သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်အနီးက ဆင်ကူးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ယနေ့ (ဇွန် ၂၀) နံနက် ၁၀ နာရီခွဲခန့်ကစပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
“ဆင်ကူးရွာအထိ ကားနဲ့ဆင်းလာတယ်။ အဲဒီမှာ ပစ်ခတ်မှု ၁၅ မိနစ်လောက်ဖြစ်တယ်။ ပစ်လိုက် နားလိုက်ပဲ။ အခုက ဆင်ကူးရွာဘုန်းကြီးကျောင်းမှာ (စစ်ကောင်စီ) တပ်စွဲထားတယ်” ဟု ဆင်ကူးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေသဖြင့် ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲစပ်ရွာတို့က ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့မှာ ဆင်ကူးရွာထဲမှာပင် ဆက်ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။
နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ထားဝယ်-မြိတ်သွားကားလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားသဖြင့် လမ်းတွင် ကားများ ပိတ်မိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“(ထားဝယ်မှ မြိတ်ကို) အဆင်းကားတွေ ပိတ်ထားတယ်။ အတက်ကားတွေတော့ တက်လို့ရတယ်” ဟု ၎င်းက ပြောသည်။
ဆင်ကူးရွာနှင့် နှစ်ရွာခြားရှိ ဆင်ကျန်းရွာက ဒေသခံများနှင့် အောက်ဘက်ခြမ်းက ကျေးရွာများက ဒေသခံများလည်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသဖြင့် အခြေအနေစောင့်ကြည့်နေကြကြောင်း ဒေသခံတို့က ဆိုသည်။
“ကျွန်မတို့ ဆင်ကျန်းက ဒေသခံတွေကတော့ အထုတ်ပြင်ပြီးစောင့်နေကြတယ်။ ပြေးတော့ မပြေးကြသေးဘူး။ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေတော့ ကြားနေရတယ်။ ပစ်လိုက်နားလိုက်ပဲ” ဟု ဆင်ကျန်းရွာက ဒေသခံအမျိုးသမီးက ပြောဆိုသည်။
လက်ရှိတွင် ဒေသခံများ ဖမ်းဆီးခံရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ မကြားရသေးကြောင်း ဒေသခံတို့က ဆိုသည်။
ဧပြီလ ၂၂ ရက်ကမူ ဆင်ကူးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေအိမ်သုံးလုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဧပြီလ ၂၃ ရက်တွင် ဆင်ကျန်းရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။