BREAKING
January 9, 2025

သရက်ချောင်းမြို့နယ် ရငဲနှင့် ကတွဲရွာ အနီးကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ

May 20, 2024

သရက်ချောင်းမြို့နယ် ရငဲရွာနှင့် ကတွဲရွာတောစပ်တစ်လျှောက်ကို စစ်ကောင်စီတပ်က ယနေ့ (မေ ၂၀)ညနေ ၄ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့‌ကြောင်း သိရသည်။

ကျွဲမင်းကုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက နှစ်ဖက်ထိ‌တွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညနေ ၄ နာရီခန့်တွင် K8W ဂျက်ဖိုက်တာဖြင့် ကနက်သီရိ၊ ရငဲ၊ ကတွဲရွာ တောစပ်နေရာများကို ဗုံးကြဲနေသည်ဟု KNU တပ်မဟာ ၄ တပ်ရင်း ၁၂ တပ်ခွဲမှူး ကိုဘဦးသစ်က ပြောသည်။

“ကြဲချခဲ့တာတော့ များများကြီးပဲ၊ ပထမနှစ်လုံး နောက်ထပ်တစ်ခေါက်မှာ အတွဲလိုက်ကိုကြဲချသွားတာ” ဟု ကိုဘဦးသစ်က ပြောသည်။

ကနက်သီရိရွာမှ ကျွဲမင်းကုန်းရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNLA နှင့် PDF ပူးပေါင်းတပ်တို့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယနေ့နံနက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကျွဲမင်းကုန်းရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မီးခိုးလုံးများကောင်းကင်ကို အူတက်လာသည်ကိုတွေ့ရပြီး စုံစမ်းမေးမြန်းရာ နေအိမ်သုံးဆောင်မီးလောင်နေခြင်းဟု အထက်ပါ အမျိုးသမီးက ပြောသည်။

“မီးရှို့ခံရတာလား၊ လက်နက်ကြီးကျလို့လောင်တာလားဆိုတော့ အတိအကျမသိဘူး။ တချို့ကလည်း စစ်တပ်ကရှို့တာလို့ပြောတယ်၊ ရွာထဲမှာလည်း လူတွေမရှိကြဘူး။ နည်းနည်းပါးပါး သတ္တိကောင်းတဲ့သူတွေလောက်ပဲကျန်ခဲ့တာ” ဟု ၎င်းက ပြောသည်။

ကျွဲမင်းကုန်းရွာက နေအိမ်တချို့ မီးလောင်နေတာရှိသည်ဟုသာ ကြားသိရပြီး အိမ်အရေအတွက်နှင့် မည်သည့်အကြောင်းကြောင့် မီးလောင်သည်ကို မသိရကြောင်း ထားဝယ်မြို့ပေါ်ကို စစ်ဘေးရှောင်နေသူ ကျွဲမင်းကုန်းရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မနေ့ညပိုင်းကလည်း ကနက်သီရိကျေးရွာ သင်္ချိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့သေးသည်ဟု ကနက်သီရိရွာက ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညကလည်း ထိတွေ့မှုဖြစ်တယ်လို့ကြားတယ်၊ ပစ်ခတ်မှုကတော့ ခဏပဲ၊ စကစဘက်က ၁၄ ယောက်လောက်နာတယ်လို့ပြောတယ်၊ အဲဒီ သင်္ချိုင်းမှာပဲ စစ်တပ်က ညအိပ်တယ်၊ ကျွန်တော်တို့ရွာက နေအိမ်နှစ်လုံး မီးထပ်ရှို့ခံရတယ်၊ အခုမနက်မှာတော့ ကျွဲမင်းကုန်းဘက်ကို ထွက်သွားတာ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ကနက်သီရိကျေးရွာတွင် မေလ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က ကြည်းတပ်၊ ရေတပ်၊ လေကြောင်းပစ်ကူများဖြင့်ပါ ပြန်လည်တိုက်ခိုက်ခဲ့သည်။

လတ်တလော မေးမြန်းချက်များအရ နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှု ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ကနက်သီရိကျေးရွာက အသက် ၁၃ နှစ်အရွယ် ကလေး၂ ဦးနှင့် အမျိုးသား ၅ ဦးသေဆုံးပြီး ဂုံညှင်းဆိပ်ရွာက အသက် ၁၅ နှစ်အရွယ် ကလေး ၁ ဦးနှင့် ဒဏ်ရာရသူ ဆယ်ဦးကျော်ရှိသည်ဟု ဒေသခံများထံက သိရသည်။

ယင်းအပြင် ကနက်သီရိကျေးရွာက နေအိမ် ၁၁ လုံး၊ ရငဲတိုက်နယ်ဆေးရုံနှင့် စာသင်ကျောင်း၊ ဂုံညှင်းဆိပ်ရွာက နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးသလို ဂုံညှင်းဆိပ်ရွာက ဘုန်းကြီးကျောင်းဆောင်လည်း ထိခိုက်ပျက်စီးသည်ဟု ဒေသခံတို့က ဆိုသည်။

လူထိခိုက်သေဆုံးမှုနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်ကို Dawei Watch ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မေလ ၈ ရက်က အမှတ် ၈ ပြည်ထောင်စုကားလမ်း ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ပဲဒက်စခန်းအသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့်ပြန်လည်တိုက်ခိုက်နေသဖြင့် ပဲဒက်၊ ပဲဝ၊ ကျောက်ဆည်၊ တံခွန်တိုင်၊ ပိတောက်ကြီး၊ အောက်သရက်ချောင်း၊ ကနက်သီရိ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ရငဲ၊ ကမြိုင်၊ ကတွဲစသည့် ကျေးရွာများမှ ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။