ထီးခီးနယ်စပ်စခန်းအနီးက ထီးထဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဗျူဟာမှူးအပါအဝင် တပ်သားတစ်ရာခန့်သေဆုံးပြီး လက်နက်ခဲယမ်း မျိုးစုံသိမ်းဆည်းရရှိကြောင်း ကရင်အမျိုးအသားအစည်းအရုံး-KNU တပ်မဟာ(၄)ထံက သိရသည်။
ဧပြီလ ၁၂ ရက်မွန်းလွဲ ၂ နာရီတွင် ထီးထဗျူဟာစခန်းကုန်းကို စတင်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် ခုခံနေသည့်ကြားက ထီးထစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ ထီးထစခန်းကုန်းကို ပိတ်ဆို့တိုက်ခိုက်နေချိန်တွင် ဗျူဟာမှူးနှင့် တပ်သားများကို လက်နက်ချအညံ့ခံပြီး ပူးပေါင်းရန် ညှိနှိုင်းပြောဆိုသော်လည်း လက်မခံခဲ့ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
စခန်းကိုသိမ်းပိုက်ရရှိချိန်တွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာ(၁)၏ ဗျူဟာမှူးနှင့် တပ်သားအချို့ကို အရှင်ဖမ်းမိခဲ့သည်ဟု KNU တပ်မဟာ(၄)၏ စစ်ရေးမှတ်တမ်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ဆက်လက်အရေးယူဆောင်ရွက်ရန် စစ်ဆေးမေးမြန်းနေစဉ် ဗျူဟာမှူးက မချေမငံပြန်လည်ပြောဆိုပြီး မတ်တပ်ထရပ်လိုက်ရာ အနီးတွင် လုံခြုံရေးယူထားသည့် ပူးပေါင်းတပ်က ရဲဘော်များမှ လုံခြုံရေးအရ လက်ဦးမှုယူကာ ပစ်ခတ်ခဲ့သဖြင့် ဗျူဟာမှူး သေဆုံးခဲ့သည်ဟု ဆိုသည်။
ရုန့်ရင်းဆန်ခတ်ဖြစ်သွားသည့် အခြေအနေတွင် ကျန်သည့် စစ်ကောင်စီတပ်သားများလည်း ထွက်ပြေးကြသဖြင့် ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့ရသလို စစ်ကောင်စီတပ်၏ ဝေဟင်က လေကြောင်း ပစ်ခတ်မှုကြောင့်လည်း ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ကြသည်ဟု အဆိုပါစစ်ရေးမှတ်တမ်းတွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ဘက်ကတော့ အနည်းငယ်ဒဏ်ရာရတယ်။ တစ်ယောက်တော့ဆုံးသွားတယ်။ စကစဘက်ကတော့ တစ်ဖွဲ့လုံးသေတယ်ပေါ့နော်၊ ဘာလို့လဲဆိုတော့ လက်နက်ချခိုင်းတာမချဘူး၊ အကြိမ်ကြိမ်ပြောတယ် လက်နက်ချခိုင်းတာမချဘူး ခေါင်းမာတယ်” ဟု ပဒိုစောအယ်နားက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တနင်္သာရီတိုင်းတွင်းရှိ လေယာဉ်၊ ရဟတ်ယာဉ်များသာမက မော်လမြိုင်လေတပ်က ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များပါ သုံးပြီး ထီးထဗျူဟာစခန်းကုန်းကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့သလို မော်လမြိုင်လေတပ်ကလာသည့် ရဟတ်ယာဉ်သုံးစင်းဖြင့် စစ်ကူအင်အား ၆၀ ခန့်ကို ထီးခီးနယ်စပ်သို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းကဆိုသည်။
ယင်းစစ်ကူများကို ထီးထဗျူဟာစခန်းကုန်းတွင် ချရန်လုပ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များက ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့သဖြင့် စစ်ကူများကို ထီးခီးနယ်စပ်တွင်ချခဲ့ရ ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
စခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမ နှစ်လက်၊ ၆၀ မမ၊ ၄၀ မမ၊ ၃၀ မမ၊ RPG၊ စက်လက်နက်မျိုးစုံနှင့် ခဲယမ်းများစွာသိမ်းဆည်းရမိသည်ဟု ပဒိုစောအယ်နားက ပြောသည်။
၁၉၇၄ ခုနှစ်ခန့်ကနေ ၁၉၉၇ ခုနှစ်ခန့်အထိ KNU တပ်မဟာ(၄) ခရိုင်ဌာနချုပ်အခြေစိုက်ခဲ့သည့် ထီးထဗျူဟာစခန်းကုန်းသည် တပ်မဟာမှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ ဒုတပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒါးကျော်လက်ထက် ၁၉၉၇ ခုနှစ်တွင် KNU ကလက်လွတ်ခဲ့ရသည့် စခန်းဖြစ်သည်။
၂၈ နှစ်ကြာ လက်လွတ်ဆုံးရှုံးထားရသည့် အဆိုပါ စခန်းကုန်းကို ဗိုလ်မှူးချုပ် အော်လီဗာ၏ သား ယခုလက်ရှိ KNU တပ်မဟာ(၄) တပ်မဟာမှူး စောဖိုးလေးဦးဆောင်သည့် KNLA နှင့် PDF ပူးပေါင်းတပ်များက ဧပြီလ ၁၉ ရက်တွင် ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၄) အုပ်ချုပ်ရေးအဖွဲ့က စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ထီးထဗျူဟာစခန်းကုန်းသည် ထိုင်း-မြန်မာ ထီးခီးနယ်စပ်စခန်းနှင့် ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးထိန်းချုပ်ရန် အရေးပါသည့်စခန်းတစ်ခုဖြစ်သည်။
ဧပြီလ ၂၀ ရက် ယနေ့မနက်တွင်လည်း စစ်ကောင်စီတပ်က ထီးထဗျူဟာစခန်းကုန်း အနီးပတ်ဝန်းကျင်ကို လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ပဒိုစောအယ်နားက ပြောသည်။
ထီးခီးနယ်စပ်စခန်းကို စစ်ကူပို့လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ ယနေ့အထိ နှစ်ဖက်ပစ်ခတ်မှုများ ဆက်ဖြစ်နေပြီး ထီးထဗျူဟာစခန်းကုန်းကို ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေသည်ဟု ပူးပေါင်းတပ်တွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ထီးထဗျူဟာစခန်းကုန်းသိမ်းတိုက်ပွဲကို KNU တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖိုးလေးဦးဆောင်သည့် ကရင်လွတ်မြောက်ရေးတပ်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO၊ Force For Federal Democracy-FFD၊ Karen Drone Special Force၊ Dragon Square UAV၊ Tavoy People’s Liberation Force-TPLF၊ ဘုတ်ပြင်းမြို့နယ် CDM ရဲတပ်ဖွဲ့၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း-T1နှင့် ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း-T5 တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။