွှေဖန်သည် လက်ရှိတွင် ထိုင်းနိုင်ငံ၏ ခရီးသွားကျွန်းတစ်ကျွန်းသို့ ရောက်နေသည်။ သူသည် စစ်အာဏာသိမ်းပြီးနောက် ပါချန်ဒေသတွင် နေထိုင်ရှင်သန်ရန် မလုံခြုံတော့သောကြောင့် ထွက်ခွာလာရသည့် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည်။

ကိုရွှေဖန်ကဲ့သို့ပင် ပါချန်မြစ်ကို ထိန်းသိမ်းကြသည့် ပါချန်မြစ်အရေး တက်ကြွလှုပ်ရှားသူအချို့သည် စစ်တပ်မှ အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် နေရပ်စွန့်ခွာနေကြရသည်။

“အခုအခြေအနေမှာတော့ ပါချန်အတွက် အဝေးက စိတ်ပူပေးနေတာပဲ တတ်နိုင်တဲ့ အခြေအနေပါ” ဟု ကိုရွှေဖန် က ပြောသည်။

မြစ်ရေတိမ်ပြီး စစ်ကောင်စီတပ်အာဏာမစူးရောက်သော၊ ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းစီးပွားရှင်များ မျက်စိ မကျလှသော မြစ်အထက်ပိုင်းတွင်မူ ဒီရေတောတို့က သဘာဝမပျက် ရှိနေကြသေးသည်။ မြစ်ဖျားပိုင်းတွင်ဆိုလျှင် မြစ်ကမ်းဝဲယာတစ်လျှောက် ရွာသားတို့ပင် ခြေမချရဲဟု ဆိုကြသည်။ စစ်တပ်ဘက်ကရော တော်လှန်ရေးတပ်များဘက်ကပါ မိုင်းများ ထောင်ထားကြသောကြောင့် ဖြစ်သည်။

“တောလည်တောင် မသွားရဲကြဘူး၊ မိုင်းနင်းမိကြမှာ ကြောက်လို့” ဟု မြစ်ဖျားပိုင်းမှ ရွာသားတစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်များရော၊ စစ်တပ်ဘက်ကပါ အဝင်အထွက်ရှိသည့် မြစ်အလယ်ပိုင်းတွင်မူ စီးပွားရေးလုပ် ငန်းရှင်တို့၏ အကဲစမ်းကာ ဒီရေတော ခုတ်ထွင်ရှင်းလင်းမှုကို အကြိမ်ကြိမ် ခံနေရကြောင်း ပြောကြသည်။

“ခမောက်ကြီးချောင်းဝဘက်မှာလည်း ခုတ်နေတာ တွေ့တယ်၊ ကျွန်တော်တို့နားမှာလည်း လာလာ ခုတ်နေကြလို့ လိုက်ဟန့်၊ လိုက်တားနေရတာ တတ်မနိုင်ပြီ။ သွားတားရင်တော့ နားလိုက်တာပဲ” ဟု မြစ်လယ်ပိုင်းရွာမှ ဒေသခံတစ်ဦးက ပြောသည်။

မြစ်လယ်ပိုင်းတွင် ခုတ်ထွင်သူတို့မှာ ပုစွန်း၊ ကဏန်းမွေးမြူစီးပွားရေးလုပ်ငန်းရှင်တို့၏ အလုပ်သမား များဖြစ်ကြပြီး ခုတ်ထွင်ယုံမက မြေရှင်း၊ မြေညှိ၊ မြေတူး၊ တာဖို့ခြင်းတို့ပါ လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

ငါးဖမ်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းကြီးများဖြစ်သည့် လှေဆိပ်၊ လှေပြင်သင်္ဘောကျင်း၊ ငါးသိုလှောင်ရုံအအေးခန်း၊ ဂိုဒေါင်ကြီးများတည်ဆောက်ရန် ဒီရေတောမြေရှင်းကာ အဆောက်အအုံများ တည်ဆောက်နေသည့် မြစ်ဝပိုင်းနေရာများ။ (ဓာတ်ပုံ- ပါချန်ဒီရေတော ထိန်းသိမ်းရေးအဖွဲ့ ဝင်တစ်ဦး)

သို့သော် စစ်ကောင်စီတပ်သားတို့ အာဏာလက်တံ အချိန်မရွေးသက်ရောက်သော မြစ်ဝဘက်တွင်ဒီရေတော များ ခုတ်ထွင် ရှင်းလင်းကာ မြေညှိခြင်း၊ အဆောက်အအုံဆောက်ခြင်း လုပ်ဆောင်နေကြသည်ကိုမူ မည်သည့်ပါချန်သားတို့မှ သွားရောက် တားမြစ်ရန် မစွမ်းသာလှပေ။

ပါချန်ဒေသခံတို့ သိရှိထားသည့် အချက်အလက်အရ ဒီရေတော ဧက ၂၀ ခန့် ခုတ်ထွင်ရှင်းလင်းခံထားရပြီး မြေညှိကာ ဂိုဒေါင်၊ လူနေတန်းလျား၊ ဆိပ်ခံတံတားငယ်များ တည်ဆောက်ထားကြသည်။

စစ်ကောင်စီတပ်သည် ပါချန်မြစ်အတွင်း စပိဘုတ်ကြီးငယ်တို့ဖြင့် အချိန်အခါမရွေး ကင်းလှည့်နေတတ်ပြီး ဒေသခံများကို မထင်လျှင် မထင်သလို ဖမ်းဆီးစစ်ဆေးတတ်ကြရာ မည်သူတို့မျှ ၎င်းတို့နှင့် အတွေ့မခံလို၊ အတွေ့မခံရဲကြပေ။

စစ်ကောင်စီအစိုးရလက်အောက်တွင် အမှုထမ်းနေကြသည့် သစ်တောဌာနတို့သည်လည်း ပါချန်သားတို့ကို ဆက်သွယ်လာခြင်း၊ ပါချန်တွင်းသို့ လာရောက်စစ်ဆေးခြင်း မရှိကြတော့ပေ။ သို့ကြောင့် ဒေသခံပါချန်မြစ်ထိန်းသိမ်းရေးသမားတို့လည်း ယခင်လို မမာနိုင်ကြတော့ပေ။

သူရဲကောင်းမကယ်နိုင်တော့သည့် ပါချန်

အစုအဖွဲ့ပိုင်သစ်တော လုပ်ကိုင်ခွင့်ရထားသည့် ဒေသခံတစ်ဦးကမူ သူ့ဖုန်းထဲတွင် သိမ်းထားသည့် ခွင့်ပြုလက်မှတ်ကို ပြကာ အောက်ပါအတိုင်း ညည်းတွားသည်။

“အခုချိန်မှာ ဒီလက်မှတ်က ဘယ်သူ့ကို သွားပြလို့ ရမှာလဲ၊ စစ်တပ်နဲ့ စီးပွားရေးသမားတွေက တစ်ဖက်တည်း ဖြစ်နေတာလေ”

နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်းများစွာ ရင်ဆိုင်နေရသော စစ်ကောင်စီသည်လည်း ပါချန်မြစ်ထိန်းသိမ်းရေးကို လှည့်ကြည့်နိုင်သည့်အခြေအနေ မတွေ့ရပေ။

ထိုအခြေအနေကပင် ပါချန်ကို မျက်စောင်းကျနေသော စီးပွားရှင်၊ ကုမ္ပဏီတို့က ပါချန်မြစ်ကမ်းတစ်လျှောက်အား သူ့ထက်ငါဦး အလုအယက် နေရာဝင်ဦးနိုင်ကြမည့် အခွင့်အလမ်း ဖြစ်နေသည်။

လက်ရှိတွင်လည်း ပါချန်မြစ်ကမ်းကို ခြံစည်းရိုးခတ်ကာ မြေနေရာပြုပြင်ခြင်း၊ ဒီရေတောများ ခုတ်ထွင်ခြင်းတို့ကို စီးပွားရှင်တို့ဘက်က လုပ်ဆောင်လာနေကြရာ ပါချန်မြစ်ကို အမှီသဟဲပြုနေထိုင်သူတို့ စိုးရိမ်ကြောက်ကြ ဖြစ်နေကြရပြီ ဖြစ်သည်။

“ကုန်းပေါ်မှာက ဆီအုန်းနဲ့ ရော်ဘာကုမ္ပဏီတွေက မြေအကုန်ယူထားတယ်၊ မြစ်ကမ်းမှာက ရေလုပ်ငန်းရှင်တွေ နေရာ ထပ်ယူလိုက်ရင် ကျွန်မတို့က ဒီမှာ ဘယ်လို ဆက်နေလို့ ရတော့မလဲ” ဟု မာရမ်းကျေးရွာအုပ်စုနေ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ယုဇနကုမ္ပဏီပိုင် ဆီအုန်းခြံများ၊ ဒေသခံလုပ်ငန်းရှင်များပိုင် ရော်ဘာခြံများက ပါချန်မြစ်ကမ်း တစ်လျှောက် ကျေးရွာများ၏ ရွာအစပ်ထိ ရောက်နေကြသည်။

ကုန်းပေါ်တွင် ပါချန်ဒေသခံတို့ ဥယျာဉ်ခြံ တစ်ပိုင်တပိုင် တည်ထောင်စိုက်ပျိုးရန်ပင် နေရာလွတ်မရှိကြပေ။ ပါချန်မြစ်သာ ကုမ္ပဏီများ၊ စီးပွားရှင်များလက်ထဲ ကျရောက်သွားပါက ဒေသခံတို့ အသက်မွေးမှုနှင့် ရှင်သန်နေထိုင်ခွင့်အတွက် စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း ပါချန်မြစ်ထိန်းသိမ်းရေးအဖွဲ့အတွင်းရေးမှူး ကိုရွှေဖန်က သုံးသပ်သည်။

ပါချန်သူရဲကောင်း ကိုရွှေဖန်သည် လက်ရှိတွင် ပါချန်ကို ကိုယ်တိုင် မကာကွယ်နိုင်ပါ။ ပါချန်ကို ကာကွယ်နိုင်သူတို့မှာ ပါချန်သားတို့ကိုယ်တိုင်သာ ဖြစ်ကြောင်း ကိုရွှေဖန်က ပြောသည်။

“ကျွန်တော်တို့က ကျွန်တော်တို့မရှိရင်လည်း ပါချန်မြစ်ကို ပါချန်ဒေသခံတွေ ကာကွယ် စောင့်ရှောက်နိုင်အောင် အစကတည်းက စီစဉ်လုပ်ဆောင်ခဲ့တယ်။ ပါချန်ကိုစောင့်ရှောက်နေသူတိုင်းက ပါချန်သူရဲကောင်းပါပဲ။ ပါချန်ကို စောင့်ရှောက်ဖို့ ပါချန်ဒေသခံတိုင်းမှာ တာဝန်ရှိပါတယ်”

သို့သော်လက်ရှိအချိန်မှာ မြစ်အခွင့်အရေးမပြောနှင့် မိမိအခွင့်အရေးပါ မိမိပြောခွင့်မရ၊ မပြောရဲကြသည့် ဒေသခံများအနေဖြင့် ပါချန်မြစ်ကိုယခင်ကဲ့သို့ စောင့်ရှောက်ရန်မှာ မလွယ်ကူတော့ချေ။

ထို့ကြောင့် ပါချန်မြစ်သည် သူ့ကိုကယ်တင်နိုင်မည့် သူရဲကောင်းများကို မျှော်နေလေသည်။

မင်းခန့်