ရေဖြူမြို့နယ်ရှိ ကျေးရွာအချို့တွင် တရားမဝင် မြေကွက်ရိုက်ရောင်းချမှု များပြားလာပြီး ရပ်ကျေး လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌကိုယ်တိုင် မတားဆီးနိုင်ဘဲ လက်လျှော့ထားရကြောင်း ပုဂေါဇွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရီစွမ်က ပြောကြားသည်။
ရေဖြူ-ကျောက်ထောင့် လမ်းမနှင့် ရေဖြူ-ကျခတ္တပင်အင်းလမ်းနံဘေးရှိ ဥယျာဉ်ခြံများကို ဒေသခံခြံပိုင်ရှင်များနှင့် လုပ်ငန်းရှင်အချို့က တရားမဝင် အကွက်သစ်ရိုက်ကာ ရောင်းချနေကြကြောင်း ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ ပုဂေါဇွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရီစွမ်ထံမှ သိရသည်။
တရားမဝင် အကွက်ရိုက်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး အနီးနားကျေးရွာများဖြစ်သည့် သဗြေဇွန်းကျေးရွာအထိပါ ကျယ်ပြန့်လာနေကြောင်း ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးရီစွမ်ထံမှ သိရသည်။
ထိုသို့ အကွက်ရိုက်ရောင်းချမှုများကို တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းမှ ၂၀၁၇ ခုနှစ်က လာရောက်တားဆီးခဲ့ဖူးသည်။
မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ
ယင်းအချိန်မှာ ၂၀၂၀ ကာလအထိ ဥယျာဉ်ခြံများအား အကွက်ရိုက်ရောင်းချ ခြင်းများကို ရပ်ကျေးလယ်ယာမြေစီမံခန့် ခွဲမှုဖွဲ့က အမိန့်ကြေညာစာ အကြိမ်ကြိမ်ထုတ်ကာ တားဆီးထားသည်။
တရားမဝင် အကွက်ရိုက်ရောင်းချခြင်းများကို မြို့နယ်လယ်ယာမြေစီမံခန့် ခွဲမှုဖွဲ့ကလည်း အမိန့်ကြေညာစာထုတ်ကာ တားဆီးထားသည်။
ထိုသို့ တားဆီးခဲ့နေသည့်ကြားမှပင် ဥယျာဉ်ခြံများကို အကွက်ရိုက်ရောင်းချခြင်း ဆက်လက်ရှိနေခဲ့သည်။
ရေဖြူမြို့ပေါ်တွင် ဇူလိုင်လ ၄ ရက်နေ့က ကျင်းပခဲ့သော တိုက်ရိုက်မျိုးစေ့ချပွဲ တက်ရောက်လာသည့် တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းအား ပုဂေါဇွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရီစွမ်က ဥယျာဉ်ခြံများကို အကွက်ရိုက်ရောင်းချနေမှုများ ရှိနေသေးကြောင်း အသိပေးပြောဆိုခဲ့သည်။
ယင်းကိစ္စကို လယ်ဆည်ဝန်ကြီး ဦးမြင့်စန်းက ရပ်ကျေးလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့က အမိန့်ကြေညာစာ သုံးကြိမ်ထုတ်ပြီးတားရန်၊ ပြီးပါက မြို့ နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ သုံးကြိမ်စာထုတ်ပြီး တားရန်၊ ယင်းသို့ တားဆီး၍မရမှသာလျှင် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပြောကြားခဲ့ပြီးသည့် အချိန်မှစ၍ ဥယျာဉ်ခြံများ တရားမဝင် အကွက်ရိုက်ရောင်းချမှုများ သိသိသာသာ များပြားလားခဲ့သည့်အတွက် မည်သို့မျှ တားဆီး၍ မရတော့ကြောင်း ဦးရီစွမ်က ပြောသည်။
“အကွက်ရိုက်နေတာတွေက ပိုပြီး အတင့်ရဲလာတယ်။ တားမရတော့ဘူး။ လက်လျှော့ထားလိုက်ပြီ” ဟု ၎င်းက ဆိုသည်။
တရားမဝင် အကွက်ရိုက်ရောင်းချနေသည် ဥယျာဉ်ခြံအများစုသည် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) မရှိသည့် ခြံများဖြစ်ကြောင်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
တရားမဝင်မလုပ်ဘဲ အခြားနည်းအသုံးပြုခွင့်စနစ်တကျလျှောက်ပြီးမှ လုပ်ကိုင်သင့်ကြောင်း မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုဖွဲ့ ဥက္ကဋ္ဌ၊ ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်က ပြောသည်။
“အခြားနည်းအသုံးပြုခွင့် စနစ်တကျ လျှောက်ပြီး တရားဝင်ဘဲ လုပ်စေချင်တယ်” ဟု ၎င်းက ဆိုသည်။