တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးတွင် ရိက္ခာလာပို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဧပြီလ ၁၉ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့က ပြောသည်။
ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာသည့် ကား လေးစီးပါ စစ်ကောင်စီ ရိက္ခာ ပို့ယာဥ်တန်းကို ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဦးစီးသည့် တနင်္သာရီ (ပကဖ) တိုက်ခိုက်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“ကားလေးစီးကို မိုင်းဆွဲတိုက်ခိုက်တာ ကားတစ်စီးတော့ ငြိမ်သွားတယ်။ အခုအထိလည်း ထိသွားတဲ့ကားက ဆက်မသွား သေးဘူး” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။
မိုင်းဆွဲခံရစဉ် ထိခိုက်သွားသည့် ကားတစ်စီးသည် ညောင်ပင်ကုန်းရွာတွင် ရပ်နားထားပြီး ယာဥ်မောင်းသူလည်း ဒဏ်ရာရ ထားသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ခဲ့သည့် အသက် ၂၄နှစ်အရွယ် ခရီးသွားအမျိုးသားတစ်ဦးက ဆိုသည်။
“အခုလက်ရှိက ဆက်မသွားသေးဘဲ ညောင်ပင်ကုန်းရွာ မိုင်းဆွဲခံရတဲ့နားမှာပဲ ကားရောလူရော အားလုံးရှိနေတယ်။ ကားတွေမှာက ရိက္ခာတွေပဲ များတယ်” ဟု ၎င်းက ဧပြီလ ၁၉ ရက်နေ့တွင် ပြောဆိုသည်။
မိုင်းဆွဲခံရသည့် စစ်ကားများမှာ စစ်စိမ်းရောင်အစား အရပ်သားကား အသွင်ယူရန် အဖြူရောင်နှင့် အစိမ်းနုရောင် ဆေးရောင်ခြယ်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့က ပြောဆိုကြသည်။

မြိတ်မြို့မှ ထွက်ခွာလာသည့် အဆိုပါကားလေးစီးမှာ တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းသို့ ရောက်ချိန် တွင် ကားပေါ်လိုက်ပါလာသည့် စစ်ကောင်စီတပ်သား ၂၀ ကျော်က ခြေလျင်ချီတက်လာခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ထိုကြောင့် မိုင်းဆွဲခံရချိန်တွင် အထက်ပါကားများပေါ်၌ ရိက္ခာများသာ တင်ဆောင်ပြီး မောင်းနှင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
တနင်္သာရီမြို့နယ်ရှိ ဇဝဲရွာမှာ မြိတ်မြို့နယ်အနီးတွင်တည်ရှိပြီး မြိတ်ဘက်မှ ညောင်ပင်ကုန်းရွာသို့လာပါက ဇဝဲရွာကို ဦးစွာ ရောက်ရှိမည်ဖြစ်သည်။
စစ်ကောင်စီတပ်သားများနှင့် ယာဥ်တန်းများသည် ဘန်းလမွတ်ကျေးရွာ အနီးဝန်းကျင်တွင် မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံရလေ့ ရှိသည်။