ကျွန်းစုမြို့နယ် တောပြားကျေးရွာအုပ်စု မင်းခေါင်းဆေးရွာက စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့နှင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ)ထံမှ သိရသည်။
ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးနောင်မေးနှင့် ဦးကြယ်စင်အောင်တို့က မင်းခေါင်းဆေးကျေးရွာတွင် ပျူစောထီးတပ်ဖွဲ့ရန် တပ်သားသစ်များကို ခေါ်ယူစုဆောင်း၍ စစ်သင်တန်းပေးနေကြောင်း သတင်းပေးတိုင်ကြားချက်အရ ကျွန်းစုမြို့နယ် ပကဖက ဖမ်းဆီးရန် သွားရောက်ခဲ့ကြောင်း ယင်းအဖွဲ့က ယနေ့ မနက်တွင် ထုတ်ပြန်သည်။
ယင်းသို့သွားရောက်ဖမ်းဆီးချိန်တွင် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ နှစ်ဦးစလုံး ထိခိုက်သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျွန်းစုမြို့နယ်အတွင်း စစ်မှုထမ်းရန်ခေါ်ယူခြင်း၊ ပျူစောထီးတပ်သားသစ် စုဆောင်းခြင်းများမလုပ်ရန် မြို့နယ်ပကဖက စာထုတ်သတိပေးထားပြီး ဖြစ်သော်လည်း ဦးနောင်မေးနှင့် ကြယ်စင်အောင်မှာ ပျူစောထီးအဖွဲ့ဖွဲ့ရန် တပ်သားသစ်များကို ခေါ်ယူစုဆောင်းနေသည်ဟု မြို့နယ်ပကဖ တာဝန်ရှိသူ ကိုနဂါးက ဆိုသည်။
“ဒါတွေမလုပ်ဖို့ မင်းခေါင်းဆေးရွာကို လှမ်းပြောထားတာရှိတယ်။ ဒီကြားထဲမှာပြည်သူတွေ တိုင်ကြားချက်လည်းပါတယ်၊ အားလုံးကျွန်တော်တို့ ထောက်လှမ်းထားပြီးပြီ၊ ဒီအပေါ်မှာ သေချာခိုင်မာလို့ နောင်မေးက ဦးဆောင်ပြီးတော့ ပျူစောထီးတွေ သင်တန်းသားစေလွှတ်တာတို့ ကျေးရွာနေပြည်သူတွေရဲ့ တင်ပြချက်အရလည်း ကျွန်တော် တို့သိရတာပေါ့” ဟု ကိုနဂါးက ဆိုသည်။
သွားရောက်ဖမ်းဆီးချိန်တွင် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးလိုက် ရခြင်းကြောင့် သေဆုံးသွားခြင်းဖြစ်ပြီး ပြန်လည်ခုခံသည့် လက်နက်ကို မရရှိဟု ဆိုသည်။
ဦးနောင်မေးမှာ အသက် ၅၀ ကျော်ခန့်ရှိပြီး ဦးကြယ်စင်အောင်မှာ အသက် ၄၀ ကျော်ခန့်ရှိကြောင်း ဒေသခံများထံမှသိရသည်။