BREAKING
January 18, 2025

စက်သုံးဆီနှင့် ကုန်ကြမ်းဈေးတက်သည့်အတွက် မြိတ်တွင် ကမ်းဇော်ဆီဈေးတက်

June 20, 2024

ပုံစာ- ကျွန်းစုမြို့နယ် မော်ခေါင်းတုံးရွာရှိ ကမ်းဇော်တော။

ကုန်ကြမ်းဈေးတက်လာခြင်းနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် မြိတ်တွင် ကမ်းဇော်ဆီဈေးနှုန်း တက်လာကြောင်း မြို့ခံများထံမှ သိရသည်။

လက်ရှိတွင် ကမ်းဇော်ဆီတစ်လီတာ (အကြည်) တစ်ပုလင်းကို ကျပ် နှစ်သိန်းဝန်းကျင်ဖြင့် ရောင်းချနေကြကြောင်း စျေးကွက်အတွင်းမှ သိရသည်။

၂၀၂၀ ပြည့်နှစ်ဝန်းကျင်ကမူ တစ်လီတာလျှင် တစ်သိန်းလေးသောင်းကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထိုကဲ့သို့ ဈေးနှုန်းတက်လာခြင်းမှာ စက်သုံးဆီးဈေးနှုန်း အပါအဝင် လျှပ်စစ်မီတာခ၊ ကမ်းဇော်စေ့ဈေးနှုန်း၊ ကုန်ကြမ်း သယ်ယူရေးစရိတ်တို့ကြောင့် ဖြစ်ကြောင်း ကမ်းဇော်ဆီလုပ်ငန်းလုပ်ကိုင်သူနှင့် နီးစပ်သူများထံမှ သိရသည်။

ကမ်းဇော်ဆီမှာ အကြည်၊ အနယ်ပါ ဟုဆိုကာ အမျိုးမျိုးရှိပြီး အရည်အသွေးအပေါ်မူတည်ကာ ဈေးနှုန်းကွာဟချက်ရှိသည်။

“ကမ်းဇော်စေ့ကို ကြိတ်ဖို့က စက်သုံးဆီရော၊ လျှပ်စစ်မီးကိုပါ သုံးရတယ်လေ” ဟု ကမ်းဇော်ဆီလုပ်ငန်းလုပ်ကိုင်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၂၀၂၀ ပြည့်နှစ်ဝန်းကျင်က စက်သုံးဆီက တစ်ပီပါလျှင် ကျပ်နှစ်သိန်းဝန်းကျင် ပေါက်ဈေးရှိရာမှ လက်ရှိအချိန်တွင် ကျပ် ရှစ်သိန်းခန့် ဈေးပေါက်နေကြောင်း ၎င်းက ဆိုသည်။

မြိတ်မြို့တွင် ယခင်က လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ်၂၀၀ ဝန်းကျင်သာရှိရာက လက်ရှိတွင်မူ ၁၂၄၅ ကျပ် ကောက်ခံနေသည်။

၎င်းအပြင် ကုန်ကြမ်း ကမ်းဇော်အစေ့ကိုလည်း ကမ်းဇော်အပင်များရှိသည့် တနင်္သာရီ၊ ဘုတ်ပြင်း နှင့် ကျွန်းစုဘက်မှ သယ်ယူရသည့်အတွက် ကုန်ကျစရိတ် မြင့်မားလာကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။

ကမ်းဇော်ပင်သည် မိုးဦးရာသီတွင် အသီး သီးလေ့ရှိပြီး အသီးကြွေကျချိန်တွင် အစေ့ထုတ်ယူကာ ဒေသခံများက ရောင်းချလေ့ရှိသည်။

ကမ်းဇော်အစေ့မှ ထုတ်ယူသည့် ကမ်းဇော်ဆီသည် ဆေးဖက်ဝင်ပြီး အနာရောဂါအမျိုးမျိုးကို ပျောက်ကင်းသည်ဟု ဒေသခံများက ယုံကြည်ကာ အိမ်တွင်းဆေးအဖြစ် အများအပြားသုံးစွဲလေ့ရှိကြသည်။

လက်ရှိတွင် ကမ်းဇော်ဆီ ဈေးမြင့်နေသည့်အတွက် အရောင်းအဝယ်ကျဆင်းသွားကြောင်း မြိတ်မြို့ရှိ ကမ်းဇော်ဆီ အရောင်းဆိုင်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အရင်ကဆို လီတာငါးဆယ်ရောင်းနေရတဲ့အချိန်မှာ အခုဆို ၁၀လီတာရောင်းရဖို့တောင် တော်တော်လေး ကြိုးစား နေရတယ်။ ကားလမ်းပိတ်တာ၊ ကုန်ဈေးနှုန်းမြင့်မားမှုတွေက ရောင်းရအားကျစေတဲ့ အဓိကအကြောင်းအရင်းတွေပေါ့” ဟု ၎င်းက ပြောသည်။

ကမ်းဇော်တစ်ပင်သည် ၃ နှစ်လျှင် တစ်ကြိမ်သာ အလှည့်ကျ အသီးသီးလေ့ရှိပြီး တနင်္သာရီတိုင်းအတွင်း မြိတ်၊ ကော့သောင်း၊ တနင်္သာရီ၊ ပုလော စသည့်မြို့နယ်များတွင်သာ အများဆုံးတွေ့ရှိရကာ ဒေသခံများက အစွမ်းထက်သည့် အိမ်သုံးဆေးအဖြစ် အသုံးပြုလေ့ရှိကြကြောင်း အမှတ် ၂၈ မြိတ်မဂ္ဂဇင်းပါ ဒေါ်ဝါဝါ(တိုင်းရင်းဆေး) ၏ သုတေသန ဆောင်းပါးတွင် ဖော်ပြ ထားသည်။

ကမ်းဇော်ဆီကို အရိုးအဆစ်နာကျင်ခြင်းကဲ့သို့ ရောဂါများအပြင် ခန္ဓာကိုယ်အတွင်းအပြင်ရောဂါများ၊ သားအိမ်နှင့် ရင်သားကင်ဆာကဲ့သို့ ရောဂါများကိုပါ သက်သာစေသည်ဟုယုံကြည်ပြီး ဝယ်ယူသုံးစွဲနေကြခြင်းဖြစ်သည်။