BREAKING
October 18, 2024

လုပ်ခဘတ် ၁၀ သန်းမရသဖြင့် မြန်မာလုပ်သားများဆန္ဒပြမှု ထိုင်းအစိုးရကြားဝင်ဖြေရှင်း

August 20, 2024

ပုံစာ - ဩဂုတ်လ ၁၆ ရက် ညတွင် ဆန္ဒပြတောင်းဆိုနေသော မြန်မာအလုပ်သမားများ။

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင်ရှိ တရုတ်သူဌေးပိုင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ခလစာ ဘတ် ၁၀ သန်းခန့်ကို ထုတ်ပေးခြင်းမရှိသဖြင့် မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုကို ထိုင်းအလုပ်သမားဝန်ကြီးဌာန ကြားဝင်ဖြေရှင်း နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စီမဟာဖို့ဒေသ ရိုဂျာနားစက်မှုဇုန်အတွင်းရှိ Chang Cheng Co ကုမ္ပဏီ၏ လျှပ်စစ်စက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀၀ ခန့်ကို အလုပ်ရှင်က လုပ်အားခနှစ်လစာ မပေးသဖြင့် ဩဂုတ်လ ၁၆ ရက် ညဘက်တွင် စုပေါင်းဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် ထိုင်းအလုပ်သမားဝန်ကြီးက အလုပ်သမားကာကွယ်စောင်ရှောက်ရေးရုံးနှင့် ကျန်ဌာနဆိုင်ရာများကို ညွှန်ကြားထားကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr Phumiphat Mueanchan က ဩဂုတ်လ ၁၉ ရက်တွင် ပြောသည်။

မြန်မာအလုပ်သမားများကို တရုတ်ကုမ္ပဏီတစ်ခုက ခန့်အပ်ထားခြင်းဖြစ်ပြီး အဆိုပါဆောက်လုပ်ရေးလုပ်ငန်းတွင်လည်း တရုတ်အစိုးရက ရင်းနှီးမြုပ်နှံထားသည်ကို စုံစမ်းသိရှိရကြောင်း သတင်းများတွင် ဖော်ပြသည်။

အလုပ်သမားများကို ဇွန်လမှစ၍ လုပ်ခလစာ ပေးချေမှု မရှိတော့သည်ကို အလုပ်သမားဝန်ကြီးဌာနက စုံစမ်းသိရှိရပြီး တရုတ် နိုင်ငံရှိ ပင်မကုမ္ပဏီကနိုင်ငံတကာငွေလွှဲပြောင်းမှု မရှိသေးသဖြင့် လုပ်အားခ ပေးချေနိုင်ခြင်း မရှိသေးဟု ကုမ္ပဏီဘက်က အကြောင်းပြထားကြောင်း ပြောခွင့်ရသူက ဆိုသည်။

ယင်းအချိန်ကာလအတွင်း မြန်မာအလုပ်သမားများသည် လုပ်ခလစာ မရရှိနေသော်လည်း အလုပ်ဆက်လုပ်နေရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနနှင့် ကုမ္ပဏီတာဝန်ရှိသူများက ဩဂုတ်လ ၁၇ ရက်တွင် အလုပ်သမားများ ယာယီအဆင် ပြေစေရန် တစ်ဦးလျှင် ဘတ် ၅၀၀ စီ ပေးအပ်ထားကြောင်းလည်း ဆိုသည်။

မနက်ဖြန် ဩဂုတ်လ ၂၁ ရက်တွင် ကျန်ရှိနေသော လုပ်အားခအားလုံးကို ကုမ္ပဏီဘက်က ငွေသားဖြင့် ထုတ်ပေးသွားမည်ဟု ကတိပေးထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ပြောခွင့်ရသူက ပြောဆိုသည်။

မြန်မာအလုပ်သမားများသည် ကုမ္ပဏီ၏ ပရဝုဏ်အတွင်း ၎င်းတို့၏ ရသင့်သော အခွင့်အရေးများကို တောင်းဆို ဆန္ဒပြခြင်း ဖြစ်သဖြင့် ဥပဒေနှင့် ညီကြောင်း ၎င်းက ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့ ကွင်းဆင်းပြီး အလုပ်သမားများ ဥပဒေနှင့်အညီ အခွင့်အရေးများ ရရှိရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောခွင့်ရသူက ဆက်လက်ပြောဆိုသည်။

စက်ရုံဆောက်လုပ်ရေးလုပ်ငန်းကို ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ် ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Bangkok Post, The Thaiger