BREAKING
January 17, 2025

သရက်ချောင်းတွင် စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ် နေအိမ်များရှိပစ္စည်းများကိုယူဆောင်သွားသည်ဟုဆို

June 20, 2023

ပုံစာ - စစ်ကြောင်းဝင်ရောက်ချိန် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်တစ်လုံး။

သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံများ၏ နေအိမ်များက ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။

ဇွန်လ ၈ရက် နံနက်ပိုင်းမှ ၁၆ ရက်အထိ မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်ကြောင်းဝင်ချိန် ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် နေအိမ်များကို ဝင်ရောက်ရှာဖွေကာ ဒေသခံများ ပိုင်ဆိုင်သည့်ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။  

ကနက်သီရိကျေးရွာက ဒေသခံတစ်ဦး၏ ဖုန်းဆိုင် စစ်ကြောင်းဝင်ချိန်တွင် ဖောက်ထွင်းခံရကြောင်း ဆိုင်ပိုင်ရှင်နှင့် ဆွေမျိုးနီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဖုန်းအသစ် အလုံးရေ ၄၀၀ ခန့်၊ ပါဝါဘဏ်များ၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများအပြင် လက်တော့ပ်တစ်လုံး ပျောက်ဆုံးသွားပြီး ကျပ်သိန်းတစ်ထောင်ကျော်ဖိုးပါသွားကြောင်း ၎င်းက ဆိုသည်။  

ဖုန်းဆိုင်ရှိ CCTV ကို ရိုက်ခွဲပြီး CCTV နှင့်ချိတ်ထားသည့် လက်တော့ပ်တစ်လုံး၊ ဖုန်းနှစ်လုံးလည်း ပါသွားကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကြောင်းဝင်ချိန် ကျေးရွာတွင်းရှိသည့် ဒေသခံအချို့နှင့် အမည်မဖော်လိုသည့်သတင်းရင်းမြစ်တစ်ဦးတို့ထံ စုံစမ်းကြည့်ရာတွင် စစ်ကြောင်းက ယူသွားခြင်းဖြစ်သည်ဟု ပြောဆိုကြကြောင်း ဆိုင်ပိုင်ရှင်နှင့် ဆွေမျိုးနီးစပ်သူက ဆိုသည်။

ရငဲကျေးရွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူမနေသည့် စစ်ဘေးရှောင်များ၏ နေအိမ်များကို ရိုက်ဖွင့်ကာ ဆိုင်ကယ်များအပါအဝင် အိမ်အသုံးအဆောင်ပစ္စည်းကောင်းများကို ကားဖြင့်တင်ကာ ယူဆောင်သွားကြကြောင်း ရငဲကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာက မျက်မြင်ဒေသခံအချို့က ပြောဆိုသည်။

“အိမ်တွေမှာ ဆိုင်ကယ်တွေထားခဲ့ပြီး (စစ်ဘေးရှောင်) ပြေးကြတာကိုး။ ယူသွားတာတော့ အများကြီးပဲ” ဟု ရငဲကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။

ရငဲရွာက ကားတစ်စီးကို ယူဆောင်ရန် လုပ်ဆောင်ခဲ့ကြသေးကြောင်း မျက်မြင်ဒေသခံ အမျိုးသမီတစ်ဦးက ပြောသည်။

“အိမ်လဲမီးရှို့။ ဆိုင်ကယ်ယူ၊ ကားယူ၊ ရငဲအရှေ့ပိုင်းက ဘယ်သူ့ကားလဲတော့ မသိဘူး။ ကားကပျက်နေတာ ထင်တယ်။ တွန်းထုတ်သွားကြတာ နှိုးလို့ မနိုးတော့သူတို့လမ်းဘေးမှာပဲပစ်ခဲ့တယ်၊ ပစ္စည်းတွေက သူတို့ယူတာ အရမ်းဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။

ရငဲကျေးရွာတွင်ပင် ကလေးပစ္စည်းစတိုးဆိုင်မှပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း း ရငဲကျေးရွာက ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်နှင့်ပက်သက်ပြီး တနင်္သာရီတိုင်းစစ်ကောင်စီခန့် လူမှုရေးဝန်ကြီးဦးသန့်ဇင်ကို Dawei Watch က ဇွန်လ ၁၈ ရက် ညနေ ၄ နာရီခန့်က ဆက်သွယ်မေးမြန်းရာ အတည်မပြုနိုင်သေးကြောင်း ပြန်လည်ဖြေကြားသည်။

“အဲဒါကတော့ လုံခြုံရေးအပိုင်းဖြစ်တဲ့အတွက် ကျွန်တော်တို့အတည်ပြုလို့ မရသေးပါဘူးနော်” ဟု ပြောသည်။

ဒေသခံများ အားလုံးနေရပ်ပြန်ရောက်မှသာ နေအိမ်ဖောက်ထွင်းခံရသည့်အရေအတွက်နှင့် ပျောက်ဆုံးပစ္စည်းစာရင်း အတိအကျ ပြောဆိုနိုင်မည်ဟု ဒေသခံများက ဆိုသည်။

စစ်ကြောင်းဝင်ချိန် လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ရဲငဲကျေးရွာအနီး မြွေတောင်တွင် တပ်စွဲထားပြီး ဝဲရစ်စာသင်ကျောင်းတွင်လည်း ရှိနေသေးသဖြင့် ကျေးရွာ ၇ရွာက ဒေသခံများ အိမ်မပြန်နိုင်ကြသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။