BREAKING
October 19, 2024

နွန်ထဘူရီတွင် မြန်မာအချင်းချင်း အရက်အတူသောက်ပြီးရန်ဖြစ်ရာမှ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

May 20, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ နွန်ထဘူရီခရိုင်တွင် မြန်မာနိုင်ငံသားသုံးဦး အရက် အတူတူသောက်ပြီး စကားများ ရန်ဖြစ်သောကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နွန်ထဘူရီခရိုင် ဘန်းယိုင်ဒေသရှိ ငှားရမ်းနေထိုင်သည့်အခန်းတွင် မေလ ၁၉ ရက် နေ့လယ်ပိုင်းက အရက်သောက်ကြခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

စကားများ ရန်ဖြစ်ပြီးနောက် ပုလင်းကွဲဖြင့် အထိုးခံရသဖြင့် အသက် ၃၀အရွယ် ကိုသန်းဇော်ဦးဆိုသူ သေဆုံးပြီး အသက် ၂၈နှစ်အရွယ် ကိုစက်ဆိုသူ ဒဏ်ရာရကြောင်း ဆိုသည်။

ကျန်တစ်ဦးမှာ အခင်းဖြစ်ပြီးနောက် ထွက်ပြေးသွားပြီး ၎င်းကို လူသတ်မှုအတွက် သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့က ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ ကိုစက်ဆိုသူနှင့် ထွက်ပြေးသွားသူတို့မှာ အခန်းဖော်များဖြစ်ပြီး သေဆုံးသူ ကိုသန်းဇော်ဦးမှာ အခင်းဖြစ်သည့် အခန်းတွင် အရက်အတူလာသောက်ခြင်း ဖြစ်သည်။

အခင်းဖြစ်နေရာတွင် ကိုသန်းဇော်ဦးမှာ ချိုင်းနှင့် ရင်ဘတ်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေပြီး ကိုစက်မှာလည်း ပြတ်ရှဒဏ်ရာများ ရထားသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ကုသပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

အခန်းထဲတွင်လည်း သွေအိုင်နေပြီး အခန်းအနောက်တွင် သွေးပေကျံနေသော ပုလင်းကွဲကို ပလတ်စတစ်အိတ်ဖြင့် ထုတ်ထားသည်ကို တွေ့ရှိသောကြောင့် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။

ဒဏ်ရာရရှိသူသည် ရန်ဖြစ်သောအချိန်တွင် အမူးလွန်ပြီး အိပ်ပျော်နေသဖြင့် အကြောင်းအရင်းကို တိတိကျကျမသိရကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းတို့ သုံးဦးသည် ပုံမှန်တွေ့ဆုံလေ့ရှိကြကာ အချင်းချင်းကူညီလေ့ရှိသူများဖြစ်ပြီး ရန်ဖြစ်ရသည့်အကြောင်းအရင်းကိုမူ တိတိကျကျ မသိရှိကြကြောင်း အခန်းပိုင်ရှင်က ပြောသည်။

ထွက်ပြေးသွားသော သံသယရှိသူကို ရဲတပ်ဖွဲ့က CCTV မှတ်တမ်းဖြင့် ရှာဖွေကာ တံတားတစ်ခုပေါ်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်တွင်လည်း သွေးများ ပေကျံနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အရောင်းအဝယ်ကိစ္စတစ်ခုကြောင့် စကားများ ရန်ဖြစ်ကြခြင်းဖြစ်ပြီး အရက်မူးနေသဖြင့် ရန်ဖြစ်ရသော အကြောင်းအရင်း အသေးစိတ်ကို မမှတ်မိဘဲဖြစ်နေကြောင်း ၎င်းက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူသည် အရက်မူးနေဆဲဖြစ်သော်လည်း လူသတ်ခဲ့ပြီးနောက် အဝတ်အစားလဲ၍ ထွက်လာခဲ့သည်ကို ဝန်ခံထားသဖြင့် လူသတ်မှုဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Ref: CH 7 News HD, Matichon Online