BREAKING
September 19, 2024

ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းများကို NMSP-AD က အွန်လိုင်းဖြင့် ပထမအကြိမ်တွေ့

May 20, 2024

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ပြည်တွင်း၊ ပြည်ပရှိ မွန်အဖွဲ့အစည်းများ၊ သံဃာတော် များကို အွန်လိုင်းမှတစ်ဆင့် ပထမအကြိမ်တွေ့ဆုံခဲ့ကြောင်း NMSP-AD ထံမှ သိရသည်။

တွေ့ဆုံပွဲကို မေလ ၁၉ ရက် နံနက်ပိုင်းတွင် သုံးနာရီကြာပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပရှိ မွန်အဖွဲ့အစည်း ၃၀၊ ဖိတ်ကြား ထိုက်သည့်ပုဂ္ဂိုလ်များနှင့် မွန်သံဃာတော်များအပါအဝင် ၆၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း NMSP- AD ထံမှ သိရသည်။

NMSP-AD နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီက အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုတိယ အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၂) နိုင်လယီဟကောင်းနှင့် ဗိုလ်မှူးချုပ် ဂျလွန်းထောတို့ တက်ရောက်ခဲ့ကြသည်။

“မွန်ပြည်သစ်ပါတီ AD ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းဖို့နဲ့ အဖွဲ့အစည်းအသီးသီးက အသံတွေကို နားထောင်ဖို့၊ အကြံဉာဏ်ရယူနိုင်ဖို့အတွက် ဒီတွေ့ဆုံပွဲကို လုပ်ရခြင်းဖြစ်တယ်” ဟု NMSP- AD တာဝန်ရှိသူက ပြောသည်။

တွေ့ဆုံပွဲတွင် ဒုအဖွဲ့ခေါင်းဆောင်(၁) နိုင်ဗညားလယ်က NMSP-AD ၏ နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာများကို ရှင်းလင်းခဲ့ပြီး NMSP-AD ၏ ၃ လတာကာလအတွင်း စစ်ရေးလှုပ်ရှားမှုအခြေအနေများကို ဗိုလ်မှူးချုပ် ဂျလွန်းထောက ရှင်းလင်းခဲ့ကြောင်း တက်ရောက်ခဲ့သည့်အဖွဲ့အစည်းတို့ထံမှ သိရသည်။

တွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြသူများလည်း တော်လှန်ရေးအကျိုး၊ အမျိုးသားအကျိုးအတွက် အကြံဉာဏ်ပေးခဲ့သည်ဟု MNSP-AD က ထုတ်ပြန်ထားသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) MNSP-AD သည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ကြေညာခဲ့ပြီးနောက် MNSP-AD သည် အခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မွန်ပြည်နယ်အတွင်း အထူးသဖြင့် ကျိုက်မရော၊ ရေး၊ မုဒုံမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားလာပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေသည်။