စံချိန်တင်တက်လာသည့် အခေါက်ရွှေေဈးသည် မေလ ၂၀ ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ်သိန်းငါးဆယ်ကျော် အထိရောက်လာပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ထားဝယ်ဈေးကွက်အတွင်း ယနေ့နံနက်ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းငါးဆယ် ခုနစ်သောင်းကျပ် (၅၀၇၀၀၀၀) ဈေးဖွင့်ထားကြောင်း ရွှေဆိုင်အချို့ထံမှသိရသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးကလည်း ဆက်တိုက်တက်နေသည့်အပြင် အမေရိကန်ဒေါ်လာငွေလဲနှုန်းက မြင့်နေသည့်အတွက် ပြည်တွင်းရွှေဈေးလည်း စံချိန်တင်တက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ကမ္ဘာ့ဈေးကွက်တွင် အခေါက်ရွှေတစ်အောင်စလျှင် ၂၄၄၈ ဒေါ်လာဈေးဖွင့်ထားပြီး ရွှေသမိုင်းသက်တမ်းတစ်လျှောက် ဆယ်စုနှစ်များစွာအတွင်း အမြင့်ဆုံးဈေးသို့ ရောက်နေခြင်းဖြစ်သည်။
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာငွေလဲနှုန်းပေါ်တွင် အခြေခံပြီးတွက်ချက်လေ့ရှိသည့် ပြည်တွင်းရွှေဈေးမှာ လက်ရှိနှုန်းထားထက် ပိုမြင့်လာနိုင်သည့်အနေအထားရှိကြောင်း အဆိုပါရွှေဆိုင်ပိုင်ရှင်က ဆိုသည်။
ပြည်တွင်းရွှေဈေးကို တွက်ချက်ရာတွင် ကမ္ဘာ့ရွှေပေါက်ဈေးကို အမေရိကန်ဒေါ်လာငွေလဲနှုန်းနှင့်မြှောက်ပြီး ၁ ဒဿမ ၈၇၅ ဖြင့် ပြန်စား၍ တွက်ချက်ရခြင်းဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။
ထိုသို့စံချိန်တင်ဈေးတက်နေချိန်တွင် အခေါက်ရွှေအရောင်းအဝယ်လုပ်သူ မရှိသလောက်ဖြစ်သွားကြောင်း ၎င်းက ပြောသည်။
“ဝယ်လိုက် ရောင်းလိုက်နဲ့ အမြတ်ဖော်စားပြီး နေ့တွက်ရှာစားနေတဲ့သူတွေမျိုးတော့ အနည်းအကျဉ်း အရောင်းအဝယ် ရှိကြတယ်”ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။
ထားဝယ်မြို့ရှိ ရွှေဆိုင်အများစုက စစ်ဘေးရှောင်နေရသည့် နယ်ဒေသမှဝယ်လက်ကို အဓိကအားထားနေရပြီး စစ်ဘေးရှောင်နေရသူအချို့က မြို့ပေါ်တွင် အိမ်ငှားနေထိုင်ရခြင်းကလည်း ရွှေရောင်းအားကျစေသည့်အချက် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုအခင်းအကျင်းတွင် ငွေကျပ်ငါးသိန်းအောက် ရွှေထည်အချို့သာ ရောင်းနေရပြီး ထားဝယ်မြို့ရှိ ရွှေဆိုင်အားလုံးနီးပါးတွင် အရင်ထက် ရောင်းအားအဆမတန် ကျသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။