BREAKING
January 15, 2025

ပလမြို့ ရဲစခန်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးကျည်စထိမှန်သေဆုံး

August 20, 2024

ပုံစာ - လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် ပလရဲစခန်းအား ဝေဟင်မှမြင်ရပုံ (ပုံဟောင်း)။ ဓာတ်ပုံ - မြိတ်ခရိုင် တပ်ရင်း (၁)

ပုလောမြို့နယ်၊ ပလမြို့ နယ်မြေရဲစခန်းက ဩဂုတ်လ ၁၈ ရက် ညပိုင်းတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၆ နှစ် ဝန်းကျင် ကလေးငယ်တစ်ဦး ကျည်စထိမှန်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသည့် ကလေးငယ်သည် တိုကျေးရွာအုပ်စု၊ တန်းရှင်းရွာက ပထမတန်းတက်နေသည့် ကျောင်းသားဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ပလရဲစခန်းကနေ တိုရွာနဲ့ တန်းရှင်းရွာဘက်ကို ပစ်တာ သုံးချက်လောက်ရှိတယ်။ တစ်ချက်က ကလေးငယ်အိမ်ဘေးက သစ်ပင်မှာ ထိပြီး အစက ကလေးငယ်ကို ထိသွားတယ်။ ကျန်တဲ့နှစ်ချက်ကတော့ ဘယ်နေရာမှာ ကျမှန်းမသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

Dawei Watch က ရရှိသည့် ဓာတ်ပုံတွင် ကလေးငယ်၏ ဘယ်ဘက်ရင်ဘတ်တွင် ကျည်စထိမှန်သည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကို မြင်တွေ့ရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်က တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက “အခုရက်ပိုင်းအတွင်း ပလရဲစခန်းကိုသွားရောက်ပစ်ခတ်တာရော၊ တိုက်ပွဲရောမရှိဘူး။ အကြောင်းမဲ့ လက်နက်ကြီးပစ်တာပါ။ အရင်ကလည်း ပလမြို့ပတ်ဝန်းကျင်ကို ရဲစခန်းက လက်နက်ကြီးထုလေ့ရှိပါတယ်” ဟု ပြောသည်။

ပလမြို့ခံများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံများကလည်း ပလရဲစခန်းက တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲလည်း လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိကြောင်း ပြောဆိုကြသည်။

“ပလမြို့ဝန်းကျင်က ရွာတွေကို အမြဲပစ်တယ်။ တခါတလေ ပလမြို့ထဲဘက်လည်း ပစ်တာပဲ။ ကလေးငယ်သေတဲ့ နောက်နေ့ကစပြီး ပစ်သံတော့ ထပ်မကြားရသေးဘူး” ဟု ပလမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ရက်ကလည်း ပလရဲစခန်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပလမြို့တွင်းသို့ လက်နက်ကြီး ကျရောက်ပြီး ကျည်စထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့သည်။