စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကိုသိမ်းယူကာ မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မန္တလေးတိုင်းတွင် ပထမဆုံး သိမ်းယူနိုင်သည့် မြို့နယ်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ယနေ့ ဇူလိုင်လ ၂၀ရက်တွင် ကြေညာသည်။
စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် စဉ့်ကူးမြို့တို့ကို ဇူလိုင်လ ၁၇ ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့သောကြောင့် မြို့နေဧရိယာများ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။








စဉ့်ကူးမြို့မှာ မန္တလေးမြို့နှင့် မိုင် ၅၀ ကျော်အကွာတွင် တည်ရှိသည်။
စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေး ပူးပါင်းတပ်တို့က ဇွန်လကုန်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းထဲက မတ္တရာမြို့နယ်တွင်လည်း တိုက်ပွဲများပြင်ထန်နေဆဲဖြစ်သည်။