BREAKING
October 18, 2024

ရာသီဥတုဖောက်ပြန်မှုကြောင့် အာရှ၏အပူလှိုင်းများ အဆ ၃၀ကျော် ပိုမို ပြင်းထန်ခဲ့ဟုဆို

June 20, 2023

တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသများတွင် ပြီးခဲ့သည့် လများအတွင်းဖြစ်ပေါ်ခဲ့သည့် စံချိန်တင် အပူလှိုင်းများသည် အဆ ၃၀ ကျော် ပိုမို ပြင်းထန်ခဲ့ရကြောင်း နိုင်ငံတကာမှ သိပ္ပံပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ခု က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ ဒေသများတွင်း ပြီးခဲ့သည့် မေလ ၏ နေ့အပူချိန် သည် ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် ကို ကျော်လွန်ခဲ့သည်။

နိုင်ငံများအနေနှင့် ဘင်္ဂလားဒေ့ရှ်တွင် နှစ်ငါးဆယ်အတွင်း အပူဆုံး နေ့အပူချိန် စံချိန်သစ်များ ရှိလာခဲ့သလို ထိုင်းနိုင်ငံမှာလည်း ၄၅ ဒီဂရီ ဆဲလ်ဆီးယပ်စ် အထိ ရောက်ခဲ့သည့် အပြင် လာအိုနိုင်ငံ တွင်မူ ၄၂ ဒီဂရီ ဆဲလ်ဆီးယပ်စ် ကို ကျော်လွန်ကာ အသီးသီး စံချိန်တင်ခဲ့သည်။

ဤသို့ ပြင်းထန်အပူလှိုင်းများကြောင့် ဒေသတွင်း အခြေခံ အဆောက်အဦများ ထိခိုက်လာခဲ့ကာ အချိန်အတန်ကြာ ဓာတ်အားပြတ်တောက်မှုများ အပြင် လူအများအကြား အပူရှပ်မှု ဖြစ်စဉ်များလည်း ကြိမ်ရေ မြင့်တက်ခဲ့သည်။

သိပ္ပံပညာရှင်များ ပါဝင်သော World Weather Attribution အဖွဲ့ အမည်ရ အဖွဲ့တစ်ဖွဲ့သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အပြင် ထိုင်းနှင့် လာအိုနိုင်ငံတို့တွင် အပူချိန်နှင့် စိုစွတ်မှုအဆင့်ကို လေ့လာခဲ့ပြီးနောက် အဆိုပါ ဒေသများတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် ပျမ်းမျှအားဖြင့် ၂ ဒီဂရီ ဆဲလ်စီးယပ်စ် ခန့် ပိုမို မြင့်တက်ခဲ့နိုင်ချေ ရှိသည် ဟု ကောက်ချက်ချခဲ့သည်။

ဤဖြစ်စဉ် အရ ၁၉၀၀ ခုနှစ်မှစ၍ ပျမ်းမျှ ကမ္ဘာ့အပူချိန်သည် ၁ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပမာဏ မြင့်တက်ခဲ့ကြောင်း တွေ့နိုင်သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် ရာစုနှစ်တစ်ခုစာ အတွင်း တစ်ကြိမ်သာ ဖြစ်ပွားလေ့ရှိခဲ့သည့် စိုထိုင်းမှုမြင့်စေသော အပူလှိုင်းများသည် ယခုအခါ ငါးနှစ်တစ်ကြိမ်နှုန်း ဖြစ်နိုင်ချေ ရှိသည် ကို တွေ့ရပြီး ထိုင်းနှင့် လာအိုတွင်း ကြုံနေရသည့် အပူချိန်မြင့်တက်မှုသည် ရာသီဥတုပြောင်းလဲမှုမရှိဘဲ “လုံးဝ မဖြစ်နိုင်” ကြောင်း အဆိုပါ သိပ္ပံပညာရှင်များအဖွဲ့ က ပြောကြားခဲ့သည်။

“အဲ့ဒီ အပူလှိုင်းတွေက သဘာဝအတိုင်း ဖြစ်နေတာ မဟုတ်ပါဘူး” ဟု အဆိုပါ သိပ္ပံပညာရှင်များအဖွဲ့ ၏ အဖွဲ့၀င်တစ်ဦးဖြစ်သူ ၊ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ Chaya Vaddhanaphuti က ဇွန်လ ၁၄ရက်နေ့က ပြုလုပ်ခဲ့သည့် မီဒီယာရှင်းလင်းပွဲတွင် ယခုလို ပြောကြားခဲ့သည်။

“ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့ရာ ထိရောက်တဲ့ အစီအမံတွေ မလုပ်ဘူး ဆိုရင် ဒီလို အပူလှိုင်း ဖြစ်ရပ်တွေက ပိုအဖြစ်များလာမှာပါ” ဟု ၎င်းက ဆိုသည်။

လေ့လာမှုအရ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင်း ဒေသအချို့တွင် စိုထိုင်းဆများစေသည့် အချက်များဖြစ်သည့် ခန့်မှန်းခြေ အပူချိန်အညွှန်းကိန်းသည် ၅၄ ဒီဂရီ ဆဲလ်စီးယပ်စ် သို့ နီးကပ်လာပြီ ဖြစ်သည်။ အဆိုပါ အပူချိန် သည် “အလွန်အန္တရာယ်များသော” အဆင့် ဖြစ်သည့်အတွက် ပြင်းထန်အပူလှိုင်း ကြောင့် တောင်အာရှနှင့် အရှေ့တောင်အာရှတစ်ခွင်လုံးတွင် ထည့်သွင်းစဉ်းစားနိုင်သည့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ဖြစ်ပွားနှုန်း ကို လှုံ့ဆော်ပေးရာ ရောက်နေကြောင်း ပြသခဲ့သည်။

ယင်းဒေသများအတွင်း အချို့သောနေရာများတွင် “အပူလှိုင်းဆိုင်ရာ ဖြေရှင်းမှု အစီအစဉ်” များ အဖြစ် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေဖြန့်ဝေနိုင်ရေး သို့မဟုတ် အပူချိန် အင်မတန် မြင့်လာပါက စာသင်ကျောင်းများပိတ်ရန် စသည်ဖြင့် အသီးသီး စီမံထားသည်။ သို့သော် အချို့မှာ ပြင်ဆင်မှုအားနည်းပြီး ပြင်းထန်သော အပူချိန်ကို ရင်ဆိုင်ရန်အတွက် လိုအပ်သော အကူအညီများကို လက်လှမ်းမီနိုင်မှုမှာ အကန့်အသတ် ဖြင့် ရှိနေသေးကြောင်း အဆိုပါ လေ့လာမှုက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလတွင်း အပူလှိုင်းကြောင့် သေဆုံးသူ မည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် အိန္ဒိယတွင် ပြင်းထန်သော အပူချိန်များ သည် ၁၉၉၂ ခုနှစ်မှစ၍ အနည်းဆုံး သေဆုံးမှုပေါင်း ၂၄,၀၀၀ ကို ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံ၏ စုစုပေါင်းဧရိယာ၏ ၉၀ ရာခိုင်နှုန်းသည် အပူဒဏ်အန္တရာယ်ဇုန်များတွင် တည်ရှိနေကြောင်း ပညာရှင်များက ပြီးခဲ့သည့်မေလက ပြောကြားခဲ့သည်။

Reference ● Reuters ● Thai PBS World