BREAKING
January 15, 2025

ရေဖြူတွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အရပ်သားလေးဦး ဒဏ်ရာရ

August 20, 2023

ရေဖြူမြို့အနောက်ဘက်ကမ်းရှိ ရပ်တော်မူဘုရား လမ်းဆုံအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အရပ်သားလေးဦး ဒဏ်ရာရပြီး နှစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံတစ်ဦး ဩဂုတ်လ ၁၉ ရက်နေ့ ညနေ သုံးနာရီခန့်က ထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ ဒေသခံအရပ်သားလေးဦးကို ကျည်ထိမှန်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ထားဝယ်အထူးစီးပွာရေးဇုန်တည်ရှိသည့် နဘုလယ်ဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဧကနိရွာသား ၁၀ ဦးကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအနက် တစ်ဦးထွက်ပြေးချိန် စစ်ကောင်တပ်က ပစ်ခတ်မှုကြောင့် ကျောင်းကြိုလာသည့် အမျိုးသမီးတစ်ဦးနှင့် ကုန်စုံဆိုင်ရောင်းနေသည့်အမျိုးသမီးတစ်ဦးနှင့် နောက်ထပ် ဒေသခံနှစ်ဦး ကျည်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရေဖြူမြို့ပေါ်တွင် ကုန်စုံဆိုင်ရောင်းသူ မသွယ်သွယ်ဝင်းနှင့် ကျောင်းကြိုလာသည့် ကျောက်ထောင့်ရွာသူ မနန္ဒာတို့မှာ ဒဏ်ရာပြင်းထန်ကြောင်း ၎င်းက ဆိုသည်။

“မသွယ်သွယ်ဝင်းက ဆီးခုံနဲ့ ဗိုက်မှာထိတယ်။ မနန္ဒာက ပေါင်မှာ ထိတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။

ပြင်းထန်ဒဏ်ရာရရှိသူနှစ်ဦးစလုံးမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး မသွယ်သွယ်ဝင်းမှာ ခွဲစိတ်ကုသရမည်အခြေနေ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျည်ထိမှန်ဒဏ်ရာရသူ အရပ်သားနောက်နှစ်ဦးမှာ မင်းဒပ်ရွာနှင့် ရေဖြူ မြို့ပေါ်တို့ကဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့ကစပြီး ထားဝယ်အထူးစီးပွားရေးဇုံဒေသရှိ လဲရှောင်၊ ထိန်ကြီး၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်းစသည့် ကျေးရွာများကို စစ်ကြောင်းထိုးရာနေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် ဧကနိရွာသား ၁၀ဦးအပါအဝင် အရပ်သားများကို လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်လာပြီး ဩဂုတ်လ ၁၈ရက်တွင် ရပ်တော်မူဘုရာအနီး လမ်းဆုံမှာ တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦး ထွက်ပြေးပစ်ခတ်မှုဖြစ်ပွားနေသည့်နေ့တွင် ကျန်ရှိသည့် ဧကနိရွာသားများကိုပါ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။