မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇွန်လ ၂ဝရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများမှာ ပုလောမြို့တွင် ပိတ်မိနေကြောင်း ဒေသခံများက ဆိုသည်။
“တိုက်ပွဲက တော်တော်ကြမ်းနေတယ်ကြားရတယ်။ ကားတွေလည်း အကုန်ပိတ်မိပြီး ဖုန်းလိုင်းတွေလည်း ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတယ်ပဲ အော်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယခု ညနေ ၃ နာရီခွဲအချိန်တွင် မေးမြန်းမှုအရ ပဝတ်ကုန်းရွာဖက်မှ ပစ်ခတ်မှု နည်းသွားပြီး နန်းတောင်ကျေးရွာဖက်သို့မူ ပုလော (၂၈၅) တပ်ရင်းက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
“သဲကြီးမဲကြီး ပစ်နေတုန်းပဲ။ ကျန်တာ မသိရသေးဘူး” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။
ပဝတ်ကုန်းရွာမှာ ပုလောမြို့၏ တောင်ဘက်တွင်ရှိပြီး နန်းတောင်ရွာမှာ မြို့၏ အရှေ့ဘက်တွင်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပစ်ခတ်မှုများ ဆက်လက်ရှိနေဆဲဖြစ်သဖြင့် ကားများမှာလည်း ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
မည်သည့်အကြောင်းကြောင့် တိုက်ပွဲစတင်ဖြစ်ပွားသည်ကိုမူ မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။
ပဝတ်ကုန်းရွာနှင့် နန်းတောင်ကျေးရွာတို့တွင် တိုက်ပွဲများကြောင့် ဒေသခံများ နေထိုင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်သည်။
တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။