BREAKING
November 22, 2024

ဆလုံတို့၏ နောက်ဆုံးခံတပ်အတွင်းမှ တာဆာကီ၏ ခြေလှမ်းများ

July 20, 2020

ဘုတ်ပြင်းမြို့နယ်၊ ဆလုံတိုင်းရင်းသားများနေထိုင်သည့် လငန်းရွာပေါ် ခြေချမိလိုက်သည် ဆိုသည်နှင့် ယခင် သုံးလနဲ့စာလျှင် မြင်ကွင်းတချို့က ပြောင်းလဲနေသည်ကို သတိထားလိုက်မိသည်။

လွန်ခဲ့သည့်သုံးလက သားဖွား ဆရာမတစ်ဦးတလေမျှ မရှိခဲ့သည့် လငန်းရွာတွင် ယခုတော့ တစ်ထပ်တိုက် ဆေးခန်းလေးတစ်ခု ဆောက်လုပ်ပြီးစီး လုနီးနေသည်။ ရွာပေါ်တွင် ဆယ်ပေပတ်လည်ခန့်ရှိ ဆိုလာပြားကြီးတစ်ခုဖြင့် ဆလုံနေအိမ်အချို့ကို လျှပ်စစ်မီးပေး ထားသည်။

ထိုမျှမကပါ။ ကလေးငယ်များ ကစားရန် သံဖရိန်ဖြင့် ပြုလုပ်ထားသည့် လျှောတစ်ခုကိုလည်း ထားပေးထားသေးသည်။

သို့သော် ဆလုံမော်ကင်းကလေးများက ယင်းလျှောပေါ်တွင် မတွေ့ရ။ အားလုံးမှာ သူတို့ ဆော့ကစားနေကြ သဘာဝသဲခုံပေါ်တွင်သာ ထိုင်ကစားနေသည်။

“ရွာကနောက်ဆို ဒီထက်မကတိုး တက်လာဖို့ပဲ ရှိတယ်” ဟု ယင်းရွာတွင် နှစ်ပေါင်းသုံးဆယ်ခန့် နေထိုင်လာသည့် ကျေးရွာတာဝန်ခံ ဦးသိန်းဇံက ပြောသည်။

ဆလုံ သင်္ချိုင်းနေရာ ပြန်ပေးပါ

လငန်းကျေးရွာနေ မော်ကင်းဆလုံလူမျိုးများ ရှာဖွေလုပ်ကိုင်စားသောက်သည့် စစ်စတာကျွန်းအုပ်စုတွင် ကျွန်းငါးကျွန်းရှိသည်။ လက်ရှိအချိန် ကျွန်းနှစ်ကျွန်းတွင် မြန်မာတာဆာကီ ပုလဲမွေးမြူရေးကုမ္ပဏီမှ ပုလဲမွေးမြူရေးလုပ်ငန်း လာရောက်လုပ်ကိုင်လျက်ရှိပြီး ရွာရှိ ဆေးခန်းနှင့် ဆိုလာပြားများကို ယင်းကုမ္ပဏီမှ လာရောက်ဆောက်လုပ် တပ်ဆင်ပေးထားခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ခံ ဦးသိန်းဇံက ပြောသည်။

ဂျပန်ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် ယင်းကုမ္ပဏီသည်၂၀ဝ၁ ခုနှစ်မှစတင်ကာ ကျွန်းစုမြို့နယ် ဒိုမယ်ကျွန်းအုပ်စုတွင် လုပ်ငန်းစတင်လုပ်ကိုင်ခဲ့ရာ ယင်းကျွန်းတွင်နေထိုင်သည့် ဆလုံတိုင်းရင်းသားများ ထွက်ခွာပေးခဲ့ရသည်။ ဆလုံတို့၏ ရေစားကျက်လည်း ပျောက်ဆုံးခဲ့ရပြီး ဖြစ်သည်။

ယင်းနောက် ၂၀၁၈ ခုနှစ်မှစတင်၍ ဘုတ်ပြင်းမြို့နယ် စစ်စတာကျွန်းအုပ်စုကိုပါ ၎င်းကုမ္ပဏီမှ ထပ်မံတိုးချဲ့လာသည့်အတွက် ဆလုံလူမျိုးများ ရှာဖွေစားသောက်ရန် ရေစားကျက်မရှိတော့သလို ထပ်ပြေးရန်လည်း နေရာမရှိတော့ဟု လငန်းကျေးရွာနေ ဦးမြင့်လွင်က ပြောပြသည်။

ယင်းကြောင့် ပုလဲလုပ်ငန်းတိုးချဲ့လာမှုကို သဘောမတူကြောင်း ၂၀၁၈ ခုနှစ် နှစ်ဆန်းကတည်းက နည်းပေါင်းစုံဖြင့် ကန့်ကွက်ခဲ့ကြသည်။ ဆလုံအမျိုး သမီးကြီးနှစ်ဦးနှင့်အတူ ဦးမြင့်လွင်၊ ဦးသိန်းဇံတို့နှစ်ဦးကလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော် သို့တိုင်အောင် သွားရောက်ကန့်ကွက်ခဲ့ကြပြီး ဖြစ်သည်။

လတ်တလောတွင် ပုလဲလုပ်ကွက်များကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ သက်တမ်းထပ်တိုးရန် ပုလဲကုမ္ပဏီက ကျေးရွာသားများ၏ ထောက်ခံမှုလက်မှတ်များ လိုအပ်နေသည်။ ဒေသခံများ၏ သဘောတူညီမှုမရလျှင် သက်တမ်း တိုးမည့်ကိစ္စက မရေရာ။

ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား


ယင်းကြောင့် ကန့်ကွက်မှုများကြားမှ တာဆာကီသည် ဗျူဟာပြောင်းကာ ရွာသားများအား ချဉ်းကပ်စည်းရုံး လုပ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။

“ရွာသားတွေကို လုပ်စားခွင့်လည်း ပြန်ပေးမယ်။ ပြီးတော့ ရွာဖွံ့ဖြိုးရေးအတွက် တစ်နှစ်ကို ကျပ်သိန်းတစ်ထောင် ထောက်ပံ့ပေးဦးမယ်ဆိုတော့ ရွာသား ရှစ်ဆယ်ရာခိုင်နှုန်းလောက်က သက်တမ်းတိုးဖို့ သဘောတူကြောင်း လက်မှတ်ထိုး ပေးလိုက်ကြတယ်”ဟု တာဆာကီကုမ္ပဏီအား တောက်လျှောက်ကန့်ကွက်ခဲ့ဖူးသည့် ကျေးရွာတာဝန်ခံ ဦးသိန်းဇံက ပြောပြသည်။

တာဆာကီကုမ္ပဏီမှ ၎င်း၏လုပ်ငန်းခွင်အနီးတစ်ဝိုက်တွင် ဒေသခံနှင့် လငန်း ကျေးရွာနေသူများအား ရှာဖွေစားသောက်ခွင့် ပိတ်ထားရာ ယခုအခါတွင် တာဆာကီက ပြန်လည်လုပ်စားခွင့် ပြန်ပေးခဲ့ကြောင်း ဦးသိန်းဇံက ဆိုသည်။

“အခုက နေ့ညမဆို လုပ်စားကွက် အားလုံးပြန်ဖွင့်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။

ပြန်ဖွင့်ပေးလိုက်သည့် ဧရိယာအတွင်း ပြဿနာတစ်စုံတစ်ရာဖြစ်လျှင် အလွယ်တကူ မရိုးစွပ်ဘဲ အမှုမှန်ပေါ် ပေါက်အောင် စုံစမ်းရန်၊ စုံစမ်းစစ်ဆေးနေသည့် ကာလအတွင်း လုပ်စားကွက်များကို ပုံမှန်အတိုင်း ထားရှိပေးရန်၊ လုပ်ကွက်အတွင်း လှေငယ်များသွားလာသည့်အခါ မတော်တဆ စက်သုံးဆီများ ဖိတ်စင်လျှင် အရေးမယူရန်နှင့် မည်သည့် အကြောင်းပြချက်နှင့်မျှ ရွာမပြောင်းရွှေ့ရန် စသည့်အချက်များအား ရွာသားများက တောင်းဆိုသည့်အပေါ် သဘောတူညီမှုရခဲ့သည်ဟု ဦးသိန်းဇံက ပြောပြသည်။

လငန်းကျေးရွာတွင် အခြေခံပညာ ခုနစ်တန်းသာရှိသည့်အတွက် ယခုနှစ်မှစပြီး ရှစ်တန်း၊ လာမည့်နှစ်တို့တွင် ကိုးတန်းဆယ်တန်းအထိ တာဆာကီမှ အခမဲ့သင်ကြားပေးမည်ဆိုသည့် ကမ်း လှမ်းချက်ကိုလည်း စာချုပ်အတွင်း သဘောတူရေးသွင်းခဲ့ကြကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

သို့သော် တာဆာကီကုမ္ပဏီနှင့် ရွာသားများချုပ်ဆိုသည့် စာချုပ်သည် ခိုင်မာမှုမရှိဘဲ ကျေးရွာလူနှစ်ဦးနှင့် ကုမ္ပဏီလူနှစ်ဦးသာ ချုပ်ထားသည့်အတွက် အားနည်းချက်များနှင့် တစ်ဖက်သတ်ဖြစ်နေကြောင်း ဝေဖန်မှုများရှိသည်။ စာချုပ် ချုပ်ဆိုရန် မက်လုံးများပေးထားပြီး ခြိမ်းခြောက်မှုများလည်းရှိနေသည်ဟု ဘုတ်ပြင်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးနေလင်းထွန်းနှင့် ဥပဒေပညာရှင်အချို့က ထောက်ပြပြောဆိုထားသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

“ရွာသားတွေကို မေးကြည့်တော့ လုပ်စားခွင့် ပြန်ရမယ်ဆိုပြီး လက်မှတ်ထိုးပေးလိုက်ကြတာ စာချုပ်မှာ ဘာတွေရေးထားသလဲ သူတို့မသိကြဘူး” ဟု ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းထွန်းက ပြောသည်။

ကုမ္ပဏီမှ ကျပ်သိန်းတစ်ထောင် ထောက်ပံ့ရာတွင် အကယ်၍ ကုမ္ပဏီမှ အရှုံးပေါ်ခဲ့သော် ယင်းထောက်ပံ့မှုများ ရပ်ဆိုင်းမည်ဆိုသည့်အချက်မှာလည်း သဘာဝမကျကြောင်း တနင်္သာရီတိုင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်နိုင်ဦးက ထောက်ပြသည်။

ကုမ္ပဏီ ရှုံးခြင်းမြတ်ခြင်းကို ရွာသားက သွားမစစ်နိုင်ဟု ၎င်းက ဆိုသည်။

ရွာသားနှင့် ကုမ္ပဏီနှစ်ဘက်ချုပ်ဆိုသည့် စာချုပ်သည် ခိုင်မာမှုအားနည်း နေသည့်အတွက် ပိုမိုခိုင်မာအားကောင်းအောင် တာဝန်ယူတာဝန်ခံပေးမည့် အစိုးရအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုသင့်သည်ဟု တနင်္သာရီတိုင်း ရှေ့နေများကွန်ရက်ဥက္ကဋ္ဌ စဧရာဝင်းက အကြုံပြုသည်။

“စာချုပ်ချုပ်ထားတယ်။ သူတို့ဘက် (တာဆာကီ)က ပျက်ကွက်ခဲ့သည်ရှိသော် မြိတ်မှာရှိတဲ့ မြန်မာ့ပုလဲလုပ်ငန်းက တာဝန်ယူထားတယ်” ဟု ကျေးရွာတာဝန်ခံ ဦးသိန်းဇံက ယင်းအပေါ် တုံ့ပြန်ပြောဆိုသည်။

ယင်းစာချုပ်ကို ယုံကြည်မှုမရှိသည့်အတွက် လက်မှတ်မထိုးကြသည့် ရွာသားများလည်း ရှိနေကြသည်။

ဆလုံတိုင်းရင်းသားများနှင့် နှစ်ပေါင်း ၃၀ ကျော် အတူတကွ နေထိုင်လာခဲ့သော ဦးမြင့်လွင်၏အဆိုအရ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်က ယခင်ဆလုံလူမျိုးများ နေထိုင်သည့် ကျွန်းအား ပုလဲမွေးမြူရေးကုမ္ပဏီမှ လုပ်ငန်းလာရောက်လုပ်ကိုင်ခဲ့ပြီး ဆလုံလူမျိုးများ ရွှေ့ပြောင်းစရာမလိုဘဲ တစ်သက်လုံးနေထိုင်နိုင်ကြောင်း ပြောဆိုခဲ့ပြီး ဥယျာဉ်များ တည်ထောင်ခွင့်ပြုခဲ့သည်။

ယင်းနောက် ပုလဲပျောက်သည်။ ဆလုံများ ပုလဲခိုးသည်ဟု စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခဲ့သည်။ အနှိပ်စက်ခံရသည့် ဆလုံများ မခိုးဘဲ ခိုးပါသည်ဟု ဝန်ခံခဲ့ရပြီးနောက် ၎င်းတို့ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့သည့် ကျွန်းအား စွန့်ခွာခဲ့ရသည်ဟု ဦးမြင့်လွင်က ပြော ပြသည်။

“ပေးနေပြီး တစ်ချိန်ကျရင် သူတို့ကို သူခိုးလို့စွပ်စွဲပြီး နှိပ်စက်ကြဦးမှာပဲလို့ အဲဒါကြီးက သူတို့ခေါင်းထဲ စွဲကျန်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။

ရွာအတွင်း ခင်းပေးမည့် ကွန်ကရစ်လမ်းကို သူတို့မလို။

ဖိနပ်မပါဘဲသွားရသည့် သဘာဝသဲလမ်းလေးကိုသာ သူတို့က သဘောကျကြပြီး သူတို့လိုသည်က လုပ်စားကွက်၊ ကျန်းမာရေးနှင့် ရေးတတ်ဖတ်တတ်သော ပညာရေးဟု ဆလုံလူမျိုးများက ဆိုသည်။

ယခင်နှစ်နှစ်ခန့်က ကျေးရွာအတွက် တာဆာကီမှ ပေးလှူခဲ့သည့် ဘိလပ်မြေအိတ်အနည်းငယ်ကိုလည်း ရွာသားများမှ မတို့ထိခဲ့ကြဘဲ ပျက်စီးခဲ့ပြီး ဖြစ်သည်။

“ဒါက ဆလုံတွေရဲ့ Culture (ယဉ်ကျေးမှု) မဟုတ်ဘူးလေ။ ပိုကောင်းတာက ကိုယ့်ရွာ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ စရိုက်နဲ့ ထပ်တူကျတဲ့ ဖွံ့ဖြိုးမှုမျိုးဖြစ် ဖို့လိုတယ်” ဟု တနင်္သာရီတိုင်း၊ တရား ဥပဒေစိုးမိုးရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်နိုင်ဦးက မှတ်ချက်ပေးသည်။

ယင်းသို့ဆိုလျှင် တစ်နိုင်ငံလုံး အတိုင်းအတာအရ လူဦးရေနှစ်ထောင်ပင် မပြည့်တော့သည့် အနီရောင်အဆင့်ဖြစ်နေသည့် ပင်လယ်ပျော်မော်ကင်းဆလုံ လူမျိုးတို့၏ နေရာ၊ ယဉ်ကျေးမှု၊ ဘဝရပ်တည်ရေးက လာမည့်အနာဂတ်တွင် မည်သို့ဖြစ်လာမည်နည်း။

အကျပ်အတည်းများနှင့် ထိပ်တိုက်ရင်ဆိုင်လာရလျှင် ထိုင်းနိုင်ငံရှိ ကျွန်းအချို့တွင် လက်ရှိသွားရောက်နေထိုင်နေကြသည့် ၎င်းတို့ဆွေမျိုးများနောက် လိုက်သွားကြတော့မည်လောဟု ဆလုံအရေးဆောင်ရွက်နေသူ အချို့ကလည်း စိုးရိမ်နေကြသည်။

“ဆလုံလူမျိုးက စိတ်ညစ်မခံတတ်ဘူး။ လူတွေများလာပြီး ပြဿနာတွေများလာရင် သေချာတယ် သူတို့ထွက်ပြေးကြမှာပဲ” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

လတ်တလော အနေအထားတွင် လုပ်စားခွင့်နှင့် သိန်းတစ်ထောင်မက်လုံးဖြင့် တာဆာကီ၏ ခြေလှမ်းများက လငန်းဆလုံတို့၏ နေထိုင်လုပ်ကိုင်စားသောက်သည့် နောက်ဆုံးခံတပ်အတွင်းသို့ ခပ်စိပ်စိပ် ထိုးဖောက်ဝင်ရောက်လာ ချေပြီ။

ပုလဲမွေးမြူရေးလုပ်ငန်းများလာ ရောက်လုပ်ကိုင်မှုများကြောင့် တစ်ကျွန်းပြီးတစ်ကျွန်း ပြောင်းပေးခဲ့ရပြီးဖြစ်သည့် လငန်းဆလုံတို့ကား နောက်ထပ်ပြောင်း စရာနေရာမရှိတော့။

ဆလုံလူမျိုးများနှင့် နှစ်ပေါင်းသုံး ဆယ်နီးပါးအတူနေထိုင်လာသည့် ဦးမြင့်လွင်က သက်ပြင်းချရင်း အောက်ပါအတိုင်း ပြောဆိုသည်။

“ဒီနေရာက သူတို့အတွက် နောက်ဆုံး ခံတပ်ပဲ။ ထိုင်းကလွဲပြီး တခြားပြေးစရာ နေရာမှ မရှိတော့တာ”

ကိုဆန်း