လွန်ခဲ့သည့် ကိုးနှစ်ခန့်က လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဖြစ်ပွားခဲ့သော ငွေစု၊ ငွေချေး လေလံပြဿနာများ၏ နောက်ဆက်တွဲကိစ္စများ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေကြောင်း ယင်းပြဿနာဖြစ်ပွားရာတွင် ပါဝင်သူအချို့ထံမှ သိရသည်။
ယင်းပြဿနာမှာ အလွန်ရှုပ်ထွေးပြီး တစ်ဘက်နှင့်တစ်ဘက် သူမှန်၊ ငါမှန် အငြင်းပွားကာ နောက်ဆုံးတွင် တရားရုံးသို့ ရောက်သွားလေ့ ရှိသည်။
၂၀၁၈ ခုနှစ် ဇွန်လအထိ စာရင်းအရ လောင်းလုံးမြို့နယ်တရားရုံးတွင် ရာဇဝတ်ကြီးအမှု၊ တရားခံပြေးအမှုအဖြစ် စွဲဆိုသည့် ရာဇဝတ် အထွေထွေအမှု၊ ငွေရလိုမှုဖြင့် စွဲဆိုသည့် တရားမကြီးအမှု၊ တရားမကြီးအမှုတွင် အနိုင်ရပြီး တရားရုံးမှတစ်ဆင့် ငွေတောင်းခံသည့် တရားမ ဇာရီအမှု စသည့်အမှုပေါင်း တစ်ထောင့် ငါးရာကျော် (၁၆၃၉ မှု) ရှိကြောင်း သိရသည်။
ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား
ငွေစုအမှုနှင့်ပတ်သက်ပြီး ထောင်ကျသူ၊ တရားရင်မဆိုင်ဘဲ နေအိမ်စွန့်ခွာ ထွက်ပြေးသူ၊ စီးပွားပျက်သွားသည့်သူ စသည်ဖြင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားခဲ့သည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် တရားစွဲခံရသူတို့ဘက်က ယင်းပြဿနာများနှင့် ပတ်သက်ပြီး ဖိနှိပ်ခံနေရသည်ဟုဆိုကာ လူ ၁၅၀ ခန့် ပါဝင်သည့် ဆန္ဒပြမှုတစ်ခုလည်း လောင်းလုံးမြို့တွင် ဖြစ်ပွားခဲ့သေးသည်။
အဆိုပါ ဆန္ဒပြပွဲပြီးနောက်တွင် တရားနိုင်တို့ဘက်မှ တရားရုံးမှတစ်ဆင့် ငွေတောင်းခံခြင်း၊ နေအိမ်ကို ဝရမ်းကပ်ခြင်းတို့ ဆက်မဖြစ်တော့ကြောင်း အဆိုပါ ငွေစုအမှုတွင် ပါဝင်သူအချို့က ပြောသည်။
ဥယျာဉ်ခြံ တရားမဝင် အကွက်ရိုက်ရောင်းချမှု ပိုများလာ
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက် တွင်မူ တရားမ ဇာရီအမှုအရ တရားရုံးမှတဆင့် ငွေတောင်းခံသည့်ဖြစ်စဉ်များ တစ်ကျော့ပြန်လည် ဖြစ်ပွားလာခဲ့သည်။
ငွေစုငွေချေး လေလံ အမှုအခင်းကိစ္စ နှင့်ပတ်သက်ပြီး ဇာရီအမှု ၁၁ မှုအတွက် တရားရုံးထံ ဆင့်ခေါ်ထားသူ ၁၁ ဦးရှိကြောင်း လောင်းလုံးမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးကျော်ဇေယျာအောင်က ဇူလိုင်လ ၁၄ ရက်က ပြောသည်။
တရားမကြီးအမှုတွင် အနိုင်ရထားသူများ၏ လျှောက်ထားချက်အရ တရားရှုံးသူများပိုင် ပစ္စည်းများကို လေလံကြမ်းခင်းဈေး သတ်မှတ်ရန် ဆင့်ခေါ် ထားခြင်းဖြစ်ကြောင်း ဦးကျော်ဇေယျာအောင်က ပြောသည်။
တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ် ထားသည်မှာ သြဂုတ်လ ၈ ရက်နေ့ ဖြစ်သည်။
ဆင့်ခေါ်ခံရသူများမှာ လောင်းလုံးမြို့နယ်ရှိ ကဒက်ကြီး၊ ရေဖြူ၊ ကဒက်ငယ်၊ ကဒက်ငယ်ဆိပ်၊ ကညုံကျွန်းကျေးရွာတို့မှ ဖြစ်ကြောင်း ဆင့်ခေါ်ခံရသူများအထဲမှ တစ်ဦးဖြစ်သူ ဒေါ်ဉာဏ်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ
တရားရုံးမှ ယခုဆင့်ခေါ်ခံထားရသူ ၁၁ ဦးအနက် အချို့မှာ ငွေစုအမှုနှင့် ပတ်သက်ပြီး ထောင်ကျဖူးသူများဖြစ်ကြောင်း ဆင့်ခေါ်ခံရသူ နောက်တစ်ဦးဖြစ်သူ ဒေါ်ချစ်မြက ပြောသည်။
ဒေါ်ချစ်မြပိုင် အိမ်နှင့် မြေကို ကျပ်သိန်းတစ်ရာဖြင့် ရောင်းချမည့်အကြောင်း တရားနိုင်ရသူက လျှောက်ထားလာကြောင်း ဒေါ်ချစ်မြထံမှရရှိသည့် ဆင့်ခေါ်စာတွင် ဖော်ပြထားသည်။
အဆိုပါအိမ်မှာ ပျဉ်ထောင်အိမ် အမျိုးအစားဖြစ်ပြီး လက်ရှိဒေါ်ချစ်မြ မိသားစုနေထိုင်နေသော အိမ်ဖြစ်သည်။ ဒေါ်ချစ်မြကမူ ယင်းအိမ်နှင့်မြေကို သိန်းခြောက်ရာကျပ်ရမှ ရောင်းချမည်ဟု ဆိုသည်။
အခြားဆင့်ခေါ်ခံရသူများ နေအိမ်ကိုလည်း ကျပ်သိန်းတစ်ရာ၊ ကျပ်သိန်း ခုနစ်ဆယ် စသည်ဖြင့် အမျိုးမျိုးသတ်မှတ်ကာ တရားနိုင်များက လျှောက်ထားနေကြောင်းလည်း ဆင့်ခေါ်ခံရသူ အချို့ က ပြောသည်။
“အခု တရားရုံးက ခေါ်နေတာဆိုတော့ ကျွန်မတို့တတွေ အိမ်ပေါ်ကပဲ နှင်ချခံရမလားဆိုပြီး စိုးရိမ်နေတာပေါ့” ဟု ဒေါ်ချစ်မြက ဆိုသည်။
ဇာရီအမှုအရ ငွေပေးရန် တာဝန်ရှိသူတို့က ဥပဒေအတိုင်းလိုက်နာခြင်းမရှိလျှင် ထောင်ခြောက်လအထိ ချမှတ်ခံရနိုင်ရနိုင်သည့်အပြင် ပစ္စည်းများကို ဝရမ်းကပ်ရောင်းချခြင်းဖြင့် ဖြစ်စေ၊ နှစ်ခုစလုံးကိုဖြစ်စေ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဦးကျော်ဇေ ယျာအောင်က ပြောသည်။
“ဇာရီအမှု ဖွင့်လှစ်ပြီး ဥပဒေအတိုင်း ဆောင်ရွက်ချက်ကို တရားရှုံးများ လိုက်နာမှုမရှိပါက တရားမကျင့်ထုံးဥပဒေ အမိန့် -၂၁၊ နည်း – ၃၀တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု ၎င်းက ပြောသည်။
ဆင့်ခေါ်ခံထားရသူအချို့ကမူ တရားရုံးတွင် တရားစွဲခံရသူတိုင်း အမှုရှုံးနေသည်ဟုဆိုကာ တရားရုံးသို့ သွားရောက်ခုခံချေပရန် စိုးရိမ်နေကြောင်း ပြောဆိုကြသည်။
လောင်းလုံးမြို့နယ် တရားရုံးတွင် ၂၀၁၁ ခုနှစ်မှစပြီး ယနေ့အချိန်အထိ ငွေစု၊ ငွေချေး လေလံအမှုကို ကိုင်တွယ်ခဲ့သည့် တရားသူကြီး ခြောက်ဆက်တိုင်ခဲ့ပြီဖြစ်ကြောင်း လောင်းလုံးမြို့နယ် တရားရုံးသို့ ဆင့်ခေါ်ခံထားရသူ အချို့ထံမှ သိရသည်။