စစ်တပ်အာဏာသိမ်းလိုက်မှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပြည်တွင်းစစ်မီးအတွင်း ပြည်သူလူထု တစ်ရပ်လုံးမှာလည်း အမှောင်ခေတ်ကို ဖြတ်သန်းနေကြရသည်။
အကျပ်အတည်း အခက်အခဲမျိုးစုံကြားတွင် ရှင်သန်ရေးအတွက် နည်းမျိုးစုံဖြင့် ရုန်းကန်နေကြရသည့် ပြည်သူလူထုမှာ စစ်ကောင်စီ၏ လုံခြုံရေးအကြောင်းပြ တင်းကြပ်မှုများကြောင့် ကျပ်သထက်ကျပ်၊ ခက်သထက်ခက် လာနေသည်။
စစ်ကောင်စီကမူ ပြည်သူများ၏ အခက်အခဲများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ၎င်းတို့လုံခြုံရေးနှင့် အာဏာဆက်ထိန်းထားနိုင်ရေးအတွက် ဥပဒေ၊ တားမြစ်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို ဆက်တိုက်ပြဌာန်းလာမှုမှာ လူထုကို ပိုမိုခက်ခဲကျပ်တည်း လာစေခဲ့သည်။
စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဒုက္ခနွံထဲ ဆွဲသွင်းလိုက်သလို၊ စမတ်ကတ် ဟုခေါ်ကြသည့် ဇီဝလုံခြုံရေးကတ် အသက်သွင်းလိုက်မှုကြောင့်လည်း လူငယ်များမှာ ပိတ်မိပြီး အနာဂတ်ပျောက်ဆုံး ကုန်ကြသည်။
အာဏာသိမ်းလိုက်မှုကြောင့် လူငယ်အများစုမှာ ပညာရေးရပ်တန့်သွားကြသလို အနာဂတ်ပျောက်ဆုံးနေကြရသည်။
အထူးသဖြင့် ကျေးလက်ဒေသနေ လူငယ်များမှာ ပညာရေးတစ်ပိုင်းတစ်စဖြစ်ကြရသည်။
ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် တောင်ပိုင်းဒေသမှ လူငယ်များကို တွေ့ဆုံမေးမြန်းကာ ဖော်ပြလိုက်ပါသည်။
“စစ်မှုထမ်းဥပဒေပေါ်လာလို့ အစ်မက စိတ်မချဘဲ တစ်မိသားစုလုံးထိုင်းကိုခေါ်လိုက်လို့ မတက်ဖို့ဆုံးဖြတ်လိုက်တာပါ”
ကျောင်းဆက်မတက်ဖြစ်တော့သည့် နဝမတန်းကျောင်းသားတစ်ဦး (ထားဝယ်မြို့နယ်)
DW ။ ပညာရေးဘယ်မှာလမ်းဆုံးနေလဲ။
ဖြေ ။ မနှစ်က Grade 10 ဖြေပြီးပြီ။ အခုနှစ်တော့ ကျောင်းဆက်တက်ဖြစ်မှာ မဟုတ်တော့ဘူး။
DW ။ ဘာကြောင့် ဆက်မတက်တော့တာလဲ။
ဖြေ ။ နိုင်ငံရေးကြောင့်ပဲပြောရမယ်။
DW ။ အရင် ၂ နှစ်ကလည်း နိုင်ငံရေးဖြစ်နေတာပဲ။ အခုမှဘာလို့ ကျောင်းမတက်ဖို့ ဆုံးဖြတ်တာလဲ။
ဖြေ ။ စစ်မှုထမ်းဥပဒေပေါ်လာလို့ အစ်မက စိတ်မချဘဲ တစ်မိသားစုလုံးထိုင်းကိုခေါ်လိုက်လို့ မတက်ဖို့ဆုံးဖြတ်လိုက်တာပါ။ အသက်အရွယ်ရော လူကောင်(ခန္ဓာကိုယ်) ရောကြီးလာလို့စိတ်မချဘူးလို့ အစ်မကပြောတယ်။
DW ။ ကိုဗစ်မတိုင်ခင်ရော၊ အာဏာသိမ်းကာလမှာရော ကျောင်းတက်ဖူးခဲ့တယ်ဆိုတော့ ပညာရေးမှာဘာတွေကွာခြားမှုရှိတာတွေ့ရလဲ။
ဖြေ ။ စာတွေကတော့ အသစ်ပြောင်းတာမရှိဘူး။ အတူတူပဲ။ ကျောင်းချိန်မှာ အားလပ်ချိန်တွေ ပိုများလာတာမျိုးတော့ရှိတယ်။
DW ။ ကျောင်းဆက်တက်ချင်စိတ်ရောရှိလား။
ဖြေ ။ ကျောင်းတက်ချင်စိတ်ကရှိပါတယ်။ အခုပြောင်းလာပြီးပြီဆိုတော့ မတက်ရတော့ဘူးပေါ့။ နိုင်ငံရေးပြီးရင်တော့ပြန်တက်ချင်တယ်။
DW ။ ပညာရေးအတွက်အခြားဘာစီစဥ်ထားသေးလဲ။
ဖြေ ။ အခုထိတော့မစဥ်းစားရသေးဘူး။ ဝေဝေဝါးဝါးပဲ။ ထိုင်းကျောင်းပဲ ဆက်တက်ရမယ်ထင်တယ်။
DW ။ ေကျာင်းဆက်တက်နေတဲ့ သူငယ်ချင်းတွေကိုရော ဘာပြောချင်လဲ။
ဖြေ ။ ရွာကသူငယ်ချင်းတွေကတော့ မြို့ကျောင်းကိုသွားတက်ရတဲ့ အခက်အခဲကြောင့် အားလုံးမတက်ကြတော့ဘူး။ မြို့ကလူတွေကတော့ လုံခြုံနေသေးတော့ ကျောင်းတက်ရ အဆင်ပြေသေးတယ်။ ကျောင်းတက်နေတဲ့ သူငယ်ချင်းတွေကို ထွေထွေထူးထူ ပြောစရာမရှိပါဘူး။
DW ။ ကျေးဇူးတင်ပါတယ်။
“အာဏာသိမ်းပြီးကတည်းက ကျွန်မတို့ဘဝတွေက ပုံမှန်မဟုတ်တော့ဘူး။ အရာအားလုံးခက်ခဲကုန်တယ်ရှင်”
ပုလောမြို့နယ်မှ အသက် ၁၀ နှစ်အရွယ် ကျောင်းသားမိခင်တစ်ဦး
DW ။ သားသမီးတွေရဲ့ ပညာရေးအတွက် ဘယ်လိုပုံစံနဲ့ ပညာသင်ပေးနေတာလဲ။
ဖြေ ။ ကျွန်မမှာက သမီးကတစ်ယောက်၊ သားကတော့အကြီး ၉ နှစ်ပေါ့။ ၁၀ နှစ်ထဲဝင်နေပြီအခုဆိုရင်။ ကျွန်မကတော့ အပြင်ပုဂ္ဂလိကကျောင်းမှာ သင်နေတဲ့ ဆရာမကိုငှားပြီးတော့ အိမ်မှာပဲသင်ပေးနေတယ်။ ဂိုက်ပုံစံမျိုးခေါ်သင်တယ်။ ကျောင်းရယ်လို့ သီးသန့်မထားဘူး။
DW ။ ဘာဖြစ်လို့ ကလေးကို ကျောင်းမပို့ဘဲ အိမ်မှာပဲသင်ခိုင်းတာလဲ။
ဖြေ ။ ကိုယ်တိုင်ကလည်း CDM ဝင်ထားတဲ့သူဆိုတော့ အဲဒီပညာရေးစနစ်မှာ မထားချင်လို့ပါ။ ကျွန်မက ကျွန်မသားကို အမှားအမှန်ကို ခွဲခြားနိုင်တဲ့သူမျိူးပဲဖြစ်စေချင်တယ်။ ဘွဲ့ရပညာတတ်ဖြစ်ပြီး ဘယ်ဟာကအမှား၊ ဘယ်ဟာကအမှန်ဆိုတာ ခွဲခြားမတတ်တဲ့သူ မဖြစ်စေချင်ဘူး။ အဲဒါကြောင့် အပြင်က စာအုပ်တွေကိုဝယ်ပြီး ထပ်ခါထပ်ခါ သင်ပေးဖြစ်တယ်။ ကိုယ့်သားငယ်က နှစ်တန်းဆိုရင် နှစ်တန်းနဲ့ညီတဲ့ စာတွေသင်ပေးထားတယ်။ တကယ်လို့ ကျွန်မတို့ဒေသမှာ NUG ကျောင်းတွေလာဖွင့်ရင် အဆင်သင့်ဖြစ်နေအောင်ဆိုပြီးတော့။ အရင်တုန်းကတော့ အွန်းလိုင်းကနေ တစ်နှစ်ထားဖြစ်သေးတယ်။ ကျွန်မတို့နားမှာက ဟိုးပြေးရ၊ သည်လွှားနေရ၊ ရှောင်ရတိမ်းနေရတာဆိုတော့ ကလေးက ကောင်းကောင်းစာမသင်ရတော့ စားလုံးပေါင်းတွေ ပေါင်းချလို့မထွက်ဘူး။ အဲကြောင့် အဲမှာဆက်မထားတော့ဘဲ အပြင်မှာသီးသန့်ပဲ လုပ်ပေးဖြစ်တော့တယ်။
DW ။ ကိုယ့်ဘာသာအိမ်မှာသင်တာက ကလေးပညာရေးအတွက် အထောက်အကူဖြစ်မယ်ထင်လား။
ဖြေ ။ အိမ်မှာသင်တာနဲ့ ကျောင်းမှာသင်တာနဲ့တော့ မတူဘူးပေါ့။ ကျောင်းမှာဆို အသင်းအဖွဲ့တွေနဲ့ လုပ်တတ်ကိုင်တတ်တာတွေပါ ရှိတယ်လေ။ ကမ္ဘာမကြေသီးချင်းကို သူငယ်ချင်းတွေနဲ့လည်းတူတူ မဆိုရဘူး။ သူငယ်ချင်းတွေနဲ့လည်း မဆော့ရဘူးလေ။ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာကျတော့ အဲဒါတွေမရတော့ဘူးပေါ့။ ကိုယ်ထားချင်တဲ့ကျောင်းက ကိုယ့်ဒေသမှာမရှိဘူး။ အွန်လိုင်းထားပြန်တော့လည်း ဘေးပတ်ဝန်းကျင်ကို စိတ်ပူးနေရသေးတယ်။ သူများတွေလိုလည်း အပြင်ကျောင်း( အခြေခံပညာကျောင်း) တွေမပို့ချင်ဘူး။ ခဲရာခဲဆစ်ဖြစ်နေပါစေ ကျွန်မကတော့ ဒီလိုပဲဆက်ပြီးသင်ပေးနေရမှာပဲ။
DW ။ အာဏာသိမ်းပြီးနောက်မှာ ကလေးတွေ ပညာသင်ကြားခွင့်အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ ကျွန်မတို့မှာတော့ တော်တော်ခက်ခဲတယ်။ အရင်က (အာဏာမသိမ်းခင်က) ကိုယ့်ဝင်ငွေနဲ့ကိုယ် ကလေးကိုကျောင်းထားနိုင်ပေမယ့် အခုချိန်မှာတော့ ငွေရေးကြေးရေး အခက်အခဲရှိတယ်။ ကလေးပညာသင်ရဖို့ကို ကျွန်မမှာ အခက်အခဲတွေအများကြီး ကြုံရတယ်။ အခက်အခဲတွေကအများကြီးဆိုတော့ ဘယ်ဟာပြောရမှန်းကိုမသိတော့ဘူး။ ပြောရင်းတောင် ကျွန်မငိုချင်လာပြီ။
DW ။ ဖြည့်စွက်ပြောချင်တာရှိသေးလား။
ဖြေ ။ အခုချိန်မှာကတော့ ကလေးပညာရေးအတွက် အရမ်းကိုခက်ခဲနေတဲ့အချိန်ပေါ့။ မူကြိုတက်ရမယ့်အချိန် မတက်ရဘူး။ စာသင်ခန်းထဲမှာ ပျော်ပျော်ရွှင်ရွှင်စာသင်နေရမယ့်အချိန် မသင်နေရဘူး။ အာဏာသိမ်းပြီးကတည်းက ကျွန်မတို့ဘဝတွေက ပုံမှန်မဟုတ်တော့ဘူး။ အရာအားလုံးခက်ခဲကုန်တယ်ရှင်။
DW ။ ကျေးဇူးတင်ပါတယ်။
“သူငယ်ချင်းတွေလည်း တစ်ယောက်မှမတက်ကြဘူးလေ။ အရင်က ကျောင်းတက်ရင် ဒလန်လို့ပြောကြတော့ အိမ်ကလည်းမထားရဲဘူး”
အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး လောင်းလုံးမြို့နယ်
DW ။ ကျောင်းမနေတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်အတန်းကထွက်လိုက်တာလဲ။
ဖြေ ။ ကိုးတန်းအောင်ပြီး ဆယ်တန်းတက်ရမယ့်နှစ်မှာ မတက်ရတော့ဘူး။ အဲနှစ်(၂၀၂၀ ခုနစ်) ကိုဗစ်ဖြစ်လို့ ကျောင်းတွေပိတ်လိုက်တော့ အဲမှာဆယ်တန်းမတက်ရတော့ဘဲ ဖြစ်သွားတယ်။
DW ။ အခုရော ဘာတွေလုပ်နေလဲ။ ကျောင်းတက်ချင်စိတ်ရှိသေးလား။
ဖြေ ။ ကျောင်းတော့ တက်ဖြစ်တော့မှာမဟုတ်ဘူး။ ဂျပန်စာဖြစ်ဖြစ် ကိုးရီးယားစာဖြစ်ဖြစ် အဲလိုသင်တန်းမျိုးတော့ တက်ချင်နေတယ်။ ဒါပေမဲ့ အိမ်ကတက်ခိုင်းမှာမဟုတ်ဘူး။ အိမ်က စိတ်မချလို့ ဘယ်မှမလွှတ်ဘူး။
DW ။ ဘာလို့ကျောင်းမတက်ချင်တော့တာလဲ။
ဖြေ ။ သူငယ်ချင်းတွေလည်း တစ်ယောက်မှမတက်ကြဘူးလေ။ အရင်က ကျောင်းတက်ရင် ဒလန်လို့ပြောကြတော့ အိမ်ကလည်းမထားရဲဘူး။ အခုမှဆို အသက်လည်းကြီးသွားပြီ ကျောင်းမနေချင်တော့ဘူး။ စာကျက်ရမှာပျင်းသွားပြီ။
DW ။ မောင်လေး၊ ညီမလေးတွေရော ကျောင်းနေကြလား။
ဖြေ ။ သူတို့လည်းမနေကြဘူး။ ကျူရှင်တော့နေကြတယ်။ ရွာမှာကျောင်းမဖွင့်ဘူးလေ။ ကျူရှင်ပဲရှိတယ်။ ကျူရှင်က တစ်လတစ်သောင်း(ကျပ်) နဲ့နေတယ်။
DW ။ လုံးဝစာမသင်ရတဲ့ ကလေးတွေညီမတို့ရွာမှာရှိလား။
ဖြေ ။ အဲလိုမျိုးတော့မရှိဘူးထင်တယ်။ အားလုံးက ကျူရှင်မှာသင်နေကြတယ်။ တစ်ချို့က မြို့မှာတက်သင်ကြတာလည်းရှိတယ်။
DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“အကုန်လုံးပါပဲ ဘာဆက်ဖြစ်မလဲ ဘယ်သူမှ မသိ။ အနာဂတ်တွေက အယောက်တိုင်း ပျောက်နေကြတာပဲ”
ထိုင်းနိုင်ငံရောက် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာသား လူငယ်တစ်ဦး
DW ။ အခုက ထိုင်းမှာ ဘာအလုပ်လုပ်နေတာလဲ။ အလုပ်က ဘာအလုပ်လုပ်ရတာလဲ။
ဖြေ ။ အခုအလုပ်လုပ်နေတာက မဟာချိုင်မှာ စက်ရုံကတော့ ဂျယ်လီစက်ရုံ။ စက်ရုံထဲက အုန်းသီးအခန်းမှာ လုပ်ရတယ်။ ကျွန်တော်အလုပ်လုပ်နေတဲ့ အခန်းမှာ အလုပ်နည်းရင် သူများအခန်းသွားပြီး သွားလုပ်ကူရတယ်။ ဂျယ်လီဖာတွေ ထည့်ချင်တဲ့အချိန် ထည့်ပေါ့။ အလုပ်ကတော့ သူတို့ခိုင်းတာပဲ လုပ်ပေးရတယ်။ ကိုယ်က အခုမှ စဝင်ဝင်ချင်းဆိုတော့ အဲလိုပါပဲ။ ပင်ပန်းတာကတော့ ရှိတာပေါ့။ နောက် ကိုယ်က လုပ်ငန်းကျွမ်းလာရင်တော့ တစ်မျိုးတော့ ထပ်ကောင်းသွားမယ်ထင်တယ်။
DW ။ နောက်ဆုံး ဘယ်အတန်းထိ နေခဲ့ရလဲ။ ဘာကြောင့် ကျောင်းနားခဲ့ရတာလဲ။
ဖြေ ။ ကျွန်တော်က ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) တက်နေရင်းတန်းလန်းလေ။ ကိုဗစ်ဖြစ်တော့ နားလိုက်ရတာပဲ။ ကိုဗစ်ဖြစ်ပြီးတဲ့အချိန် နိုင်ငံရေးက စဖြစ်လာရော။ အဲမှာ ပိုနားလိုက်ရတာပေါ့။ အဲကတည်းက ကျောင်းပြန်မတက်ဖြစ်တော့ဘူး။ နိုင်ငံရေးတွေ ဆက်ဖြစ်လာတဲ့အထိပဲ။ ပြောရမယ်ဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းက ကျောင်းဆက်တက်ဖို့ အဆင်မပြေတော့ဘူးပြောရမယ်။ ကိုယ်တိုင်ကလည်း မတက်ချင်တော့ဘူးလေ။ ကိုယ်ကြိုက်တဲ့ အစိုးရလည်းမဟုတ်ဘူးဆိုတော့ ဆက်မတက်ဖြစ်တော့တာလည်း ပါတယ်။
DW ။ ကျောင်းတက်တုန်းကတော့ ဘယ်အဆင့်ထိ ရောက်အောင် တက်နိုင်မယ်လို့ မှန်းထားလဲ။ ကျောင်းပြီးသွားရင်ကော ဘာလုပ်မယ် လို့ ရည်မှန်းချက်ထားထားလဲ။
ဖြေ ။ အဓိကမှန်းထားတာက တက္ကသိုလ်အထိပဲ။ ကျွန်တော့်အတွက်ဆိုရင် ဆယ်တန်းအောင်လောက်ရရင် ရပြီ။ အမေနဲ့ အဖေအတွက်ကို တက္ကသိုလ်အထိ တက်ပေးချင်တာ။ ပြောရရင် ဘွဲ့တစ်ခုရချင်တာပေါ့။ ကျွန်တော့်စိတ်ကူးဆိုရင် ဆယ်တန်းအောင်လောက်ဆို တော်ပြီ။ ဘွဲ့တောင် မယူချင်ဘူး။ အချိန်ကုန်တယ်လို့ ခံစားရလို့။ ဘာရည်မှန်းထားလဲဆိုတော့ မြန်မာနိုင်ငံမှာက သိတဲ့အတိုင်းပဲ။ ဆယ်တန်းအောင် ဘွဲ့ရလည်း ဘာမှဆက်ဖြစ်မလာကြဘူး။ အစိုးရအလုပ် ဝင်လုပ်ပြန်တော့လည်း ရလာတဲ့လစာက ၁၈၀၀၀၀ (ကျပ်)လောက်။ ဒီလောက်ပဲရှိတယ်။ ကျွန်တော့်မှာတော့ အစိုးရအလုပ်ဝင်လုပ်ဖို့ မရည်ရွယ်ထားပါဘူး။ ကျွန်တော်က အင်္ကျီတွေ ဘောင်းဘီတွေ ဝတ်ရတာမျိုး ဝါသနာပါတယ်။ ဖက်ရှင်သဘောပေါ့။ အဲဒါတွေ ဝတ်ရတာမျိုးကြိုက်လို့ ကိုယ်တိုင်ရောင်းတာမျိုး လုပ်ချင်တယ်။ အထူးသဖြင့် ယောက်ျားလေးအဝတ်တွေပေါ့။ ကိုယ်လည်း ဆိုင်ဖွင့်ပြီးရောင်းမယ်။ ကိုယ်တိုင်လည်း ဝတ်မယ်လေ။ ဒါကို သဘောကျတယ်။ ဒီစိတ်ကူးလေးတစ်ခုတော့ ရှိတယ်။
DW ။ အခုက ကျောင်းမပြီးသေးဘူးဆိုတော့ ကျောင်းဆက်တက်ဖို့ အစီအစဉ်ရှိလား။ ဘာဆက်လုပ်မယ် စိတ်ကူးထားလဲ။
ဖြေ ။ ကျောင်းက ဆက်တက်ဖို့ အစီအစဉ်မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အသက်အရွယ်ကိုက အဆင်မပြေတော့ဘူးထင်တယ်။ ကလေးတွေကြားထဲ ဖြစ်နေမလားမသိဘူး။ တက်တာက တက်ချင်သေးတယ်။ ဘွဲ့လေးတစ်ခုရဖို့ အဖေနဲ့ အမေကို ပြချင်သေးတယ်။ ကိုယ့်အသက်အရွယ်နဲ့ တက်လို့ ပြေမပြေတော့ မသိတော့ဘူး။ အခုက ထိုင်းမှာရောက်နေတာဆိုတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ်။ ကိုယ့်နိုင်ငံအဆင်ပြေတဲ့အချိန် ပြန်ဆင်းမယ်။ မြန်မာနိုင်ငံပြန်ပြီး ပြန်လုပ်စားမယ် (အလုပ်လုပ်မယ်)။ အဓိကကတော့ နိုင်ငံရေးမကောင်းခင်တော့ ဒီမှာပဲ နေနေရဦးမှာပေါ့။ နိုင်ငံရေးကောင်းတာနဲ့ ကိုယ့်နိုင်ငံ ပြန်တော့မယ်။
DW ။ ထိုင်းမရောက်ခင်ကော၊ လက်ရှိကော ကြားထဲမှာ ကိုယ့်ပညာရေးအတွက် ဘာတွေလုပ်ဖြစ်ခဲ့လဲ။ ဘာတွေလုပ်နေခဲ့လဲ။
ဖြေ ။ ကျွန်တော် က ဆိုင်ကယ်ပြင်တာလည်း ဝါသနာပါသေးတယ်ဆိုတော့ မြို့တက်ပြီး သူငယ်ချင်းနှစ်ယောက် ဆိုင်ကယ်ပြင် တက်သင်မလားလို့။ အသက်မွေးဝမ်းကြောင်းအတွက်ပေါ့။ ဆိုင်ကယ်ဝပ်ရှော့နဲ့ ကားဝပ်ရှော့သင်မလားပေါ့။ ဖြစ်လဲမဖြစ်လာပါဘူး။ အဲဒါနဲ့ ထိုင်းနိုင်ငံကို ရောက်လာတယ်။ လုံငန် (စက်ရုံ) အလုပ်လုပ်နေတာဆိုတော့ လုံငန်နဲ့ ပက်သက်တာတွေပဲ သင်နေရသေးတယ်။ အခြားထိုင်းစာတွေတောင် မသင်ဖြစ်နေဘူး။ နောက်အလုပ်တစ်ခုပြောင်းဖို့ မလွယ်နေသေးလို့။ ပညာရေးအတွက်ဆို အသက်မွေးဝမ်းကြောင်းအတွက် ပညာပြန်ရှာရဦးမယ်။
DW ။ အနာဂတ်ပညာရေးအတွက် ဘာဆက်ဖြစ်မယ် တွေးထားလဲ။
ဖြေ ။ အနာဂတ်ဆိုတာလား။ အနာဂတ်က ပျောက်တော့ ပျောက်နေတာပဲ။ ဆယ်တန်းလေးတောင် မပြီးလိုက်ဘူး။ ပြီးအောင်တက်ဖို့ စိတ်ကူးရှိလည်း မလွယ်တော့ဘူးလေ။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တာဆိုရင်တော့ ပိုက်ဆံရှာမယ်။ ကိုယ်တိုင် သုံးမယ် ဖြုန်းမယ်။ မိဘတွေပို့မယ်။ လှူမယ်။ တစ်ယောက်တည်း နေမယ်။ ဒီလောက်ပဲ တွေးထားသေးတယ်။ ကျန်တာတွေတော့ အကုန်လုံးပါပဲ ဘာဆက်ဖြစ်မလဲ ဘယ်သူမှ မသိ။ အနာဂတ်တွေက အယောက်တိုင်း ပျောက်နေကြတာပဲ။ ကိုယ်မသိတဲ့သူတွေ ရှိရင်ရှိမှာပေါ့။
DW ။ အခြားဖြည့်စွက်ပြောချင်တာရှိလား။
ဖြေ ။ မရှိတော့ပါ။