BREAKING
January 11, 2025

ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ အတူပါသွားသည့် မျက်မြင်ဆရာတော် ထုတ်ဖော်ပြောကြား

June 20, 2024

ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသသည် ဖောကား(စစ်ကောင်စီအသုံးပြု နေသည့်စစ်ကား)ပေါ်မှ ပစ်ခတ်သဖြင့် ပျံလွန်တော်မူခြင်းဖြစ်ကြောင်း ပစ်ခတ်ခံရသည့်ကားတွင် အတူလိုက်ပါခဲ့သည့် ကံသုံးဆင့်ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် ဝင်းနိမ္မိတာရုံဆရာတော်နှင့် ကံသုံးဆင့်ဆရာတော်တို့ စီးနင်းလိုက်ပါလာသည့်ကား မန္တလေးတိုင်း မြို့သာမြို့နှင့် ကမ္မရွာကြားတွင် ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းတွင် ပစ်ခတ်ခဲ့ရသဖြင့် ဝင်းနိမ္မိတာရုံဆရာတော်မှာ ဦးခေါင်းနောက်စေ့ကျည်ထိမှန်ကာ ပျံလွန်တော်မူသည်။

အတူလိုက်ပါလာသည့် ကံသုံးဆင့်ဆရာတော်မှာ ဦးခေါင်းတွင် မှန်စထိမှန်ဒဏ်ရာရပြီး ကားမောင်းသူမှာ လက်ချောင်းသုံးချောင်း ပြတ်တောက်ဒဏ်ရာရခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကို စစ်ကောင်စီက PDF များ ပစ်ခတ်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ ကံသုံးဆင့်ဆရာတော်က သံဃာတော်များကို ရှင်းပြရာတွင်မူ (စစ်ကောင်စီတပ်ဖွဲ့ ဝင်များစီးနင်းသည့်) ဖောကားပေါ်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

ဖောကားပေါ်မှ သေနတ်များဖြင့် ကားကို ဝိုင်းပစ်ခြင်းဖြစ်ပြီး ကားတွင် ကျည် ရှစ်ချက်ခန့် ထိမှန်ခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

ယင်းနောက် ကားကို ရပ်တန့်ကာ အပြင်သို့ ထွက်လိုက်ချိန်တွင် ဝင်းနိမ္မိတာရုံ ဆရာတော်မှာ ဦးခေါင်းနောက်စေ့ ကျည်ထိမှန်ပြီး ဦးခေါင်း ငိုက်စိုက်ကျကာ တစ်ဘဝ တစ်ခန္ဓာ ရုပ်သိမ်းသွားပြီဖြစ်သည်ကို တွေ့ရပြီး ကားသမားမှာ လက်သုံးချောင်း ပြတ်တောက် ဒဏ်ရာရကြောင်း ဆရာတော်က ရှင်းပြသည်။

“ဘုရားတပည့်တော် (ကား) အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက် ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ် စစ်သားတွေ၊ ရက်စက်လှချေလားဆိုတာ့ အရှင်ဘုရားတို့ကဘုရား၊ ဘုန်းကြီးမှန်း မသိလို့ပါ။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားထင်လို့ ပစ်ပါတယ်ဘုရား။ သူတို့ ကိုယ်တိုင်ဝန်ခံပါတယ်” ဟု ကံသုံးဆင့်ဆရာတော်က မိန့်ကြားသည်။

ယင်းနောက် ဖုန်းများကို တောင်းယူပြီး မည်သူ့ထံကိုမျှ အဆက်အသွယ် မလုပ်ခိုင်းတော့ကြောင်း ဆက်လက် မိန့်ကြားသည်။

“အရှင်ဘုရားတို့ ကားနား မကပ်ပါနဲ့။ အရှင်ဘုရားတို့ ဖုန်းတွေလည်း ပေးပါတော့။ ဘယ်မှ ဖုန်းမဆက်ပါနဲ့။ အဲဒီနေရာမှာ ၂နာရီလောက် ကြာပါတယ်။ ဘုရားတပည့်တော်တို့ ဆွမ်းလည်း မဘုန်းပေးရပါဘူး” ဟု ဆရာတော်က မိန့်ကြားသည်။

ဆရာတော်တို့မှာ ရွှေကျင်ဂိုဏ်းကြီး၏ ဗဟိုအလုပ်အမှုဆောင် ဆရာတော်များ ဖြစ်သည်ကို သိရှိချိန်မှသာ ပြာပြာသလဲ ဖြစ်သွားပြီး ဆေးရုံသို့ သွားခွင့်ရကာ နောက်ပိုင်းတွင် နန်တွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပင့်ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဆက်လက် မိန့်ကြားသည်။

“သူတို့လိုချင်တဲ့ စကားလုံးရအောင် ဘုန်းကြီးကို ခဏခဏလာစစ်တယ်” ဟုလည်း ဆရာတော်က မိန့်ကြားသည်။

ပျံလွန်တော်မူသွားသည့် ဝင်းနိမ္မိတာရုံ ဆရာတော်၏ ရုပ်ကလာပ်ကို မန္တလေးမှ ပဲခူးမြို့သို့ ယနေ့ ပင့်ဆောင်သွားပြီဖြစ်ပြီး ကိုးရက်ကြား အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။