BREAKING
January 17, 2025

ကံပေါက်တွင် ပုဂ္ဂလိကမူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံဖမ်းဆီးခံရ

June 20, 2023

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စု သီရိမင်္ဂလာရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက မူကြိုကျောင်းပိုင်ရှင် ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇွန်လ ၁၉ ရက် ည ၁၁ နာရီခန့်တွင် ရင်ခွင်သစ် ပုဂ္ဂလိကမူကြိုကျောင်းသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက် ရှာဖွေခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ဦးအောင်ဇော်ဦးနှင့် ဇနီးဒေါ်ဥမ္မာအောင်တ်ို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

နေအိမ်ရှိ လက်ကိုင်ဖုန်းလေးလုံးနှင့် စာရွက်စာတမ်းများကိုလည်း ယူဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။

“မဥမ္မာကို ခေါ်သွားမယ် (ဖမ်းသွားမယ်) ပြောတော့ ကိုအောင်ဇော်ဦးက သူပါလိုက်မယ်ဆိုပြီး လိုက်သွားတာပါ။ ဘာကြောင့်အဖမ်းခံရတာကိုတော့ အတိအကျ မသိရဘူး” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဖမ်းခံရသူ နှစ်ဦးစလုံးကို အုန်းပင်ကွင်းရွာရှိ မောရဝတီရေတပ်စခန်းဌာနချုပ်တွင် စစ်ဆေးနေပြီး ယနေ့ ဇွန်လ ၂၀ ရက်နေ့ လယ်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဇွန်လ ၈ ရက်ကလည်း ကလိန်အောင်မြို့က ကုန်မာဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ကလိန်အောင်အခြေစိုက် တပ်ရင်းတစ်ခုအတွင်း ၅ ရက်ကြာ စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။