BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

July 20, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၁၄ ရက်မှ ၂၀ ရက်အထိ

မန္တလေးတိုင်းမှာ ပထမဆုံးသိမ်းယူတဲ့မြို့နယ်ဖြစ်လာတဲ့ စဥ့်ကူး

ဓာတ်ပုံ – MDY-PDF

စဥ့်ကူးမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူတဲ့ မန္တလေးတိုင်းထဲက ပထမဆုံးမြို့နယ်ဖြစ်လာပါတယ်။

စဥ့်ကူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ စဥ့်ကူးမြို့တို့ကို ဇူလိုင်လ ၁၇ ရက်နေ့မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာလို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးရမိသလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်တာကြောင့် မြို့ဧရိယာနဲ့ လူနေအိမ် အများအပြားဟာလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

စဥ့်ကူးမြို့ဟာ မန္တလေးမြို့နဲ့ မိုင် ၅၀ ကျော်အကွာမှာ တည်ရှိတာကြောင့် စစ်ရေးဟာ မန္တလေးနဲ့ နီးကပ်လာပါတယ်။ အဲဒါကြောင့် စစ်ကောင်စီတပ်ဟာ မန္တလေးမှာ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြကြပါတယ်။

စဥ့်ကူးစစ်ဆင်ရေးကို ဇွန်လကုန်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

……………………………………..

တရုတ်စိုးရိမ်ချက်ကြောင့် ရှမ်းမြောက်မှာ လေးရက်ကြာအပစ်ရပ်ခဲ့ပေမယ့် သေနတ်သံမတိတ်

တရုတ် စိုးရိမ်ချက်ကြောင့် ရှမ်းမြောက်မှာ ညီနောင်မဟာတွေဖြစ်တဲ့ ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ဘက်က လေးရက်ကြာ တစ်ဖက်သတ်အပစ်ရပ်ခဲ့ကြပေမယ့် စစ်ကောင်စီနဲ့ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

တရုတ်အာဏာရပါတီဖြစ်တဲ့ ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ်မြောက် အစည်းအဝေး ကျင်းပဖို့ရှိနေတာကြောင့် ကိုးကန့်နဲ့ တအာင်းတပ်တွေဘက်က ဇူလိုင် ၁၄ ရက် ညသန်းခေါင်ကနေ ဇူလိုင် ၁၈ရက် ညသန်းခေါင်အထိ အပစ်ရပ်ခဲ့ကြတာပါ။ ဒါပေမဲ့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာရင်တော့ ပြန်ခုခံမယ်လို့ ခြွင်းချက်ထည့်ထားပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိတဲ့ လားရှိုးမြို့ကို ကိုးကန့်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေချိန်မှာ အပစ်ရပ်ခဲ့တာ ဖြစ်သလို ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲက မြို့နယ်တချို့မှာ ထိုးစစ်ဆင်နေတဲ့ တအာင်းတပ်ကလည်း အပစ်ရပ်ခဲ့တာ ဖြစ်ပါ တယ်။ အဲဒီလို အပစ်ရပ်ကြေညာထားပေမယ့်လည်း မြေပြင်မှာတော့ တိုက်ပွဲတွေ မရပ်တန့်ဘဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

တစ်ဖက်သတ် အပစ်ရပ်ထားတဲ့ကာလမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စစ်အင်အား ဖြည့်တင်း ထိုးစစ်ဆင်တာတွေကြောင့် တိုက်ပွဲဖြစ်ရတာလို့ မဟာမိတ်တပ်တွေဘက်က ဆိုပါတယ်။ အပစ်ရပ် ကာလမှာ လက်နက်ကြီး ကျည်စ ထိမှန်လို့ အရပ်သားပြည်သူ ဆယ်နဲ့ချီလည်း သေဆုံးထိခိုက်ဒဏ်ရာတွေ ရှိခဲ့ပါတယ်။

ဇူလိုင်လ ၁၈ ရက် ညနေပိုင်းမှာဆိုရင် ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ သိန္နီမြို့က စျေးအပါအဝင် လူစည်ကားရာနေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ၁၀ဦး ထက်မနည်းသေဆုံးပြီး ၂၀ လောက်ဒဏ်ရာရခဲ့ပါတယ်။

ရှမ်းမြောက်မှာ တစ်ကျော့ပြန်တိုက်ပွဲကာလ ရက်ပေါင်း ၂၀ကျော်ကာလအတွင်းမှာ အရပ်သားပြည်သူ တစ်ရာကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း ရာနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။

……………………………………..

စစ်ကောင်စီ ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွား

အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးခါနီးအချိန်မှာ စစ်ကောင်စီရဲ့ ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားနေပြီး ဇူလိုင် ၃၀ အထိ ဆေးခွင့်ယူထားရတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။

အာရုံကြောတွေ နှေးကွေးတုံ့ဆိုင်းရောဂါ၊ အာရုံကြောအားနည်းရောဂါတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလလယ်ကနေ စင်ကာပူနဲ့ ပြည်တွင်းမှာ ဆေးကုသမှုခံယူနေရတာလို့ ဆိုပါတယ်။ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးအပါအဝင် ရှစ်ဦးပါတဲ့ အထူးဆေးကု သမှုအဖွဲ့နဲ့ ကုသနေပေမယ့် တိုးတက်လာတာ မရှိဘဲ အစားအသောက် စားတာအပါအဝင် နေ့စဉ် ပုံမှန်သွားလာလှုပ်ရှားမှု ကိုတောင် မလုပ်နိုင်တော့တာကြောင့် အနီးကပ်စောင့်ရှောက်နေရတယ်လို့ ဖော်ပြပါတယ်။

ဇူလိုင်လကုန်ရင် စစ်ကောင်စီအာဏာသိမ်းသက်တမ်း ငါးကြိမ်မြောက် ကုန်ဆုံးမှာဖြစ်လို့ ကာလုံအစည်းအဝေး ခေါ်ယူရတော့မှာ ဖြစ်ပါတယ်။ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကိုလည်း ဧပြီလ တတိယအပတ်မှာ ကျန်းမာရေးအရ အနားယူခွင့် ပေးထားတာကြောင့် ဒုသမ္မတလည်း မရှိ၊ ယာယီသမ္မတလည်း ကျန်းမာရေးဆိုးရွားနေချိန်မှာ ကာလုံအစည်းအဝေး ဘယ်လိုခေါ်ယူကျင်းပမလဲဆိုတာ မေးခွန်းထုတ် စောင့်ကြည့်မှုတွေ ရှိနေပါတယ်။

……………………………………..

သံတွဲမြို့ကို AA ထိန်းချုပ်ထားတယ်လို့ သတင်းထွက်

ဓာတ်ပုံ – MDY-PDF

ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က သိမ်းယူထိန်းချုပ်ထားတယ်လို့ ဒေသတွင်းနဲ့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

မြို့ထဲမှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘူးလို့ဆိုပါတယ်။ မြို့ထဲမှာပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို AA က ဘေး လွတ်ရာရွှေ့ပြောင်းပေးနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ထွက်ပေါ်လာပါတယ်။ ငပလီကမ်းခြေဘက်မှာတော့ စစ်ကောင်စီ ရေတပ်စခန်းအနီးမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

သံတွဲအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို AA က သိမ်းယူပြီး ငပလီကို အရင်ဆုံးထိန်းချုပ်နိုင်ခဲ့တာပါ။ အဲဒီနောက် သံတွဲမြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ AA ဘက်က ထုတ်ပြန်ထား ပါတယ်။ သံတွဲမြို့ကို ထိန်းချုပ်ထားတာနဲ့ပတ်သက်လို့ AA ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

သံတွဲမှာ တိုက်ပွဲတွေကြား ပျောက်ဆုံးနေတဲ့ အရပ်သားပြည်သူ ၄၀ ထက်မနည်းရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ငပလီကမ်းခြေ ဟိုတယ်ဇုန်အနီးမှာတော့ လက်နောက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရသူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။

……………………………………..

နေပြည်တော် အေလာလေတပ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

ပုံစာ – ပြီးခဲ့တဲ့ ဧပြီလက အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က အေလာလေတပ် ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ ပူးပေါင်းပြီး ဇူလိုင်လ ၁၆ရက်နေ့မှာ အေလာ လေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ငါးလုံးကိုတော့ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ A-5 Bomber Jet Fighter တစ်စင်း ပျက်စီးပြီး နောက်ထပ် ဂျက်ဖိုင်တာတစ်စင်းနဲ့ ပို့ဆောင်ရေး လေယာဉ်တစ်စင်းလည်း ထိခိုက်ခဲ့တယ်လို့ တိုက်ခိုက်ရာမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထား ပါတယ်။ လက်နက် ခဲယမ်းတိုက် တစ်လုံး၊ လေယာဉ်ပြုပြင်ရေး အပိုပစ္စည်း ဂိုဒေါင် မီးလောင်ပျက်စီးခဲ့သလို လေတပ်အရာရှိအပါအဝင် ၁၆ဦးသေဆုံးတယ်လို့လည်း ဆိုပါတယ်။

……………………………………..

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်က ဝင်ခွင့်မပြုလို့ လှေနဲ့မျောနေခဲ့ရ

ရခိုင်မြောက်ပိုင်း မောင်တောမြို့မှာ တိုက်ပွဲဖြစ်ပွားနေတာကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဝင်ခွင့်မပြုတဲ့အတွက် စက်လှေနဲ့ နတ်မြစ်ထဲမှာ မျောနေခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၅၀ ထက်မနည်းဟာ ဇူလိုင်လ ၁၄ ရက်နေ့မှာ မောင်တောကနေ စက်လှေ သုံးစင်းနဲ့ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး သူတို့ကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က ဝင်ရောက်ခွင့်မပြုဘဲ တားဆီးခဲ့တာပါ။

အဲဒီလို တားဆီးတာကြောင့် မြစ်ထဲမှာ ၂ ရက်ကြာ မျောနေခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ထိန်းသိမ်းလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြပါတယ်။ ဒီဖြစ်စဉ် ဖြစ်ပြီးနောက်မှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ် သံအမတ်ကို နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

……………………………………..

နိုင်ငံကျော်အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်

နိုင်ငံကျော် ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်းဆိုင်မောဝ် (ခေါ်) ဦးညွန့်မောင်ဟာ ကျောက်ကပ်ရောဂါနဲ့ ဇူလိုင်လ ၁၇ ရက် ညပိုင်းမှာ ကွယ်လွန်သွားပါတယ်။

ရန်ကုန် အင်းစိန်မြို့နယ်က ဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှတော့ အသက် ၇၇ နှစ်ရှိနေပါပြီ။ အဆိုတော် စိုးဆိုင်မောဝ်ရဲ့ နာရေးဈာပနာကို ဇူလိုင်လ ၁၉ ရက်နေ့မှာ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

သူရဲ့အရိုးပြာကို ချယ်ရီပင်အောက်မှာ မြှုပ်နှံပေးဖို့မှာကြားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောဆိုထားပါတယ်။ ရှမ်းပြည် မြောက်ပိုင်း မူဆယ်ဇာတိဖြစ်တဲ့ စိုင်းဆိုင်မောဝ်ဟာ တေးသီချင်းပေါင်းရာနဲ့ချီ သီဆိုခဲ့သလို တေးသီချင်းတွေလည်း ရေးသားခဲ့ပါတယ်။

ချယ်ရီသက်သေ မောင့်မျက်ရည်၊ ရှမ်းပဲပုတ်လေး ကျွန်တော်၊ မောင်ပေးတဲ့အချစ် ပြန်ဆပ်ခဲ့ပါ၊ ကျွန်တော့်ရဲ့စိမ်း၊ တစ်ရွာ သားနဲ့ ပုဝါပါး စတဲ့ သီချင်းတွေဟာ အောင်မြင်ကျော်ကြားခဲ့သလို ရှမ်းမြောက်မှာ လမ်းတွေ ပျက်စီးတဲ့အကြောင်း ရေးဖွဲ့ သီဆိုခဲ့တဲ့ မူဆယ်-နမ့်ခမ်းလမ်း သီချင်းကလည်း လူကြိုက်များပါတယ်။

……………………………………..