ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယနေ့ ဇွန် ၁၉ ည ၈ နာရီခန့်တွင် ကျင်းပသည်။
ဘောလုံးပွဲ မကျင်းပမီ မြန်မာနိုင်ငံသားများက မွေးနေ့အမှတ်တရအနေဖြင့် ‘ခွန်အားဖြင့် မိငယ်’ ၊ ‘သွေးသစ္စာ’ သီချင်းများကို သီဆိုခဲ့ကြပြီး မွေးနေ့ဆုတောင်းပေးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည်လွတ်မြောက်စေရန်၊ ကျန်းမာရေးကောင်းမွန်စေရန်အတွက်လည်း မွေးနေ့ဆုမွန်ကောင်း တောင်း၍ မွေးနေ့သီချင်းကို သီဆိုခဲ့ကြသည်။








ထို့နောက် ဘောလုံးပွဲများကို ည ၉ နာရီအချိန်မှ စတင်၍ ဗိုလ်လုပွဲအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မွေးနေ့အမှတ်တရ ရန်ပုံငွေ ဘောလုံးပွဲသို့ လာရောက်အားပေးသူ အနည်းဆုံး ၅၀၀ ကျော်ရှိပြီး လာရောက်သူများကိုလည်း မုန့်များ၊ သရေစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သေးသည်။
ထိုင်းတောင်ပိုင်းရှိ ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းရှိ ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် တနင်္သာရီတိုင်းဒေသခံများ အပါအဝင် မြန်မာနိုင်ငံသားများ လာရောက်လုပ်ကိုင်လျက်ရှိသည်။