BREAKING
December 23, 2024

ကျေးလက်မှသည် မြို့ပြဆီသို့ - တနင်္သာရီတိုင်း၏ စစ်ရေးအပြောင်းအလဲ

May 20, 2024

လက်လုပ်သေနတ်များဖြင့် စတင်ခဲ့သော တနင်္သာရီတိုင်းက တော်လှန်ရေးမှာ ယနေ့အချိန်တွင် စခန်းသိမ်းတိုက်ပွဲများအထိ ခရီးပေါက်လာနေပြီဖြစ်သည်။

ပြည်တွင်း၊ ပြည်ပက ပြည်သူများ၏ တစ်ခဲနက်ထောက်ပံ့မှုတို့ဖြင့် မောင်းပြန်သေနတ်မှသည် RPG ကဲ့သို့သော လက်နက်များအထိ ကိုင်ဆောင်တိုက်ပွဲဝင်လာနေကြသည်မှာ နေရာအနှံ့ပင်။

ကျေးလက်ကို အခြေပြု မြို့ပြကိုဝိုင်းဆိုသည့် တော်လှန်ရေးတပ်တို့၏ ပြောက်ကျားစစ်ဗျူဟာနှင့် နယ်မြေကျွမ်းကျင်မှု၊ ပြည်သူ့ထောက်ခံမှုတို့ဖြင့် ပေါင်းစပ်လိုက်သောအခါ ထိရောက်သည့် ဗျူဟာတစ်ခုဖြစ်လာပြီး စစ်ကောင်စီတပ်ကို အကြီးအကျယ် အထိနာစေခဲ့သည်။

အာဏာသိမ်းကာစ ရပ်ကွက်၊ ကျေးရွာများကို ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်ပြီး ပြည်သူ့ အသက်အိုးအိမ်များကို ဖျက်ဆီးခဲ့ကြသည့် စစ်ကောင်စီတပ်မှာ အင်အားရာဂဏန်းမျှမရှိလျှင် တပ်ပြင်ပကို မထွက်ဝံ့တော့။

တော်လှန်ရေးတပ်များဘက်ကမူ တစ်ဆင့်ပြီးတစ်ဆင့် ကျေးလက်ဆီမှ မြို့ပြသို့ တက်လှမ်းလာနေသည်။

“ကျွန်တော်တို့ တောရွာမှာ နေရာကနေ တဖြည်းဖြည်း မြို့ပေါ်မှာရှိတဲ့ လမ်းမကြီးတွေပေါ်ကို
ရောက်လာပြီ။ နောက်လမ်းမကြီးပေါ်မှာ ကျွန်တော်တို့ ပုန်းလျှိုးကွယ်လျှိုး နေတာမဟုတ်ဘဲ ပြောင်ပြောင်ထင်ထင် နေနိုင်လာပြီ။ လမ်းမကြီးမှာရှိတဲ့ရွာတွေမှာ ကျွန်တော်တို့နေနိုင်လာပြီ” ဟု အမှတ် ၃ စစ်ဒေသခွဲ တောင်ပိုင်းတိုင်း စစ်ဒေသ၏ ဒုစစ်ဒေသမှူး ရဲဘော်ဂျူပီတာက ဆိုသည်။

စခန်းသိမ်းတိုက်ပွဲများ

တနင်္သာရီတိုင်း၏ ပထမဆုံး စခန်းသိမ်းတိုက်ပွဲမှာ ထားဝယ်အရှေ့တောဒေသ ဘန်းချောင်းတစ်ကြောရှိ ‘ကျောက်ထု’ စစ်ကောင်စီ တပ်စခန်းဖြစ်သည်။

ထိုစခန်းကို ဇန်နဝါရီလ ၂၄ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းစခန်းကို သိမ်းပိုက် နိုင်လိုက်ခြင်းမှာ တော်လှန်ရေးအဖွဲ့များအတွက် အဖွင့်လှသွားခဲ့ပြီး စိတ်ဓာတ်ခွန်အား မြင့်တက်သွားခဲ့သည်။

ယင်းနောက်တွင် ဧပြီလ ၂၄ ရက်၌ ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ်အနီးက မောထစခန်းကို ထပ်မံသိမ်းပိုက်ခဲ့သည်။

မေလအတွင်းတွင်တော့ အခိုင်အမာတည်ဆောက်ထားသည့် ပဲဒက်စခန်းကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့သည်။

မေလ ၈ ရက်နေ့တွင် သရက်ချောင်းမြို့နယ် ပဲဒက်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၁ ရက်နေ့တွင်တော့ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်အစပ်ရှိ ၁၀၂၀ စစ်ကောင်စီခြေကုပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။

ယခုနှစ်ဆန်း ၅ လတာအတွင်း တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာ စခန်းများအပါအဝင် ပျူစောထီးစခန်းများနှင့် တပ်ခြေကုပ်စခန်းများကိုလည်း တော်လှန်ရေးအဖွဲ့များက ဆက်တိုက်သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့သည်။

သရက်ချောင်းမြို့နယ် ရောင်းမော်နှင့် ကျောက်ဆည်ရွာတို့မှ ပျူစောထီးစခန်းနှစ်ခု၊ ရေဖြူမြို့နယ် မင်းသားရွာပျူစောထီးစခန်းတို့ကို တော်လှန်ရေးအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ရေဖြူမြို့နယ် နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်းရဲကင်းစခန်း၊ လောင်းလုံးမြို့နယ် သကျက်တောရဲစခန်း၊ သရက်ချောင်းမြို့နယ် သဲချောင်းကြီးရဲကင်းစခန်း၊ စော်ဖျား ပျူစောထီးစခန်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသက ဟိန္ဒားရွာစခန်း၊ ထီးခီးနယ်စပ်တွင် ကမာပလောစခန်း၊ ထောမဖြိုး စသည်တို့ကိုမူ စစ်ကောင်စီဆုတ်ခွာပြီးနောက်ပိုင်း တော်လှန်ရေးတပ်တို့က မီးရှို့ဖျက်ဆီးခဲ့သည်။

ထားဝယ်အရှေ့တောဒေသ မေတ္တာရဲကင်းစခန်းနှင့် သရက်ချောင်းမြို့နယ် ရောင်းမော်ပျူစောထီးစခန်းတို့ကိုမူ တော်လှန်ရေးတပ်တို့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီက နေရာပြန်ယူထားလိုက်ကြောင်း ဒေသခံတို့ကပြောဆိုသည်။

လက်နက်အားပြုလာသည့် စစ်ကောင်စီ

လူအင်အားနှင့် စိတ်ဓာတ်အင်အား ကျဆင်းလာနေသည့် စစ်ကောင်စီတပ်မှာ လက်နက်ကို ပိုမိုအားပြုကာ နယ်မြေစိုးမိုးနိုင်ရေး ကြိုးစားလာနေသည်။

၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ခန့် အနည်းဆုံးလုပ်ဆောင်ခဲ့ပြီး ဗုံးအလုံးရေ ရာချီ ကြဲချခဲ့သည်။

စစ်ကောင်စီက ယင်းသို့လက်နက်အားပြု တိုက်ခိုက်လာသော်လည်း တော်လှန်ရေး အရှိန်ကျဆင်းသွားစေရန် စွမ်းဆောင်နိုင်ခြင်းတော့မရှိ။

တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး စစ်ပန်းနေသည့် စစ်ကောင်စီတပ်၏ မြေပြင်တိုက်ခိုက်ရေးမှာ သိသိသာသာ ကျဆင်းလာနေချိန်တွင် တော်လှန်ရေးအရှိန် ကောင်းလာခြင်းအပေါ် ရဲဘော်ဂျူပီတာက ယခုကဲ့သို့ထောက်ပြသည်။

“စကစဘက်ကလည်း အားနည်းလာတယ်။ ကျွန်တော်တို့ဘက်က စိတ်ဓာတ်ခွန်အားတွေရော စစ်ရေးစွမ်းရည်ရော မြင့်မားလာတဲ့အတွက် ကျွန်တော်တို့ပိုပြီးလုပ်နိုင်လာတယ်လို့ ယူဆပါတယ်”

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြားထဲကပင် တော်လှန်ရေးတပ်တို့က စစ်ရေးအရ အရေးပါသည့် စခန်းများကို သိမ်းပိုက်လာနိုင်ခဲ့သည်။

KNU တပ်မဟာ ၄ KNLA တပ်ရင်း(၁၂)နှင့် KNU တပ်မဟာ ၆ KNLA တပ်ရင်း(၂၇)၏ တွဲဖက် တပ်ရင်းမှူး ဗိုလ်မှူးစောမှူးဂေကလည်း စစ်ကောင်စီဘက်က စစ်ကူပေးနိုင်သည့် တပ်သားမရှိသလို တိုက်ခိုက်ရေးစွမ်းရည်လည်း မရှိတော့ကြောင်း ပြောဆိုသည်။

“(စစ်ကောင်စီတပ်က) လူအင်အားရော လူအရေအတွက်ရော အဲဒီလောက်အထိ မဖြည့်ပေးနိုင်ဘူး။ ကြည်းရော၊ လေရော၊ အပေါ်မှာကျတော့ လေယာဉ်လာပစ်ကူတာ အဲဒါပဲရှိတယ်။ အဝေးကနေ လက်နက်ကြီးလှမ်းထုတာပဲရှိတာ” ဟု စောမူးဂေကဆိုသည်။

စစ်ကောင်စီတပ် လူအင်အား၊ စိတ်ဓာတ်အင်အား ကျဆင်းလာနေချိန် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ကမူ တိုက်ခိုက်ရေးစွမ်းရည်မြင့်တက်လာနေပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း အောင်ပွဲများဖြင့် သက်သေပြနေသည်။

နယ်မြေစိုးမိုးမှု

ယခုအခါ တော်လှန်ရေးတပ်တို့သည် ‌မြန်မာပြည်မြေပုံတောင်ဘက်အစွန်းရှိ ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားပြီဖြစ်သည်။

ယင်းအပြင် ရန်ကုန်မှ ကော့သောင်းအထိပေါက်သည့် ပြည်ထောင်စုလမ်းပိုင်းနှင့် ထားဝယ်မြို့မှ ထိုင်းနိုင်ငံသို့ပေါက်ရောက်သည့် ထီးခီးလမ်းပိုင်းတို့ကို တော်လှန်ရေးတပ်တို့က အလုံးစုံ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြသည်။

“ထားဝယ်နဲ့ ထီးခီးလမ်းကြောင်းမှာကျတော့ အခုကျွန်တော်တို့ ၈၀ ရာခိုင်နှုန်းလောက် စိုးမိုးထားတာရှိတယ်။ မလွှဲတောင်ကနေ သရက်ချောင်းအထိလည်း ၇၀ / ၈၀ ရာခိုင်နှုန်းလောက်အထိ စိုးမိုးထားနိုင်တယ်” ဟု စောမူးဂေက ဆိုသည်။

တော်လှန်ရေးတပ်များမှာ မွန်-တနင်္သာရီအစပ် မလွှဲတောင်စစ်ဆေးရေးဂိတ်မှ သရက်ချောင်းမြို့နယ်အထိ ပြည်ထောင်စုလမ်းမကို ၇၀ ရာခိုင်နှုန်းကျော် ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီး ထီးခီးလမ်းကိုလည်း ၈၀ ရာခိုင်နှုန်းခန့် ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ပြည်ထောင်စုလမ်းပေါ်ရှိ သရက်ချောင်းမြို့နယ် ပဲဒက်စခန်း၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ကြားက ၁၀၂၀ စခန်းနှစ်ခုကို သိမ်းပိုက်လိုက်နိုင်ခြင်းကလည်း တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအတွက် ပိုမိုအားကောင်းသွားစေသည်။

ယင်းအပြင် ထားဝယ်-ထီးခီးလမ်းပေါ်ရှိ မောထစခန်းကို ဧပြီလ ၂၄ ရက်က တိုက်ခိုက်သိမ်းပိုက်ထားလိုက်နိုင်၍ ထားဝယ်မြို့မှ မိုင် ၃၀ ကျော်သာကွာဝေးသော စစ်ကောင်စီ၏ မေတ္တာဗျူဟာကုန်းကို ရိက္ခာနှင့် စစ်ရေးအကူအညီများ အလွယ်တကူ မရောက်စေရန် ပိတ်ဆို့နိုင်ပြီဖြစ်သည်။

ယင်းအပြင် (ကမာပုလောစခန်း) ခလရ ၁၀၃ တပ်စခန်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် တော်လှန်ရေးတပ်တို့ထံ ဧပြီလ ၁၅ ရက်တွင်လက်နက်ချခဲ့သေးသည်။

“ဒီဘက်ခြမ်း (ထားဝယ်- ထီးခီးသွားလမ်း) မှာကတော့ လုံးဝထိန်းချုပ်ထားတာပေါ့။ ထိန်းချုပ်ထားတာက သူတို့စခန်းမှာ သွားမနေဘူးပေါ့။ အဲဒီကို သူတို့လူတွေ လုံးဝ တက်လာလို့ မရဘူးပေါ့။ အပိုင်ထိန်းချုပ်ထားတာပေါ့” ဟု စောမူးဂေက ဆိုသည်။

စစ်ကောင်စီဘက်ကမူ အခရာကျသည့် မြို့များအားလုံးကို ထိန်းချုပ်ထားဆဲဖြစ်သော်လည်း မြို့အချို့မှာမူ တော်လှန်ရေးတပ်တို့၏ ရှောင်တခင်တိုက်ခိုက်ခြင်းကို ခံနေရသည်။

တော်လှန်ရေးအစပိုင်းကာလ နယ်ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အသုံးပြုခဲ့သော လမ်းပေါ်သွားနေသည့် စစ်ကောင်စီတပ်အား ခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းနည်းဗျူဟာမှာ လက်ရှိတွင် မြို့ပေါ်တွင် တွေ့မြင်လာရသည်။

မြို့နားကတိုက်ပွဲများ

တော်လှန်ရေးတပ်များ၏ စစ်ရေးဖော်ဆောင်မှုမှာ ကျေးလက်မှသည် မြို့ပြဆီသို့ ချည်းကပ်လာနေပြီဖြစ်သည်။

တနင်္သာရီတိုင်း မြို့တော်ထားဝယ်၏ အဝင်ထွက် စစ်ဆေးရေးဂိတ်များမှာ အများဆုံးတိုက်ခိုက်ခံနေရသည့် အထဲပါဝင်သည်။

အနီးစပ်ဆုံးမှာ မေလ ၁၃ ရက်နေ့က ထားဝယ်မြို့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့တို့က လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

ယင်းအပြင် မေလ ၁၂ ရက် ညသန်းခေါင်အချိန် မြို့တွင်းကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကား ကမ်းနားလမ်းအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင်မူ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး နယ်ကျေးရွာတို့တွင် တိုက်ပွဲမရှိသလောက်နည်းပါးလာပြီး လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များမှာမူ အကြိမ်ကြိမ်တိုက်ခိုက်ခံလာရသည်။

မေလ ၉ ရက်နေ့က တိုက်ခိုက်သည့် လောင်းလုံးတိုက်ပွဲတွင်မူ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု၍ ပြန်လည်ခုခံခဲ့ရသည်။

ယင်းအပြင် ထားဝယ်မြို့ရှိ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) သည်ပင် တော်လှန်ရေးတပ်တို့၏ ဒရုန်းစစ်ဆင်ရေးပစ်မှတ်ဖြစ်လာသည်။

ဒေသတွင်းအခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေး ဒရုန်းအဖွဲ့များ စုပေါင်းပြီး မေလ ၁၆ ရက်နေ့တွင် စကခ ၈ ဌာနချုပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထားဝယ်မြို့နှင့် ကပ်လျက်တွင်ရှိသည့် သပြေချောင်းရွာအခြေစိုက် စကခ ၈ သည် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၀ ရင်းနှင့် အမြောက်တပ်ရင်းများကို စီမံကွပ်ကဲရသည့် ဌာနချုပ်ဖြစ်ပြီး စစ်ကောင်စီအရာအရှိများလည်း နေထိုင်ကြသည်။

ထားဝယ်မြို့အခြေအနေ

ထားဝယ်-ထီးခီးသွားလမ်းပေါ်ရှိ ထားဝယ်မြို့နှင့် မိုင် ၃၀ ကျော်သာဝေးသော မေတ္တာစစ်ကောင်စီဗျူဟာ ပိတ်ဆို့ခံထားရခြင်း၊ ထားဝယ်- မြိတ်- ကော့သောင်းသွား ပြည်ထောင်စုလမ်းပိုင်းဖြစ်သည့် သရက်ချောင်းမြို့နယ် ပဲဒက်စခန်း၊ ဘုတ်ပြင်းနှင့် တနင်္သာရီမြို့နယ်ကြားက ၁၀၂၀ ‌စခန်းအသိမ်းခံလိုက်ရခြင်းမှာ ထားဝယ်မြို့ကို ပိုမိုခြိမ်းခြောက် လာနိုင်စေခဲ့သည်။

တစ်ဖက်တွင်ရှိသည့် ရေး- ထားဝယ်လမ်းပိုင်းကိုလည်း အခြားတော်လှန်ရေးအုပ်စုတို့က ထိန်းချုပ်ထားသည်ဖြစ်ရာ အရေးအကြောင်းဆိုပါက စစ်ကောင်စီ၏ ထားဝယ်မြို့စောင့်တပ်မှာ မြေပြင်စစ်ကူ အလွယ်တကူမရနိုင်သည့် အနေအထားဖြစ်သည်။

ထိုကဲ့သို့ စစ်ကူမလာနိုင်သည့် အခြေဆိုက်လာပါက ထားဝယ်မြို့အနီးဝန်းကျင်သည်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရခြေရှိနိုင်သည်။

ယင်းနည်းအတူ လောင်းလုံးအပါအဝင် အခြားမြို့များမှာလည်း အလားတူပင်လေကြောင်း တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်ပိုများလာနေသည်။

တနင်္သာရီတိုင်းတွင် ၂၀၂၅ ခုနှစ်တွင် ယခုထက်စစ်ရေးပိုမိုပြင်းထန်လာနိုင်ကြောင်း KNU တပ်မဟာ ၄ KNLA တပ်ရင်း(၁၂)နှင့် KNU တပ်မဟာ ၆ KNLA တပ်ရင်း(၂၇)၏ တွဲဖက် တပ်ရင်းမှူးစောမူးဂေက ပြောဆိုသည်။

ယင်းနည်းအတူပင် ‌အမှတ် ၃ စစ်ဒေသခွဲ တောင်ပိုင်းတိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်ဂျူပီတာကလည်း စခန်းသိမ်းတိုက်ပွဲများဆင်နွှဲပြီးပါက မြို့သိမ်းတိုက်ပွဲများ ဖြစ်လာတော့မည်ဖြစ်ကြောင်း ပြောဆိုသည်။

လက်ရှိတွင် မြို့နှင့် အလှမ်းမဝေးသည့် နေရာသို့ တော်လှန်ရေးတပ်များ ရောက်ရှိလာနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မကြာခင်မှာ ကျွန်တော်တို့ (တော်လှန်ရေးတပ်တွေ) မြို့ပေါ်ကို ရောက်လာတော့မယ်” ဟု ရဲဘော်ဂျူပီတာက ‌ပြောဆိုလိုက်သည်။