BREAKING
April 20, 2025

ရေဖြူ၊ မင်းသားအုပ်စုတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ရွာများကိုလက်နက်ကြီးဖြင့်ပစ်

April 20, 2025

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ် ၊ မင်းသားကျေးရွာအုပ်စုတွင် ယနေ့ (ဧပြီ ၂၀) နံနက်ပိုင်းကစ၍ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

မင်းသားရွာအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ပစ်ခတ်မှုများဖြစ်နေခြင်းဖြစ်ပြီး နံနက် ၈ နာရီခန့်မှ နေ့လယ် ၁ နာရီဝန်းကျင်အထိ နှစ်ဖက်ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများထံမှသိရသည်။

နေ့လယ် ၁၂ ဝန်းကျင်တွင် မင်းသားရွာအုပ်စု ပတ်ဝန်းကျင်ရှိ ရေဖြူမြို့နယ် ဆင်ကူးရွာနှင့် ရာဖူးရွာများဘက်သို့ မောရဝတီရေတပ်နှင့် ခလရ ၂၈၂ စစ်ကောင်စီ တပ်တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းကျေးရွာတွင်နေထိုင်သူများက ပြောပြသည် ။

လက်နက်ကြီး ကျည်ဆန်များမှာ ဆင်ကူးရွာ လူနေအိမ်များအနီးနှင့် ရာဖူးရွာအနောက်ဘက် ဥယျာဥ်ခြံအတွင်း ကျရောက်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း ရွာသားများထံမှ ကနဦးသိရှိရသည်။

“တိုက်ပွဲက ဖြစ်နေပါတယ် ။ အသေးစိတ်ပြောလို့မရသေးဘူး ။ စစ်တပ်ဘက်ကထိထားသလို ကိုယ့်ဘက်က(တော်လှန်ရေးအင်အားစု)လည်း ရဲဘော်အချို့ ဒဏ်ရာရထားရှိတယ် ” ဟု တိုက်ပွဲအခြေအနေသိရှိသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည် ။

ဧပြီလ ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်တွင်လည်း ကင်းထောက်လေယာဥ်တစ်စီး ဝဲ၍ ပျံသန်းသွားသည်ကို ကံပေါက်တိုက်နယ် နှင့် ရေး-ထားဝယ်ကားလမ်းနံဘေးရှိ ကျေးရွာများ မှ ဒေသခံများတွေ့ရှိလိုက်ရသည် ။

နှစ်ဘက်ထိတွေ့မှု ငြိမ်သက်သွားပြီးနောက် မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများသည် ရေလမ်းဖြင့် မင်းသားရွာသို့ ရောက်လာပြီး နေရာယူထားကြောင်း မင်းသားရွာ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများကဆိုသည် ။

” စစ်တပ်က တိုက်ပွဲငြိမ်သွားတာနဲ့ ပြန်ဝင်လာပြီး ရွာသားတွေကို ပေးမထွက်ခိုင်းဘူး ။ ပြေးသွားတဲ့လူတွေကိုလည်း ပြန်ခေါ်ခိုင်းနေတယ် ။ လောလောဆယ်ကတော့ မင်းသားမှာ စစ်တပ်ရှိနေတယ်” ဟု မင်းသာရွာ အနီး ပတ်ဝန်းကျင်ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။

တိုက်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်သည့် အနေအထားတွင် ရှိသဖြင့် မင်းသားရွာ ပတ်ဝန်းကျင်ကျေးရွာများ နှင့် ရေး-ထားဝယ်ကားလမ်းနံဘေးရှိကျေးရွာများမှ ဒေသခံများ က အခြေအနေ စောင့်ကြည့်နေကြကြောင်း ဒေသခံများထံမှသိရသည် ။

ရေး-ထားဝယ်ကားလမ်းပိုင်းတွင်မူ ယနေ့ ညနေပိုင်းအထိ ယာဥ်များပုံမှန်အတိုင်း သွားလာနေဆဲဖြစ်ကြောင်း လမ်းပိုင်းအသုံးပြုသည့် ယာဥ်မောင်းများကပြောသည် ။

၂၀၂၄ မတ်လ ကလည်း မင်းသားရွာ ပျူစောထီး စခန်းကုန်းကို မွန်နှင့်တနင်္သာရီ တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက် ကာ မီးရှို့ဖျက်ဆီးပြီးနောက် လပိုင်းအကြာတွင် မင်းသားရွာ၌ စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများက ပြန်လည်နေရာယူထားကြောင်း မင်းသားရွာ ဒေသခံများထံမှသိရသည်။