ဒေါ်နယ်ထရမ့်ရဲ့ ပေါ်လစီတွေနဲ့ ပတ်သက်လို့ အံ့အားသင့်စရာကောင်းတဲ့အချက်ဟာ လူတွေက ဒါကို အံအားသင့်နေကြတုန်း ဖြစ်နေတာပါပဲ။ ကမ္ဘာ့လစ်ဘရယ်အစီအစဉ်ရဲ့ နောက်ထပ်မဏ္ဍိုင်တစ်ခုကို ထရမ့်က တိုက်ခိုက်လိုက်တဲ့အချိန်တိုင်း သတင်းစာခေါင်းစီးတွေက ထိတ်လန့်မှုနဲ့ မယုံနိုင်မှုကို ဖော်ပြကြတယ်။ ဥပမာဆိုရင် ယူကရိန်းနယ်မြေတွေကို သူတို့ပိုင်တယ်ဆိုပြီး ရုရှားရဲ့ အပြောကို ထရမ့်က ထောက်ခံတဲ့ သတင်း၊ ဂရင်းလန်းကို အင်အားသုံးသိမ်းပိုက်ဖို့ ထရမ့်က ကြေညာတဲ့ သတင်း ဒါမှမဟုတ် သွင်းကုန်အခွန်ကြေညာပြီး ဘဏ္ဍာရေးပရမ်းပတာအခြေအနေဖြစ်အောင် ထရမ့် လုပ်လိုက်တဲ့ သတင်းတွေမှာပါ။
ဒါပေမဲ့ ထရမ့်ရဲ့ ပေါ်လစီတွေက တသမတ်တည်းပါပဲ။ သူ့ရဲ့ ကမ္ဘာ့အမြင်က အင်မတန်ကို ရှင်းပါတယ်။ ဒီကာလမှာ ထရမ့်ရဲ့ ပေါ်လစီတွေကို တအံ့တဩ ဖြစ်နေသေးတယ်ဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကိုယ် ရည်ရွယ်ချက်ရှိရှိ လှည့်စားနေလို့ပဲ ဖြစ်မှာပါ။
လစ်ဘရယ်ကမ္ဘာ့အစီအစဉ်ကို ထောက်ခံသူတွေဟာ ကမ္ဘာကြီးကို သူမသာ – ကိုယ်မနာ ဖြစ်နိုင်ချေရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကွန်ရက်အဖြစ် ရှုမြင်ကြပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်ဦးနှစ်ဘက် အပြန်အလှန်အကျိုးရှိစေတယ်၊ ဒါကြောင့် ပဋိပက္ခဆိုတာ ရှောင်လွှဲလို့မရတဲ့အရာ မဟုတ်ဘူးလို့ သူတို့က ယုံကြည်ပါတယ်။ ဒီယုံကြည်မှုမှာ နက်ရှိုင်းတဲ့ ဒဿနိကအခြေအမြစ် ရှိပါတယ်။
လူသားအားလုံးမှာ ဘုံအတွေ့အကြုံနဲ့ ဘုံအကျိုးစီးပွားရှိတယ်၊ ဒီအချက်က ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးတွေ၊ ကမ္ဘာလုံးဆိုင်ရာ အင်စတီကျူးရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေရဲ့ အခြေခံအုတ်မြစ်တွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ လစ်ဘရယ်တွေက ငြင်းချက်ထုတ်ကြပါတယ်။
ဥပမာအနေနဲ့ လူသားအားလုံးဟာ နာမကျန်းမှုကို စက်ဆုပ်ကြပြီး ကူးစက်ရောဂါတွေ ပျံ့ပွားမှုကို တားဆီးဖို့ ဘုံအကျိုးအစီးပွားတစ်ခု လူသားအားလုံးမှာ ရှိတယ်၊ နိုင်ငံအားလုံးဟာ ဆေးဘက်ဆိုင်ရာအသိပညာတွေကို အပြန်အလှန်မျှဝေကြမယ်၊ ကပ်ရောဂါတွေကို တိုက်ခိုက်ချေမှုန်းဖို့ တစ်ကမ္ဘာလုံး စုပေါင်းအားထုတ်ကြမယ်၊ ဒီလို စုပေါင်းအားထုတ်မှုတွေကို ညှိနှိုင်းဆောင်ရွက်ပေးမယ့် ကမ္ဘာ့ကျန်းမာရေး(WHO) လို အင်စတီးကျူးရှင်းတွေကို တည်ထောင်ကြမယ်၊ ဒါဆိုရင် နိုင်ငံအားလုံးဟာ ဒီလိုလုပ်တာကနေ အသီးအပွင့်အကျိုးကျေးဇူးတွေကို ခံစားရမယ်လို့ လစ်ဘရယ်တွေက ငြင်းချက်ထုတ်ပါတယ်။
အလားတူပါပဲ။ နိုင်ငံတွေအကြား အိုက်ဒီယာစီးဆင်းမှု၊ ကုန်စည်စီးဆင်းမှု၊ လူသားစီးဆင်းမှုကို ကြည့်တဲ့အခါမှာ လစ်ဘရယ်တွေဟာ ဒါကို ရှောင်လွှဲမရတဲ့ ပြိုင်ဆိုင်မှုနဲ့ အမြတ်ထုတ်အသုံးချမှုဆိုတဲ့ အမြင်နဲ့ မကြည့်ပါဘူး။ အဲဒီအစား သူတို့က ဒါကို နှစ်ဦးနှစ်ဘက် အပြန်အလှန်အကျိုးကျေးဇူးရှိတဲ့ အလားအလာအနေနဲ့ ကြည့်ပါတယ်။
ထရမ့်ရဲ့ ကမ္ဘာ့အမြင်မှာတော့ ဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကမ္ဘာကြီးကို Zero-Sum Game (သူနိုင် ကိုယ်ရှုံးကစားပွဲ) အနေနဲ့ ကြည့်ပါတယ်။ ထရမ့်ရဲ့ ကမ္ဘာ့အမြင်အရ ကမ္ဘာပေါ်က နိုင်ငံအချင်းချင်းအကြား ကူးလူးဖလှယ်မှုတိုင်းမှာ ရှုံးသူနဲ့ နိုင်သူ ရှိနေပါတယ်။ နိုင်ငံအချင်းချင်းအကြား အိုက်ဒီယာ၊ ကုန်စည်နဲ့ လူတွေရဲ့ ရွှေ့ပြောင်းမှုတိုင်းဟာ သဘာဝအရကိုပဲ သံသယဖြစ်စရာ ကောင်းနေပါတယ်။
ထရမ့်ရဲ့ ကမ္ဘာမှာတော့ နိုင်ငံတကာသဘောတူညီချက်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာဥပဒေတွေဟာ နိုင်ငံအချို့ကို အားနည်းစေပြီး အခြားနိုင်ငံတွေကို အင်အားကြီးစေဖို့ ဇာတ်ကွက်တစ်ခုပါပဲ။ ကျန်တာမဖြစ်နိုင်ပါဘူး။ ဒါမှမဟုတ်ရင်လည်း လူဆိုးဉာဉ်ရှိတဲ့ ကမ္ဘာ့ထိပ်သီး အင်အားကြီးအီလစ်နိုင်ငံတချို့ကိုကျေးဇူးပြုပြီး ကျန်နိုင်ငံအားလုံးကို အားနည်းစေတဲ့ ဇာတ်ကွက်တစ်ခုသာသာပါပဲ။
ဒါဆိုရင် ထရမ့်ပိုသဘောကျနေတဲ့ အခြားအော်တာနေးတစ်လမ်းကြောင်းက ဘာပါလိမ့်?
တကယ်လို့ ထရမ့်ဟာ သူဆန္ဒရှိသလို ကမ္ဘာကြီးကို ပြန်ပုံသွင်းနိုင်တယ်ဆိုရင် အဲဒီကမ္ဘာကြီးဟာ ဘယ်လိုပုံစံများဖြစ်နေမှာပါလိမ့်?
ထရမ့်အတွက် စံပြကမ္ဘာကြီးဟာ ခံတပ်ပေါင်းများစွာနဲ့ မှန်ကူကွက်ကမ္ဘာတစ်ခုပါပဲ။ ဒီကမ္ဘာရဲ့ နိုင်ငံအချင်းချင်းအကြားမှာ မြင့်မားတဲ့ ဘဏ္ဍာရေးတံတိုင်း၊ စစ်ရေးတံတိုင်း၊ ယဉ်ကျေးမှုတံတိုင်းနဲ့ တကယ့်အစစ်အမှန်တံတိုင်းတွေနဲ့ ကာဆီးထားပါတယ်။ နှစ်ဦးနှစ်ဘက် အကျိုးရှိနိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုအလားအလာကို ထရမ့်ရဲ့ ကမ္ဘာက စွန့်လွှတ်ထားပါတယ်။ အဲဒီလိုစွန့်လွှတ်တာက နိုင်ငံတွေအတွက် တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှု ပိုပေးစွမ်းနိုင်တယ်လို့ ထရမ့်နဲ့ သူ့လိုစိတ်တူကိုယ်တူ ပေါ်ပြူလစ်တွေက ငြင်းချက်ထုတ်ပါတယ်။
ဟုတ်ကဲ့။ ထရမ့်ရဲ့ ဒီလိုမျိုး ကမ္ဘာ့အမြင်မှာ အရေးကြီးအစိတ်အပိုင်းတစ်ခုကတော့ ပျောက်နေပါတယ်။
ခံတပ်တစ်ခုချင်းစီဟာ သူ့အိမ်နီးချင်းခံတပ်တွေကို ထိခိုက်အောင် လုပ်ပြီး သူ့အတွက် လုံခြုံမှု၊ ကြွယ်ဝမှုနဲ့ နယ်မြေပိုင်နက် နည်းနည်းဖြစ်ဖြစ် ပိုလိုချင်တတ်ကြပါတယ်။ ဒါဟာ နှစ်ထောင်နဲ့ချီတဲ့ သမိုင်းက ကျွန်တော်တို့ကို သင်ကြားပေးခဲ့ပြီးသား အချက်ပါပဲ။ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးတွေ၊ ကမ္ဘာလုံးဆိုင်ရာ အင်စတီကျူးရှင်းတွေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေမရှိဘဲနဲ့ ရန်ဘက်ခံတပ်တွေဟာ သူတို့ရဲ့ အငြင်းပွားမှုကို ဘယ်လိုဖြေရှင်းကြမှာပါလဲ?
ဒီအတွက် ထရမ့်ရဲ့ အဖြေကတော့ ရှင်းပါတယ်။ ပဋိပက္ခတွေကို တားဆီးဖို့ နည်းလမ်းကတော့ အင်အားနည်းသူဟာ အင်အားကြီးသူ တောင်းဆိုတာမှန်သမျှ လုပ်ပေးရမယ်ဆိုတာတဲ့ အဖြေပါပဲ။
ဒီအမြင်အရဆိုရင် ပဋိပက္ခတွေဟာ အင်အားနည်းသူတွေက လက်တွေ့အရှိတရားကို လက်ခံဖို့ ငြင်းဆန်တဲ့အချိန်မှာပဲ ဖြစ်ပွားပါတယ်။ ဒါကြောင့် စစ်ပွဲတွေဟာ အင်အားနည်းသူတွေရဲ့ အမှားပါပဲ။ ရုရှားရဲ့ ကျူးကျော်မှုအတွက် ထရမ့်က ယူကရိန်းကို အပြစ်တင်တဲ့အချိန်မှာ ထရမ့်တစ်ယောက် ဒီလို အဓိပ္ပါယ်မဲ့လွန်းတဲ့ အမြင်မျိုးရှိနေတာကို လူတော်တော်များများ နားမလည်နိုင် ဖြစ်ခဲ့ပါတယ်။
ရုရှားရဲ့ ဝါဒဖြန့်ချိရေးက ထရမ့်ကို လှည့်စားလိုက်ပြီလို့ အချို့က ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအတွက် ပိုရိုးစင်းတဲ့ ရှင်းပြချက်တစ်ခု ရှိပါတယ်။
ထရမ့်ရဲ့ ကမ္ဘာ့အမြင်အရ တရားမျှတမှု၊ ကိုယ်ကျင့်တရား၊ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ထည့်သွင်းစဉ်းစားတာက အဓိပ္ပါယ်မရှိပါဘူး။ နိုင်ငံတကာဆက်ဆံရေးမှာ အရေးပါတဲ့ တစ်ခုတည်းသော အရာက အင်အား(power) ပဲ ဖြစ်ပါတယ်။
ယူကရိန်းဟာ ရုရှားထက် အင်အားနည်းတာကြောင့် ယူကရိန်းဟာ အလျှော့ပေးအညံ့ခံခဲ့သင့်ပါတယ်။ ထရမ့် ရှုမြင်တဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးဆိုတာ အလျှော့ပေးခြင်းပါပဲ။ ယူကရိန်းဟာ အညံ့ခံအလျှော့ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် စစ်ပွဲဖြစ်ရတာဟာ ယူကရိန်းရဲ့ အမှား ဖြစ်ပါတယ်။ ဂရင်းလန်းကျွန်းကို သိမ်းယူဖို့ ထရမ့်ရဲ့ အစီအစဉ်ကလည်း ဒီယူဆချက်အပေါ်မှာပဲ အခြေခံပါတယ်။
ထရမ့်ရဲ့ အယူအဆအရဆိုရင် အင်အားနည်းတဲ့ ဒိန်းမတ်ဟာ သူ့ထက်အများကြီး ပိုအင်အားကြီးတဲ့ အမေရိကန်ဆီကို ဂရင်းလန်းကျွန်းကို ထိုးအပ်ဖို့ ငြင်းဆန်လို့ အမေရိကန်က ကျူးကျော်ပြီး အင်အားသုံးသိမ်းပိုက်ရင် အကြမ်းဖက်မှုနဲ့ သွေးထွက်သံယိုဖြစ်မှုအားလုံးအတွက် ဒိန်းမတ်မှာပဲ လုံးလုံးကြီး တာဝန်ရှိပါတယ်။
အရှိတရားကို လက်ခံ၊ အပေးအယူလုပ်ဆိုတဲ့နည်းနဲ့ ရန်ဘက်ခံတပ်အချင်းချင်း ပဋိပက္ခတွေကို ရှောင်လွှဲနိုင်တယ်ဆိုတဲ့ အယူအဆမှာ ကြီးမားထင်ရှားတဲ့ ပြဿနာသုံးခု ရှိပါတယ်။
ပထမပြဿနာတော့ ဒီအယူအဆဟာ ခံတပ်တွေပြည့်နေတဲ့ ကမ္ဘာမှာ လူတိုင်းဟာ ခြိမ်းခြောက်ခံနေရတယ်လို့ ခံစားရတာ ပိုနည်းမယ်၊ နိုင်ငံတိုင်းဟာ မိမိကိုယ်ပိုင်ရိုးရာဓလေ့နဲ့ စီးပွားရေး တိုးတက်အောင် ငြိမ်းချမ်းစွာ အာရုံစိုက်လုပ်ဆောင်နိုင်မယ်ဆိုတဲ့ ကတိစကားရဲ့ နောက်ကွယ်က အလိမ်အညာကို လှစ်ဟပြနေပါတယ်။
အမှန်တကယ်မှာတော့ အင်အားနည်းတဲ့ ခံတပ်တွေဟာ သူတို့ကို ပိုအင်အားကြီးတဲ့ အိမ်နီးချင်းခံတပ်တွေက ဝါးမြိုနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နိုင်ငံတစ်ခုရဲ့ ခံတပ်အဖြစ်ကနေ နိုင်ငံစုံပါဝင်တဲ့ ပြန့်ကားတဲ့ အင်ပါယာကြီးထဲ ပြောင်းလဲဝင်ရောက်သွားမှာပါ။
ထရမ့်ကိုယ်တိုင်ကလည်း သူ့ရဲ့ နယ်ချဲ့ရေးအစီအစဉ်တွေနဲ့ ပတ်သက်လို့ အင်မတန် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
အမေရိကန်ပိုင်နက်နဲ့ အရင်းအမြစ်တွေကို ကာကွယ်ဖို့ တံတိုင်းတွေ တည်ဆောက်ရင်းနဲ့ ထရမ့်ဟာ သူများနိုင်ငံတွေနဲ့ ပိုင်နက်နဲ့ အရင်းအမြစ်တွေကို မုဆိုးမျက်လုံးနဲ့ မျက်စပစ်လာတယ်။ သူ ဒီလို မျက်စပစ်တဲ့အထဲမှာ မဟာမိတ်ဟောင်းတွေရဲ့ ပိုင်နက်နဲ့ အရင်းအမြစ်တွေပါ ပါပါတယ်။ ဒိန်းမတ်ဟာ ဒီနေရာမှာလည်း အထင်ရှားဆုံး ဥပမာပါပဲ။ ဒိန်းမတ်ဟာ ဆယ်စုနှစ်များစွာတိုင်အောင် အမေရိကန်ရဲ့ အယုံကြည်ရဆုံး မဟာမိတ်နိုင်ငံတွေထဲကတစ်ခုအဖြစ် ရှိခဲ့ပါတယ်။

၉/၁၁ တိုက်ခိုက်မှုအပြီးမှာ ဒိန်းမတ်ဟာ နေတိုးစာချုပ်ပါ သူ့ရဲ့ တာဝန်တွေကို စိတ်အားထက်ထက်သန်သန် ဖြည့်ဆည်းခဲ့ပါတယ်။ အာဖဂန်နစ္စတန်မှာ ဒိန်းမတ်စစ်သား ၄၄ ယောက် ကျဆုံးခဲ့ပါတယ်။ နိုင်ငံနှစ်ခုရဲ့ လူဦးရေအချိုးအစားနဲ့ နှိုင်းယှဉ်ကြည့်ရင် အာဖဂန်နစ္စတန်မှာ ဒိန်းမတ်စစ်သားတွေရဲ့ ကျဆုံးမှုနှုန်းဟာ အမေရိကန်ထက် ပိုမြင့်မားခဲ့ပါတယ်။ ထရမ့်က “ကျေးဇူးပါ” လို့တောင် မပြောခဲ့ပါဘူး။ အဲဒီအစား ထရမ့်က သူ့ရဲ့ နယ်ချဲ့ဝါဒီရည်မှန်းချက်တွေကို ဒိန်းမတ်က လိုက်လျှောအညံ့ခံဖို့ မျှော်လင့်လိုက်ပါသေးတယ်။
ထရမ့်က မဟာမိတ်နိုင်ငံတွေထက် ဩဇာခံနိုင်ငံတွေ ပိုလိုချင်တယ်ဆိုတာ ရှင်းနေပါတယ်။
ဒုတိယပြဿနာကတော့ ဘယ်ခံတပ်ကမှ အင်အားနည်းနေလို့မရတဲ့အတွက် ခံတပ်အားလုံးဟာ သူတို့ကိုယ်သူတို့ စစ်ရေးအရ အင်အားကြီးထွားလာအောင် လုပ်ရမယ်ဆိုတဲ့ ဧရာမဖိအားအောက်ကို ရောက်လာမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အရင်းအမြစ်တွေကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုဖုံလုံရေးအစီအစဉ်တွေဆီကနေ ကာကွယ်ရေးဘက်မှာ ရွှေ့ပြောင်းသုံးစွဲလာရမှာ ဖြစ်ပါတယ်။
အကျိုးဆက်အနေနဲ့ ပေါ်ပေါက်လာတဲ့ လက်နက်အပြိုင် တပ်ဆင်မှုတွေက ဘယ်သူ့ကိုမှ ပိုလုံခြုံမှုရှိလာတယ်လို့ ခံစားရအောင် မလုပ်ပေးဘဲနဲ့ လူတိုင်းရဲ့ ကြွယ်ဝမှုကို လျော့ကျသွားစေမှာ ဖြစ်ပါတယ်။
တတိယပြဿနာကတော့ ထရမ့်ရဲ့ ကမ္ဘာ့အမြင်မှာ အင်အားနည်းသူဟာ အင်အားကြီးသူထံမှာ အလျှော့ပေးအညံ့ခံရမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဘယ်နိုင်ငံက ပိုအင်အားကြီးလဲဆိုတာကို ဆုံးဖြတ်ဖို့ ရှင်းလင်းတဲ့ နည်းလမ်းကိုတော့ ထရမ့်ရဲ့ ကမ္ဘာ့အမြင်က မပံ့ပိုးပေးထားပါဘူး။ တကယ်လို့ သမိုင်းမှာ မကြာခဏ ဖြစ်လေ့ဖြစ်ထရှိသလို နိုင်ငံတွေ မှားယွင်းတွက်ချက်မိကြတဲ့အခါ ဘာဖြစ်ကြမလဲ?
၁၉၆၅ ခုနှစ်မှာ အမေရိကန်တွေက သူတို့ဟာ မြောက်ဗီယက်နမ်ထက် ပိုအင်အားကြီးတယ်၊ ဖိအားလုံလုံလောက်လောက် ပေးနိုင်ခဲ့ရင် ဟနွိုင်းမှာရှိတဲ့ အစိုးရကို သူတို့ အမေရိကန်တွေနဲ့ သဘောတူညီချက်ယူလာအောင် လုပ်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။
ဒါပေမဲ့ မြောက်ဗီယက်နမ်သားတွေဟာ အမေရိကန်ရဲ့ သာလွန်အင်အားကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ ဧရာမအခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြပြီး စစ်ကို အနိုင်တိုက်ခဲ့ကြတယ်။
အမေရိကန်တွေအဖို့ သူတို့က ပိုအားနည်းခဲ့တယ်ဆိုတာကို ဘယ်လိုနည်းလမ်းနဲ့ တင်ကြိုသိနိုင်ခဲ့မှာပါလိမ့်?
အလားတူပါပဲ။ ၁၉၁၄ ခုနှစ်မှာ ဂျာမဏီနဲ့ ရုရှား နှစ်နိုင်ငံစလုံးက ခရစ္စမတ်မတိုင်ခင် သူတို့စစ်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ သူတို့ တွက်တာ မှားခဲ့တယ်။ စစ်ပွဲက လူတိုင်း တွက်ထားတာထက် ပိုကြာခဲ့တယ်။ ဘယ်သူမှ ကြိုမမြင်နိုင်ခဲ့တဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေ ပါဝင်လာခဲ့တယ်။
၁၉၁၇ မှာ စစ်ရှံ;သွားတဲ့ ဇာဘုရင့်အင်ပါယာကို တော်လှန်ရေးက ဝါးမြိုလိုက်ပါတယ်။
ဒါပေမဲ့ ဂျာမဏီကလည်း စစ်နိုင်သူ ဖြစ်မလာခဲ့ပါဘူး။ ကြိုတင်ခန့်မှန်းလို့မရခဲ့တဲ့ အမေရိကန်ရဲ့ ကြားဝင်စွက်ဖက်မှုကြောင့်ပါပဲ။ ဒါဆိုရင် ၁၉၁၄ မှာ ဂျာမဏီဟာ အပေးအယူလုပ်ပြီး သဘောတူညီမှု ယူခဲ့သင့်ပါသလား? ဒါမှမဟုတ် အရှိတရားကို အသိအမှတ်ပြုပြီး ဂျာမဏီရဲ့ တောင်းဆိုချက်တွေကို အညံ့ခံလိုက်လျော့ခဲ့သင့်တာက ဇာဘုရင်လား? လက်ရှိဖြစ်နေတဲ့ တရုတ်နဲ့ အမေရိကန်ကြားက ကုန်သွယ်ရေးစစ်ပွဲမှာ ဘယ်သူက ချင့်ချင့်ချိန်ချိန် လုပ်ပြီး တင်ကြိုအလျှော့ပေးအညံ့ခံမှုကို လုပ်သင့်ပါသလဲ?
ကမ္ဘာကြီးကို ဒီလိုမျိုး နိုင်သူအကုန်ယူ – ရှုံးသူအကုန်ဆုံး( Zero-sum) အမြင်တွေနဲ့ ကြည့်မယ့်အစား နှစ်ဦးနှစ်ဘက် ကြွယ်ဝချမ်းသာမှုအတွက် လက်တွဲလုပ်ဆောင်တာက နိုင်ငံအားလုံးအတွက် ပိုကောင်းတယ်လို့ ခင်ဗျားအနေနဲ့ တုံ့ပြန်ကောင်း တုံ့ပြန်ပါလိမ့်မယ်။
ဒါပေမဲ့ ခင်ဗျား ဒီလိုမျိုး စဉ်းစားတယ်ဆိုရင် ထရမ့်ဗားရှင်း ကမ္ဘာ့အမြင်ရဲ့ အခြေခံတွေကို ခင်ဗျား ငြင်းဆန်လိုက်တာပါပဲ။ ထရမ့်ဗားရှင်း ကမ္ဘာကြီးဟာ အခုမှ ပေါ်လာတဲ့ အသစ်အဆန်းတစ်ခု မဟုတ်ပါဘူး။ လစ်ဘရယ်ကမ္ဘာ့အစီအစဉ် နေထွက်မလာခင်က ထရမ့်ဗားရှင်း ကမ္ဘာကြီးက နှစ်ထောင်ပေါင်းများ လွှမ်းမိုးနေခဲ့တာပါ။
ထရမ့်ရဲ့ ဖော်မြူလာဟာ အကြိမ်ပေါင်းမြောက်များစွာ စမ်းသပ်ခံခဲ့ရပြီးပါပြီ။ ထရမ့်ဗားရှင်း ကမ္ဘာကြီးဟာ ဘယ်ကို ဦးတည်သွားစေတတ်သလဲဆိုတာကို ကျွန်တော်တို့ သိပြီးသားပါပဲ။
ဘယ်တော့မှ အဆုံးမသတ်တဲ့ အင်ပါယာချဲ့ထွင်တည်ဆောက်မှုနဲ့ စစ်ပွဲဆိုတဲ့ သံသရာပါပဲ။
ပိုဆိုးတာက ၂၁ ရာစုမှာ ရန်ဘက်ခံတပ်တွေဟာ စစ်ပွဲဆိုတဲ့ ခြိမ်းခြောက်မှုအဟောင်းနဲ့ပဲ ရင်ဆိုင်ရမှာမဟုတ်ပါဘူး။ ရာသီဥတုဖောက်ပြန်မှုနဲ့ အင်မတန်ဉာဏ်ရည်ထက်မြက်တဲ့ AI ရဲ့ တန်ခိုးထွားလာမှုရဲ့ စိန်ခေါ်မှုအသစ်တွေနဲ့လည်း ရင်ဆိုင်ရမှာပါ။ အားကောင်းထိရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် ဒီလိုမျိုး ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ဖို့ နည်းလမ်းမရှိပါဘူး။
ထရမ့်မှာ ရာသီဥတုဖောက်ပြန်မှုအတွက်ရော၊ ထိန်းချုပ်မရတဲ့ အေအိုင်အတွက်ရော အလုပ်ဖြစ်နိုင်စရာ အဖြေမရှိပါဘူး။ ဒီပြဿနာတွေ ရှိနေပါလားဆိုတာကို ဒီအတိုင်း ငြင်းဆန်လိုက်တာကိုက ထရမ့်ရဲ့ ဗျူဟာပါပဲ။ အမေရိကန်သမ္မတအဖြစ် ထရမ့်ကို ပထမဆုံး ရွေးကောက်တင်မြှောက်လိုက်တဲ့ ၂၀၁၆ ခုနှစ်မှာ လစ်ဘရယ်ကမ္ဘာ့အခင်းအကျင်းတည်ငြိမ်ရေး စိုးရိမ်ပူပန်မှုတွေဟာ စုပြုံတိုးပွားလာခဲ့ပါတယ်။
ရှုပ်ထွေးမှုနဲ့ မရေရာမှုရဲ့ ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းအပြီးမှာတော့ လစ်ဘရယ်ခေတ်လွန် ပရမ်းပတာကမ္ဘာကြီးရဲ့ ရှင်းလင်းပြတ်သားတဲ့ ပုံကားချပ်တစ်ခု ကျွန်တော်တို့မှာ ရှိနေကြပါပြီ။
ကမ္ဘာကြီးကို ပူးပေါင်းဆောင်ရွက်မှုကွန်ရက်အဖြစ် ရှုမြင်တဲ့ လစ်ဘရယ်ဗားရှင်းကမ္ဘာကြီးဟာ ခံတပ်တွေ စုဝေးတည်ဆောက်ထားတဲ့ ကမ္ဘာဗားရှင်းနဲ့ အစားထိုးခံလိုက်ရပါပြီ။ ဒီလိုကမ္ဘာ့ဗားရှင်းဟာ ကျွန်တော်တို့အားလုံးရဲ့ အနီးအနားမှာ အကောင်အထည်ပေါ်လာနေပါတယ်။
တံတိုင်းတွေ မြင့်တက်လာနေပါပြီ။ ရဲတိုက်ရှေ့က နင်းကြမ်းတံတားတွေ ဆွဲတင်ခံနေရပါပြီ။ ဒါကိုသာ ရှေ့ဆက်အကောင်အထည်ဖော်သွားကြရင် ဖြစ်လာမယ့် ရေတိုအကျိုးဆက်ကတော့ ကုန်သွယ်ရေးစစ်ပွဲ၊ လက်နက်အပြိုင်တပ်ဆင်မှုနဲ့ နယ်မြေချဲ့ထွင်မှုပါပဲ။ အန္တိမအကျိုးဆက်တွေကတော့ ဂလိုဘယ်စစ်ပွဲ၊ ဂေဟစနစ် ပြိုလဲမှုနဲ့ ဉာဏ်ရည်တုအေအိုင် ထိန်းမနိုင် သိမ်းမရ ဖြစ်လာမှုတို့ပါပဲ။
ဒီလို ဖြစ်ပေါ်ပြောင်းလဲမှုတွေကြောင့် ကျွန်တော်တို့ ဝမ်းနည်းနိုင်ပါတယ်။ ဒေါသထွက်နိုင်ပါတယ်။ ပြီးတော့ ဒါတွေကို ပြောင်းပြန်လှန်ပစ်ဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်နိုင်ပါတယ်။
ဒါပေမဲ့ ဒါတွေကို အံ့အားသင့်နေစရာ အကြောင်းကတော့ မရှိတော့ပါဘူး။
ထရမ့်ဗားရှင်းကမ္ဘာကြီးကို ကာကွယ်ဖို့ ဆန္ဒရှိနေသူတွေအနေနဲ့ မေးခွန်းတစ်ခုကို ဖြေပေးသင့်ပါတယ်။
“တကယ်လို့ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးတွေ သို့မဟုတ် ဥပဒေကြောင်းအရ စည်းနှောင်မှုရှိတဲ့ နိုင်ငံတကာဥပဒေတွေသာ မရှိရင် ရန်ဘက်အမျိုးသားနိုင်ငံခံတပ်တွေဟာ သူတို့ရဲ့ စီးပွားရေးနဲ့ နယ်မြေဆိုင်ရာ အငြင်းပွားမှုတွေကို ဘယ်လိုလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မှာပါလိမ့်?
ဈာန်ဟိန်း
(Financial Times ပါ Yuval Noah Harari ၏ Trump’s World of Rival Fortresses ဆောင်းပါးကို ဆီလျော်စွာ ဘာသာပြန်ဆိုသည်)