တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုကျေးရွာတွင် ကင်းထောက်သွားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝိုင်းဝန်းပစ်ခတ်ခဲ့သော်လည်း လွတ်မြောက်သွားကြောင်း သက်ဆိုင်ရာတပ်ဖွဲ့ထံမှ သိရသည်။
ဗိုလ်ခရင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးသည် မေလ ၁၉ရက် ညနေ ၅နာရီခွဲခန့်တွင် ဆိုင်ကယ်ဖြင့်သွားရောက်ပြီး ကင်းထောက်စစ်ဆေးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။
ယင်းသို့ သွားရောက်ချိန် တနင်္သာရီမြို့ဘက်မှ ခြေလျင်လာသည့် အင်အား၂၅ ဦးခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ရာက ဖမ်းဆီးစစ်ဆေးခံရကြောင်း ဆိုသည်။
၎င်းထံတွင် သေနတ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့နှင့် ပတ်သက်သည့် အထောက်အထား မရှိသဖြင့် ပြန်လွှတ်ပေးရန် ပြောဆိုနေချိန် စစ်ကောင်စီတပ်သားတစ်ဦးက ၎င်း၏လက်ကိုင်ဖုန်းကို စစ်ဆေးရန် ပြင်ဆင်သဖြင့် ထွက်ပြေးခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပြီး ပစ်ခတ်သံကြားသဖြင့် ဗိုလ်ခရင်းတပ်ဖွဲ့က အခြား အခြားရဲဘော်များလည်း ရောက်ရှိလာပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းက ပြောဆိုသည်။
“ရမ်းဖိုဆီအုန်းတောမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး အစစ်ဆေးခံရတော့ ထွက်ပြေးတဲ့အခါ စကစဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တာမျိုးပေါ့။ ကျွန်တော်တို့တပ်ဖွဲ့ကလည်း လိုက်ပြီးခုခံပစ်ပေးတာမျိုးပါ” ဟု ဗိုလ်ခရင်းတပ်ဖွဲ့က ရဲဘော် အခြားတစ်ဦးက ပြောသည်။
ဗိုလ်ခရင်းတပ်ဖွဲ့မှာ တနင်္သာရီမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေသည့် Local PDF အဖွဲ့တစ်ခု ဖြစ်သည်။
ထွက်ပြေးလာသည့် တပ်ဖွဲ့ဝင်မှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု အတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်က သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။
ကင်းသွားထောက်သည့် ရဲဘော်စီးခဲ့သည့် ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ လွယ်အိတ်တစ်လုံးနှင့် ပါဝါဘဏ်တစ်ခု ဆုံးရှုံးခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့ထံမှ သိရသည်။
အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းမှာ မေလ ၁၉ ရက်နေ့တွင် ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း မိုင်းဆွဲတိုက်ခိုက် ခံရကြောင်း ဘန်းလမွတ်ရွာဒေသခံအချို့ထံမှ သိရသည်။