BREAKING
February 25, 2025

အီရန်သမ္မတ လိုက်ပါလာသော ရဟတ်ယာဉ်ပျက်ကျ၊ သမ္မတအခြေအနေ မသိရသေး

May 20, 2024

အီရန်သမ္မတ ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးများလိုက်ပါလာသော ရဟတ်ယာဉ် မေလ ၁၉ ရက်နေ့က ပျက်ကျကြောင်း CNN သတင်းတွင် ဖော်ပြသည်။

သမ္မတ ရိုင်စီသည် အီရန်နိုင်ငံအနောက်ပိုင်းရှိ တောင်တန်းဒေသဖြစ်သော အရှေ့အဇာဘိုင်ဂျန်ပြည်နယ်သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်စဉ်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်သော သမ္မတနှင့် ဝန်ကြီး အခြေအနေများ မသိရသေးပေ။

ရာသီဥတုဆိုးဝါးနေပြီး မြူထူထပ်နေစဉ် ရဟတ်ယာဉ် ပျက်ကျခြင်းဖြစ်သဖြင့် ရှာဖွေကယ်ဆယ်ရေးသမားများက ရှာမတွေ့သေးကြောင်း သတင်းတွင် ဖော်ပြသည်။

ရဟတ်ယာဉ် ပျက်ကျမှုကို ရှာဖွေရေးအမြန်လုပ်ဆောင်နေကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။

ရာသီဥတု ဆိုးရွားနေသဖြင့် ရှာဖွေရေးနှောင့်နှေးနေဆဲဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျပြီး နာရီများစွာ ကြာသည်အထိ မတွေ့ရှိရသေးပေ။

ထို့ကြောင့် ရဟတ်ယာဉ်၏ တည်နေရာနှင့် သမ္မတတို့၏ အခြေအနေများကို အတည်မပြုနိုင်သေးဘဲ ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းကိုလည်း မသိရသေးကြောင်း ဆိုသည်။

ခရီးစဉ်ကို ရဟတ်ယာဉ်သုံးစီးဖြင့် သွားရောက်ခြင်းဖြစ်ပြီး အခြားနှစ်စီးသည် ဘေးကင်းကင်းဖြင့် ဆိုက်ရောက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။