BREAKING
March 21, 2025

ဘဝပင်ရွာအနီးက ပြည်သူ့ကာကွယ်ရေး တပ်စခန်းဟောင်း မီးရှို့ခံရ

July 20, 2022

ထားဝယ်မြို့နယ် ဘဝပင်ကျေးရွာအနီးတောထဲရှိ ပြည်သူ့ကာကွယ်ရေးတပ်၏ စခန်းဟောင်းတစ်ခုကို ဇူလိုင်လ ၁၉ ရက်က စစ်ကောင်စီ တပ်ဖွဲ့က စစ်ဆေးတွေ့ရှိသဖြင့် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

ဘဝပင်ရွာမှ ဒေသခံနှစ်ဦးကို ဖမ်းဆီးကာ လမ်းပြခိုင်းပြီး ဝင်ရောက်ရှာဖွေရာမှ ယင်း PDF စခန်းဟောင်းတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းစခန်းအား မတွေ့မီ ပြီးခဲ့သည့်တစ်ပတ်ခန့်က ဘဝပင်ရွာနှင့် သင်္ကန်းတုံးရွာမှ ဒေသခံလေးဦး အဖမ်းခံခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းအဖမ်းခံရသူ ၄ ဦးနှင့် ဇူလိုင်လ ၁၉ ရက်က ဖမ်းဆီးပြီး လမ်းပြခိုင်းသူ ၂ ဦးအပါအဝင် စုစုပေါင်း ဒေသခံ‌ ၆ ဦး အဖမ်းခံရသည့်အနက် ၄ ဦး ပြန်လွတ်မြောက်လာပြီး ၂ ဦး အဖမ်းခံထားရဆဲဖြစ်ကြောင်း ဘဝင်ပင်ရွာမှ ဒေသခံတစ်ဦးက ဇူလိုင်လ ၂၀ ရက် ညနေ ၆ နာရီခန့်က ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ဘဝပင်ရွာထဲ မကြာခဏ ရှောင်တခင် စစ်ကြောင်းထိုးဝင်ရောက်လာလေ့ရှိသဖြင့် ဘဝပင်ရွာတွင် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ကျွန်မတို့ပြည်သူတွေက ဘောလုံးလိုဖြစ်နေပြီ။ ဟိုလူက ကန်လိုက် ဒီလူက ကန်လိုက်နဲ့။ အခု ထမင်းချက်မယ့် ဒယ်အိုးတွေကတစ်နေရာ လူကတစ်နေရာ ဖြစ်နေရတယ်” ဟု တိမ်းရှောင်နေရသည့် ဘဝပင်ရွာသူတစ်ဦးက ဆိုသည်။

သင်္ကန်းတုံးရွာတွင်လည်း အလားတူ ထွက်ပြေး တိမ်းရှောင်နေရသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။