ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ နှင့် မလွှဲတောင်အကြားရှိ ရာဖူးကျေးရွာအုပ်စုတွင် ဇွန်လ ၁၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုရှိကြောင်း တော်လှန်ရေး မဟာမိတ်အင်အားစုများထံက သိရသည်။
ဇွန်လ ၁၉ ရက် နံနက် ၈ နာရီဝန်းကျင်မှစ၍ စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ် အင်အားစုများအကြား လက်နက်ကြီးဖြင့် အပြန်အလှန်စတင်ပစ်ခတ်ကာ တိုက်ပွဲစဖြစ်ခဲ့ပြီး ညနေ ၃ နာရီခွဲအထိ ပစ်ခတ်မှုများရှိခဲ့သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းဘက်က သေဆုံးမှုများရှိနိုင်ပြီး မဟာမိတ်အင်အားစုများဘက်က ရဲဘော်လေးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ထိတွေ့တိုက်ပွဲက အနီးစပ်ဆုံးဖြစ်ခဲ့တယ်။ စစ်ကောင်စီရဲ့ လက်နက် ကို မဟာမိတ်အင်အားစုတွေဘက်က သိမ်းဆည်းရမိတာလည်းရှိခဲ့တယ်။ သူတို့ဘက်က အင်အား အနည်းဆုံး ၃၀ ကျဆုံးတယ်။ မဟာမိတ်အင်အားစုတွေဘက်ကတော့ MSRF က ရဲဘော် ၂ ယောက်၊ ABSDF ကတစ်ယောက်၊ ကံပေါက် PDF ကတစ်ယောက် စုစုပေါင်းလေးယောက် ဒဏ်ရာရခဲ့တယ်” ဟု မဟာမိတ်အင်အားစုတွင် ပါဝင်သည့် မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နိုင်နဂါး ကပြောသည်။
အဆိုပါတိုက်ပွဲတွင် ဒေါနစစ်ကြောင်း ၊ ABSDF ၊ ရေးသိမ်းငှက် ၊ရေးပြောက်ကျား ၊ ရေးလေတပ်(ဒရုန်းတပ်ဖွဲ့) ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မွန်ပြည်တော်လှန်ရေးတပ် တို့ပါဝင်ပြီး မွန်ပြည်သစ်ပါတီ (AD) ကလည်း အင်အားဖြည့်ပါဝင်ခဲ့သည်။
စစ်ကောင်စီဘက်က ဇွန်လ ၁၉ ရက်နေ့လယ်ပိုင်းတွင် စစ်ရဟတ်ယာဥ်တစ်စီး၊ ဂျက်ဖိုက်တာတစ်စီးတို့ဖြင့် လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့ကြောင်း မဟာမိတ်အင်အားစုများထံကသိရသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုမရှိခဲ့ေသာ်လည်း ရာဖူးကျေးရွာအုပ်စု ၊ မျောက်ချောရွာတွင် လက်နက်ကြီးကျည်ဆန်များ ကျရောက်ပေါက်ကွဲကာ နေအိမ်မီးလောင်မှုများ ဖြစ်ခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။
နေအိမ်မီးလောင်သည့် အရေအတွက်ကိုမူ ရွာသားများထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်၍ မေးမြန်းမရသေးပေ။
တိုက်ပွဲပြီး၍ မဟာမိတ်အင်အားစုများ ဆုတ်ခွာပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် မျောက်ချောရွာတွင် ဝင်ရောက်နေရာယူထားကြောင်း မဟာမိတ်အင်အားစုများ ကပြောသည်။
ဇွန်လ ၂၀ ရက်တွင်မူ ထိတွေ့ပစ်ခတ်မှုမရှိသေးသော်လည်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်း နှင့် မဟာမိတ်အင်အားစုများအကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်သည်ဟု မဟာမိတ်အင်အားစုများ ကဆိုသည်။
ဇွန်လဆန်းပိုင်းကစ၍ ရေး-ထားဝယ်လမ်းပိုင်း မလွှဲတောင်အပိုင်း ရာဖူးကျေးရွာအုပ်စုတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။