BREAKING
January 15, 2025

ကျိုက်ထိုမြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့ကို စစ်ကောင်စီတပ်ဖမ်းဆီး

August 20, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရဲမှူး ဇော်ဇော်နှင့် ရဲအုပ်ပြည်သူရစိုးတို့ကို စစ်ကောင်စီတပ်က ဖမ်ဆီးပြီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ဆက်သွယ်ပြီး သတင်းပေးနေသည်ဆိုသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီက မြို့နယ်ရဲမှူး ဇော်ဇော်ကို ဩဂုတ်လ ၁၆ ရက် ညက ၎င်းနေထိုင်ရာ အိမ်ရာဝင်းအတွင်း ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း အထက်ပါ နီးစပ်သူတို့က ဆိုသည်။

ဩဂုတ် ၁၄ ရက်ကလည်း ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ်ပြည်သူရစိုးကို PDF အဖွဲ့နှင့် ဆက်သွယ်သည်ဆိုပြီး ရဲစခန်းဝင်း အတွင်းရှိ နေအိမ်တွင်ပင် စစ်ကောင်စီတပ်တို့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

ရဲအုပ်ကို ဖမ်းဆီးသွားပြီးနောက် နှစ်ရက်အကြာတွင် မြို့နယ်ရဲမှူးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့ကို ကျိုက်ထိုအခြေစိုက် စစ်ကောင်စီ တပ်မ-၄၄ ဌာနချုပ်ရှိ စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းနေကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့က ဆိုသည်။

“PDF တွေကို ဆက်သွယ် သတင်းပေးနေတယ်ဆိုပြီးတော့ ဖမ်းသွားတာ။ ရဲအုပ်ကို ဖမ်းပြီး နှစ်ရက်အကြာမှာ မြို့နယ်မှူးကို ဖမ်းတာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၅ ရက်ကလည်း ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်း စိုးရာဇာ၊ နယ်ထိန်း ဝဏ္ဏထွန်းနှင့် ယာဉ်ထိန်း ရဲတပ်ကြပ်အောင်နိုင်ဦးတို့ သုံးဦးကိုလည်း PDF အဖွဲ့ထံ သတင်းပေးပို့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးသည်။

ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များကို ဆက်သွယ်သတင်းပေးသည်ဆိုပြီး ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီးနေသလို ပြည်သူများကိုလည်း ဆက်တိုက်ဖမ်းဆီးနေသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ပံ့နေသည်ဆိုပြီး ဩဂုတ်လ ၁၂ ရက်တွင်လည်း ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် မောင်နှမနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သေးသည်။