မြိတ်မြို့ မြိတ်တောင်ရပ်၊ မြို့မ (၂) ရပ်ကွက် မြခွာညိုလမ်းရှိ နှစ်ထပ်နေအိမ်တစ်လုံး ယနေ နံနက် ၁၀ နာရီဝန်းကျင် တွင် မီးလောင်ပျက်စီးကြောင်း မြို့ခံများနှင့် ပရဟိတအသင်းဖွဲ့များထံမှ သိရသည်။
“အိမ်တစ်ဆောင်ပဲ လောင်ပါတယ်။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး” ဟု မြို့ခံပရဟိအသင်း၏ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
နေအိမ်အပေါ်ထပ်တွင် ဘုရားမီးပူဇော်ထားသည့် လျှစ်စစ်မီးအပူလွန်ကဲရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းမီးသတ်ဦးစီးဌာနကထုတ်ပြန်ထားသည်။
မီးလောင်မှုနှင့် ပတ်သက်၍ မြိတ်ခရိုင်မီးသတ်ဦးစီးဌာန တာဝန်ရှိသူကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားရန် ငြင်းဆိုခဲ့သည်။





မြိတ်ခရိုင်ထဲတွင် ယခုနှစ် ဇန်နဝါရီလစပြီး လေးလတာအတွင်း မီးလောင်မှု ၁၄ ကြိမ်ရှိလာပြီး နာရေးကူညီမှုအသင်း ရုံးခန်းတစ်ခုလည်း မီလောင်းပျက်စီးခဲ့သည်။
ယင်းအပြင် အပူလွန်ကဲသောကြောင့် အမှိုက်ပုံနှင့် တောမီးလောင်မှုများလည်း မကြာခဏဖြစ်ပေါ်လျှက်ရှိသည်။