BREAKING
January 18, 2025

အစစ်ဆေးမခံဘဲ မောင်းပြေးသည်ဆိုကာ ကားတစ်စီးပစ်ခတ်ခံရ၊ နယ်ထိန်းသမီးနှင့် မိခင်အပါအဝင်သုံးဦးသေဆုံး

April 20, 2023

ထားဝယ်မြို့နယ် သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ မောင်းပြေးသည်ဟုဆိုကာ ကားတစ်စီးပစ်ခတ်ခံရပြီး နယ်ထိန်း ဒုရဲအုပ် သက်ဇော်ထွန်း၏ သမီးနှင့် မိခင်အပါအဝင် သုံးဦးသေဆုံးကြောင်း စုံစမ်းသိရသည်။

နယ်ထိန်း ဒုရဲအုပ် သက်ဇော်ထွန်းမှာ ထားဝယ်မြို့နယ် ကျောက်မဲတောင်နယ်မြေရဲစခန်းက နယ်ထိန်းဖြစ်သည်ဟု ဆိုသည်။

ထားဝယ်တွင် နေထိုင်သည့် နယ်ထိန်း၏ မိခင်နှင့် သမီးဖြစ်သူကိုသွားကြိုပြီးအပြန် သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၁၉ ရက် နံနက်ပိုင်းက ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါကားမှာ အသွားခရီးတွင် စစ်ဆေးခံခဲ့ပြီး အမျိုးသားနှစ်ဦး လိုက်ပါလာခဲ့ကြောင်း ဥဩစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဥဩစစ်ကြောင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခြောက်ခုဖြင့် ဖွဲ့စည်းထားသည်။

အပြန်တွင်မူ ကားကို စစ်ဆေးရန် လမ်းဘေးချရပ်ခိုင်းရာ မောင်းပြေးသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကားမောင်ပြေးတယ်ဆိုတော့ အဲဒီမှာ ပစ်တာ။ ပြီးမှစုံစမ်းလိုက်တဲ့အချိန်မှာ ကားက ကျောက်မဲတောင်စခန်းက ဒုရဲအုပ်ကားဖြစ်နေတယ်။ နယ်ထိန်းကားဖြစ်နေတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ကားတွင် နယ်ထိန်း၏ မိခင်နှင့် သမီးဖြစ်သူတို့ လိုက်ပါလာသည်ကို မသိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ကျည်ထိမှန်သေဆုံးသူတို့မှာ နယ်ထိန်း၏ သမီးနှင့် မိခင်တို့ဖြစ်သည်ကို သိရှိရခြင်းဖြစ်ပြီး နယ်ထိန်း၏ မိခင်ဖြစ်သူကို ဆေးကုသပေးခဲ့သော်လည်း အသက်မမီလိုက်ဘဲ သေဆုံးသွားခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ယင်းဖြစ်စဉ်တွင် ကားပေါ်လိုက်ပါလာသည့် ကိုချစ်ကိုဆိုသည့် အမျိုးသားတစ်ဦးလည်း ကျည်ထိမှန် သေဆုံးပြီး ကားမောင်းသူ ကိုထွန်းမောင်ဆိုသူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။